ဇွန်ပွင့်

Zun Pwint – Essay

ဖေဖေ့အကြောင်း 
ဇွန်ပွင့်
သြဂုတ် ၁၄၊ ၂၀၁၃

 

(၂၀)
ကာတွန်းဆရာဖြစ်လာမယ့် ဖေဖေ့ရဲ့ ငယ်စဉ်ဘ၀ မှတ်မှတ်ရရအကြောင်းအရာတွေကို တစ်ခါတလေ ပြောပြလေ့ရှိပါတယ်။  
ဖေဖေ နှစ်သားအရွယ်ကပါ။ ကလေးက ထွေးခံကို ကြမ်းမှာ ခေါက်လိုက်၊ လှိမ့်လိုက်နဲ့ ဆော့ နေပါတယ်။ နောက် ကလေးသံ တစ်ချက်ငြိမ်သွားရာကနေ လှိုဏ်သံပါတဲ့အော်ငိုသံကြားတာ နဲ့ လူကြီးတွေက ကြည့်လိုက်တော့ ထွေးခံက ခေါင်းကို စွတ်လျက် ကလေးက ငိုလျက်။ ဒါနဲ့ လူကြီးတွေလည်း ခေါင်းကိုကိုင်သူကိုင် ထွေးခံကို ချွတ်ဆွဲသူဆွဲနဲ့။ ထွေးခံကိုဆွဲချွတ်လေ ကလေးက ပိုငိုလေပါပဲ။ ဒါနဲ့ လူကြီးတစ်ယောက်က လွတ်နေတဲ့ အိုးနှုတ်ခမ်းကနေ လက် ထည့်စမ်းတော့ ကလေးရဲ့ နားကားကားလေးက ခံနေတာပါ။ ကလေးကိုချော့ပြီး နားကို ရေဆွတ်၊ ဆပ်ပြာပွတ်ပြီး လျှောထုတ်လိုက်တော့မှ အလိုက်သင့် ကျွတ်သွားပါလေရော။ 
ဖေဖေ ၁၀နှစ်သားလောက်က ပုသိမ်ခြံထဲမှာ အဖွားဒေါ်ခင်ရယ်၊ ကြီးကြီး ဒေါ်စောအုံရယ် ဖေဖေတို့မိသားစုရယ် အတူနေကြပါတယ်။  
“တစ်နေ့ အဖွားက အိမ်ကြီးပေါ်ကနေ အိမ်အောက်ဆင်းမယ့် ဖေဖေ့ကို လှမ်းပြီး “ဗိုလ်နီ ဒီဟာယူပြီး ပစ်လိုက်စမ်း” ဆိုပြီး ညှိုးနေတဲ့ ဘုရားပန်းအိုးကို ပေးလိုက်တယ်” 
“ ဖေဖေကလည်း ကစားဖို့ စိတ်စောနေတော့ အမြန်လှမ်းယူပြီး အပြေးထွက်သွားတာပေါ့” 
ဘုရားပန်းလဲနေတဲ့ အဖွားက ဗိုလ်နီ (ဖေဖေ့ အိမ်နာမည်ပါ) ပန်းအိုး လာအပေးကို စောင့်နေ ပေမယ့် အတော်ကြာတဲ့အထိ ရောက်မလာတာနဲ့ အဖွားက ထင်တာနဲ့ အမှိုက်ပစ်တဲ့ ခြံထောင့် က ကျင်းထဲ သွားကြည့်တော့ ပန်းရော အိုး ပါပစ်ထားခဲ့တာကို တွေ့တယ်။  
ဒီတော့ ကစားပြီးပြန်လာတဲ့ ဖေဖေ့ကို မေးတော့ ဖေဖေက “အဖွားပဲ ဒီဟာ ပစ်လိုက်ဆို” လို့ အတွန့်တက်လိုက်တယ် အဖွားတော့ ဖေဖေ့စကားကြားတော့ ပြုံးပြီးခေါင်းတ ညိတ်ညိတ်နဲ့ ပေါ့”။ 
ဖေဖေက လူကြီးတွေကို အမြဲ အလိုက်တသိ ကူညီပေးတတ်တာ ငယ်ငယ်ကတည်းကပါ။ ဦးဘတင်က ပြည်သူ့ဆက်ဆံရေးဌာန၊ ဒုတိယပြန်ကြားရေးဝန်အဖြစ် ရန်ကုန်ကို ပြောင်းတော့ မိသားတစ်စုလုံး လိုက်သွားပါတယ်။  
လူထုဒေါ်အမာနှင့် ဦးဖေသိန်း
ဖေဖေကတော့ ကြီးကြီးဒေါ်စောအုံနဲ့နေခဲ့ပြီး ပုသိမ်မှာပဲ ကျောင်းတက်ပြီး ကျန်နေရစ်ခဲ့ ပါတယ်။ အိမ်ကြီးက ကျယ်ပြီး ကြီးကြီးရယ်၊ အကူလာနေပေးတဲ့ ဒေါ်စောရယ်၊ ဖေဖေ ရယ်ပဲရှိတဲ့အတွက် အိမ်ကို ကန့်ပြီး နယ်ကျောင်းသားတွေကို အဆောင်ထားပါတယ်။ ထမင်း ဟင်းလည် အရံသင့် ချက်ကျွေးပါသေးတယ်။  
“အဲဒီနေ့က ကန်စွန်းရွက်ချဉ်ဟင်းချက်တဲ့နေ့၊ ဖေဖေလည်း ကြီးကြီးကို ကူပြီး ကန်စွန်းရွက် သင်ပြီး ဆေးပေးတယ်” 
“အဆောင်သားတွေအတွက် အသီးသီးခွဲခပ်ထည့်ပြီး သုံးယောက်သား စားကောင်းကောင်းနဲ့ စားလိုက်ကြတာ၊ ဟင်းအိုးဆေးဖို့ လှယ်လိုက်မှ ချဉ်ရည်အိုးထဲ ပန်းကန်ဆေးတဲ့ အ၀တ်စုတ် ဖတ်ကြီး ပါလာတယ်”လို့ ရယ်ရယ်မောမော ပြန်ပြောလေ့ရှိပါတယ်။ 
ဂျပန်ခေတ်မှာ ဖေဖေ့အသက် (၁၉)နှစ် အာရှလူငယ်အသင်းဝင်တစ်ဦး ဖြစ်နေပါပြီ။ ပုသိမ်မြို့ ထဲ ဗုံးကြဲတော့ မိသားစုတွေ ခြံထဲကနေ ကျောက်ချောင်းကြီးကို ရှောင်နေဖို့ စီစဉ်ပါတယ်။ ညဘက်ဖြစ်ပေမယ့် လှေကိုချောင်းလယ်က နေခပ်သွားရင် မလုံခြုံတဲ့အတွက် ကမ်းစပ်တစ် လျှောက် မျှောသွားရပါတယ်။ ဒီတော့ လူငယ် ဖြစ်တဲ့ ဖေဖေက ရေထဲဆင်းပြီး လှေကို ချောင်း တစ်လျှောက်လုံး တွန်းမျှောပေးရပါတယ်။ ကျောက်ချောင်းကြီးကမှတစ်ဆင့် ကန်ကြီးဒေါင့်က ဦးဘတင်ရဲ့ တပည့်တစ်ဦးရဲ့အိမ်မှာ သွားနေကြရပါတယ်။ ဖေဖေကတော့ ခြံထဲမှာ ကြီးကြီးနဲ့ အတူ ပြန်နေပါတယ်။ ထူးခြားတာတစ်ခုကတော့ ဂျပန်ခေတ် ပုသိမ်တစ်မြို့လုံး ဗုံးဒဏ်ထိပေ မယ့် ခြံကြီးထဲမှာတော့ ဗုံးတစ်လုံးမှ မကျခဲ့ပါဘူး။  
တစ်နေ့ ဖေဖေ ပုသိမ်ကနေ ကန်ကြီးဒေါင့်ကို ညဘက်အရောက် ညီဖြစ်တဲ့ ဝေနီ(၀င်းမောင် တင်)က ရောက်မဆိုက်ဘဲ “အစ်ကို ဒီမှာ အာရှလူငယ်တွေကို လိုက်ဖမ်း သတ်ဖြတ်နေပြီ၊ မိတဲ့လူတွေလည်းမိနဲ့ စိတ်မချရဘူး၊ ပုသိမ်ကို ခုပဲ မြန်မြန်ပြန်”လို့ အလောတကြီးသတိပေး တာနဲ့ အမေနဲ့ အဖေကို ကန်တော့ပြီး ပုသိမ်ကို ညရထားနဲ့ အမြန်ပြန်ရပါတယ်။  
ဘလေးဝေနီသတိပေးမြန်လို့ပါ မဟုတ်ရင် ငယ်ငယ်က ထွေးခံစွတ်မိတဲ့ခေါင်းလေး ဂျပန့်လက် ချက်နဲ့ ပျောက်မသွားတာ ဖြစ်ပါတယ်။
====== 
(၂၁) 
အမှတ်(၅၆၈/၃၂)၊ စွပ်ကျယ်စက်လမ်း၊ မာလကာခြံ၊ (၆)မိုင်၊ ပြည်လမ်း၊ ရန်ကုန်မြို့ လိပ်စာနဲ့ပဲ ၁၉၆၉ခုနှစ်ကစပြီး ကာတွန်းဆရာကန်တော့ပွဲကို နှစ်စဉ် ကျင်းပခဲ့ပါတယ်။ ကာတွန်းကန်တော့ပွဲလုပ်တဲ့နှစ်တိုင်းမှာလည်း (၁၃လမ်း-အောက်) ဦးဘဂျမ်းလမ်း ကာတွန်း မီးထွန်းပွဲနဲ့ ကာတွန်းပြိုင်ပွဲကျင်းပလေ့ရှိလို့ အကြိုတစ်ရက်နှစ်ရက်ကတည်းက အိမ်မှာ ကာတွန်းဆရာတွေ တရုန်းရုန်းနဲ့ပါ။ အရင်နှစ်များမှာတော့ ကာတွန်းဆရာကြီး ဦးဟိန်စွန်းကို ကန်တော့တဲ့အတွက် ဆရာ့နေအိမ်ဖြစ်တဲ့ ပုဇွန်တောင်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။ 
၂၀-၁-၁၉၇၄ ရက်နေ့ အသက်(၅၀)ပြည့် ဖေဖေ့မွေးနေ့မှာ ပုသိမ်အမျိုးသားကျောင်းက ဆရာ ဆရာမဟောင်းများကို ပူဇော်ကန်တော့ပွဲနဲ့ ငယ်သူငယ်ချင်းများနဲ့တွေ့ဆုံပွဲကို အမှတ်တရ ကျင်းပပါတယ်။ ပုသိမ်ကနေ ရန်ကုန်ရောက်နေတဲ့ ဆရာများကို အိမ်အရောက် ကားငှားပြီး ခေါ် ပြန်ပို့တဲ့အထိ တာဝန်ယူပြီး ဆရာတွေ ငြိုငြင်မှုမရှိအောင် ဖေဖေက စီစဉ်ပါတယ်။  
ဆရာဦးဝင်းတင် မန္တလေး ဟံသာဝတီသတင်းစာတိုက်ကို ပြောင်းရွှေ့ရတဲ့ အထိမ်းအမှတ် အဖြစ်လည်း ဖေဖေ့အိမ်မှာပဲ စာပေအပေါင်းအသင်းမိတ်ဆွေတွေ တွေ့ဆုံနှုတ်ဆက်ပွဲကို ပျော်ပျော်ပါးပါး ကျင်းပပေးပါတယ်။  
၁၉၈၈ခုနှစ်အပြီး ဆယ်နှစ်နီးပါး ကာတွန်းကန်တော့ပွဲ မလုပ်ဖြစ်ပါဘူး။  
ဦးဖေသိန်း လက်ရာတခု
၁၉၉၄ခုနှစ်၊ “ဖေဖေ့အသက် ၇၀ပြည့်က စပြီးအထူးသဖြင့် ပန်းချီဆရာ၊ ကာတွန်းဆရာတွေ ကိုဖိတ်ပြီး မွေးနေ့ပွဲအဖြစ် တွေ့ဆုံကျွေး မွေးချင်တယ်” လို့ ကျွန်မတို့ကို ပြောပါတယ်။ တကယ်တော့ ဖေဖေ့မှာ အသက်ကြီးလာတာနဲ့အမျှ အိမ်ထဲအနေများလာ တဲ့အတွက် သူ့ကာတွန်းဆရာတွေ နဲ့ တွေ့ချင် စကားဖလှယ်ချင်တာလည်း ဖြစ်ပါလိမ့်မယ်။ တိုင်းပြည် သတင်း၊ ကမ္ဘာ့သတင်းအပြင် စာပေလောကထဲက “သတင်းပုလင်း”လေးတွေလည်း ကြားချင် မှာပေါ့။ ဒါကိုသိတဲ့ မေမေနွယ် က ဖေဖေ့ဆန္ဒကို ဖြည့်ပေးပါတယ်။  
၁၉၉၆ခုနှစ်၊ မွေးနေ့ဖိတ်စာ အမှာစကားကတော့ “ယနေ့ခေတ်သစ်၏ ကာတွန်းအနှစ်သာရကို မခံစားတတ်ဖူးဆိုရင် ကျောက် ခေတ်ကိုသာ ပြန်သွားပါ” (ကျောက်နဲ့ ကြောက်ကို အသံတူ ယူထားဟန်တူပါတယ်)။ 
၁၉၉၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကပြန်လွတ်ချိန်၊ အမှတ် (၅၄/၅၆)ခြံထဲ၊ ကြာသပတေးနေ့ ဟောပြောပွဲမျာ ဖေဖေက “မြန်မာနိုင်ငံနဲ့ ကာတွန်း”အကြောင်းကို ခေတ်နဲ့ ယှဉ်ပြီး ဟောပြောခဲ့ပါသေးတယ်။ အဲဒီနှစ် ၀ါကျွတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖေဖေ့ဆီကို လာပြီး ဂါရ၀ပြုပါတယ်။ ဖေဖေနဲ့မတွေ့ဖြစ်လိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေ က ကျွန်မတို့ကလေးတွေနဲ့အတူ ဖေဖေနဲ့မေမေနွယ်ဘက်က လူကြီးသူမတွေကို သွား ကန်တော့တဲ့အချိန်နဲ့ တိုက်နေလို့ပါ။ 
၁၉၉၇ခုနှစ်။အသက် (၇၃)နှစ် “ကာတွန်းကြည့်ပြီး ပါးစပ်နဲ့သာ ဖြဲမရယ်ပါနဲ့၊ နှလုံးသားနဲ့ တွေးပြုံးပါ” ဖိတ်စာမှာ စကားပါးထားပါတယ်။ 
၁၉၉၇ခုနှစ်လယ်ပိုင်းကတည်းက ဂျာနယ်တွေ မဂ္ဂဇင်းတွေ စုံစုံလင်လင် ထွက်လာပါပြီ။ အဲဒီဂျာနယ်တွေထဲမှာ “မဟာအနုပညာ”ဂျာနယ်လည်း အပါအ၀င်ဖြစ်သလို ဂီတမှာလည်း ဇော်ဝင်းထွဋ်ရဲ့ “မဟာ”သီချင်းကလည်း စီစီညံနေတဲ့အချိန်ပါ။  
၁၉၉၈ခုနှစ် ဖေဖေ့အသက် (၇၄)နှစ်မွေးနေ့ဖိတ်စာမှာ ဖေဖေက -“မဟာ အနုပညာရှင် မဖြစ် ချင်ဘူး၊ ဧရာမအနုပညာရှင်ကြီးပဲ ဖြစ်ချင်တယ်” လို့ အနုပညာလောကနဲ့ ခေတ်ကို သရော် ထားပါတယ်။  
၂၀၀၇ခုနှစ် ဧပြီလ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာတော့ “ကြေးမုံသတင်းစာ နှစ်ငါးဆယ်ပြည့်” ကို ကြေးမုံအဖွဲ့သားများနဲ့အတူ ကျင်းပခဲ့ပါတယ်။ 
ဆရာဦးဝင်းတင် လွတ်ပြီး ဒီဇင်ဘာလ ဆန်းမှာတုန်းက အိမ်မှာပဲ ဖေဖေနဲ့ တွေ့ပြီး ရှေး ဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်လိုက်ကြပါသေးတယ်။ ဖေဖေတို့နှစ်ယောက် ဒီတစ်သက် မတွေ့ဖြစ်တော့ဖူးလို့ ထင်ထားတာ တွေ့ကြရတာ အတော့်ကို ၀မ်းသာနေကြပုံရပါတယ်။ 
၂၀၀၉ခုနှစ်၊ အသက်(၈၅)နှစ်ပြည့်ကို ဆရာဦးဝင်းတင်က ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။  
ဖေဖေမှာ ဒီတစ်သက် မတွေ့ရတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့သူ တစ်ဦးကတော့ ဆရာအောင် ဗလပါ။ ဆရာအောင်ဗလ နေမကောင်းဘူး ဆိုတာလည်း တစ်ဆင့်စကားနဲ့ သိထားပြီးဖြစ်ပေ မယ့် တွေ့ဖို့ ဘယ်လိုမှ မဖြစ်တော့ပါဘူး။ ဒါပေမယ့် တစ်နေ့တော့ ဖုန်းလာပါတယ်။ ဆရာ အောင်ဗလက ဖေဖေနဲ့စကားပြောချင်လို့ ဆက်တာပါ။ ဖေဖေနဲ့ နှုတ်ဆက်ပြီးမကြာပါဘူး ဆရာအောင်ဗလ ဆုံးတဲ့သတင်းကို ကြားသိရပါတယ်။ ဖေဖေ့မှာ အတော်စိတ်ထိခိုက်ခဲ့ရ ပါတယ်။ 
အမှတ်(၅၆၈)၊ ဓမ္မာရုံလမ်းမကြီး၊ ခပေါင်းလမ်းသွယ်၊ ၆မိုင်ခွဲ၊ (၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဆိုပြီး လိပ်စာပြောင်းရေးပေမယ့် ကာတွန်းဦးဖေသိန်းအိမ်ကတော့ ကာတွန်း ဦးဖေသိန်းအိမ်ပါပဲ။  
ဒီအိမ်မှာ ကာတွန်းဆရာတစ်ဦးရှိခဲ့တယ်။ ဒီအိမ်မှာ ပန်းချီဆရာ၊ ကာတွန်းဆရာများနဲ့အတူ စာပေလောကသားတွေ၊ အာရှလူငယ်တွေ၊ နိုင်ငံရေးသမားတွေ၊ ကာတွန်းကိုချစ်တဲ့သူတွေ အားလုံး နှစ်လေးဆယ်နီးပါး ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်တွေ့ဆုံခဲ့ကြပါတယ်။  
ဒီအိမ်မှာပဲ ကိုယ့်အမြင်ကို လွတ်လပ်စွာ ပြောဆို ငြင်းခုံကြရင်း အမြင်ကွဲပေမယ့် လည်ပင်း ဖက် ပြန်သွားကြသူတွေကိုကြည့်ရင်း ဖေဖေ့မှာ အမြဲပဲ ပီတိဖြစ်ကျန်ရစ်ခဲ့ပါတယ်။ 
======
(၂၂) 
ဖေဖေက ခေါင်းကြီးသတင်းကာတွန်းကို စဉ်ဆက်မပြတ်ရေးဆွဲခဲ့သူပါ။ မြန်မာနိုင်ငံအစိုးရ အဆက်ဆက် ၀န်ကြီးချုပ်ဆိုတဲ့သူကို သရော်ထားတဲ့ကာတွန်း အများစုက ဦးနုကို ဦးဖေသိန်း က ရေးခဲ့တာအများဆုံးပါ။ 
၁၉၈၈ခုနှစ် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ဦးနုက ပြောတဲ့အခါ ဖေဖေက ထောက်ခံသင့် ကြောင်း၊ ဘာကြောင့်ထောက်ခံသင့်တယ်ဆိုတာကိုပါ ရှင်းပြပါတယ်။ ဖေဖေက ဦးနုကိုရေး ထားတဲ့ သတင်းကာတွန်းတွေကို စုပြီး လက်ဆောင်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။  
၁၉၅၇-၆၀နှစ်ပိုင်းတွေမှာ ဖဆပလ၊ တည်မြဲသန့်ရှင်း၊ ပမညတ၊ ပထစ၊ နေတိုးဆီးတိုး၊ ဦးဗိုလ်သခင်၊ သမ၀ါယမ စတဲ့ ဗမာ့နိုင်ငံရေး အရှုပ်အရှင်းတွေထဲမှာ ညပ်ပါလာတာကတော့ ပရဟိတဆိုတဲ့ အဖွဲ့အစည်းအမည်ပါ။ ပရဟိတ လုပ်နေတဲ့သူတွေကို ကာတွန်းနဲ့ မွှန်းပြ ထားပါတယ်။ 
အဲဒီတုန်းက ဖေဖေရေးနေတဲ့ သတင်းစာတွေကတော့ ဟံသာဝတီသတင်းစာမှာ မြင်ကွင်း ကျယ်၊ ကြေးမုံမှာ နီတိ ကဏ္ဍတွေကို နေ့စဉ်ရေးပြီး လုပ်သားနဲ့ မြန်မာ့အလင်းမှာတော့ ကြို ကြားကြိုကြား ရေးပါတယ်။ 
ကျွန်မမှတ်မိ သတိထားမိတဲ့အရွယ်ကတည်းက မနက် သတင်းစာတွေလာရင် ခေါင်းကြီး သတင်းဖတ်ပြီး နောက်နေ့မနက်အတွက် Idea ရပြီး ချက်ချင်းရေး၊ နေ့လည်နှစ်နာရီလောက် ကျတော့ သတင်းစာတိုက်ကို သွားပေးပါတယ်။  
ကျွန်မ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တက်တဲ့တစ်လျှောက်တော့ မဂ္ဂဇင်းအတွက် ကာတွန်းပုံရေးပြီးပြီးချင်း ကျွန်မရှိနေရင် ကျွန်မကိုပြပြီး နားလည်မလည် စမ်းစစ်ပါတယ်။ ဖေဖေ့အမေးက “သမီး ဘယ်လိုနေလဲ….” ပါပဲ။ ဖေဖေက ကျွန်မတို့မောင်နှမတွေကို သူ့ ကာတွန်းပုံတွေနဲ့ နိုင်ငံရေး၊ လူမှုရေးအတွေးအခေါ်နဲ့ဆင်ခြင်ထုံတရားတွေကို သင်ပြပေးပါ တယ်။ Idea ကောင်းကောင်းထွက်ပြီး ထိထိမိမိဆော်ထားတဲ့နေ့ဆိုရင် ဖေဖေ့မျက်နှာ ပိုရွှင် တယ်လို့ ကျွန်မထင်ပါတယ်။ 
======
(၂၃) 
အေးနိုင်အောင် (သခင်လူမင်း -၀ါးခယ်မရဲ့ မြေး) အမေရိကားကနေ ခဏပြန်လာတော့ အလှူမှာကျွန်မနဲ့တွေ့တုန်း ဦးသန့်အရေးအခင်း အကြောင်းပြောရင်းကနေ သူက ဖေဖေ့ရဲ့ ဒဿန တစ်ခုကို ထုတ်ပြော ပါတယ်။  
“ပွင့် – ငါ နာရီပတ်မထားကိုတာ နင်သတိထားမိမလားတော့ မသိဘူး” လို့ ပြောရင်း သူ့ရှပ် အကျီလက်ကို ပင့်ပြပါတယ်။ ဟုတ်ပါတယ်။ သူ့လက်မှာ နာရီပတ်ထားတဲ့အရာတောင် မရှိပါ ဘူး။ ဒါနဲ့ မေးကြည့် တော့ “အဲဒါ ဦးဦးဖေသိန်းကို အားကျလို့” သူပြောလိုက်မှ ကျွန်မ ပိုစိတ် ၀င်စားသွားပါတယ်။ ဟုတ်ပါတယ်။ ဖေဖေက ဘယ်တုန်းကမှ လက်ပတ် နာရီမပတ်ပါဘူး။ ကျွန်မ တို့ငယ်ငယ်ကနေ တော်တော် လေးကြီးတဲ့အထိ လျှပ်စစ်တိုင်ကပ်နာရီကြီးတစ်လုံးပဲရှိပါတယ်။ နောက် ဖေဖေပုံဆွဲတဲ့ အံဆွဲထဲမှာ လက်ပတ်က တာပေါ်လင်စ (လို့ ထင်ပါတယ်) ပိတ်စနဲ့ အ၀ိုင်းပုံ ယောက်ျားပတ်နာရီဟောင်းတစ်လုံးထည့်ထားတာရှိပါတယ်။ ကျွန်မမှတ်မိသမျှ ဖေဖေနာရီ ဘယ်တုန်းကမှ မပတ်ခဲ့ပါဘူး။ ဘာကြောင့်လဲလို့လည်း သတိထားပြီး မမေးဖြစ်မိခဲ့ပါဘူး။ ဖေမောင်ငြိမ်း မလေးရှားမှာ အလုပ်သွား လုပ်တုန်းကတော့ ဖေဖေ့အတွက်ဆိုပြီး ဆွဲ သီးနာရီ တစ်လုံး ပို့လိုက်ပါတယ်။ ဒါကိုတော့ သူ့သားပေးတာမို့ သတိတရ အသုံးပြုပါတယ်။ ဖေဖေနဲ့ နာရီ အကြောင်းကိုတော့ အေးနိုင်အောင် ပြောပြမှ သိရတော့မှာပါ။  
“ငါ့အဖိုးက အင်္ဂလန်မှာ သွားနေတုန်းက အင်္ဂလန်က နာရီတစ်လုံး ၀ယ် လာတယ်၊ အမြဲတမ်း ပတ်ထားလေ့ရှိတယ်၊ သူ့နာရီမှာ သူ့နာရီပေါ့လေ၊ တစ်နေ့တော့ လက်ပတ်နာရီကို သိပ်ကြိုက်တဲ့ အဖိုးက ဦးဦးကို ဘာလို့ လက်ပတ်နာရီမပတ်တာလဲ-လို့ မေးတယ်” ။ 
“ဒီတော့ ဦးဦးက အချိန်နာရီဆိုတာ လူကို ချုပ်ကိုင်ထားတာ၊ ကျွန်တော်က အချိန်နာရီကို ချုပ်ကိုင်ထားတာ- လို့ ပြန်ပြောတယ်” ဘာလို့လဲဆိုတော့ ဘယ်ချိန်ရှိပြီး ငါဘာမလုပ်ရသေး ဘူး၊ ဘယ်အချိန် ဆိုရင် ငါဘာပြီးနေရမယ် စသဖြင့် အချိန်ကကိုယ့်ကိုချုပ်ပြီး လုပ်ရတဲ့ အလုပ်ကို မကြိုက်ဘူး။ အချိန်ကို ကျွန်တော်က ခိုင်းမှာလို့ ဦးဦးက ရှင်း ပြတယ်၊ ငါ့အဖိုးက ဦးဦး အကြောင်းကို ပြန်ပြောပြတယ်။ ငါလည်း အဲဒီ ဒဿနကို ကြိုက်လို့ လက်ပတ်နာရီမပတ်တာ”။ 
ဦးဖေသိန်း လက်ရာတခု
ဖေဖေဟာ လက်ပတ်နာရီကို မပတ်သလိုပဲ ဆေးမှင်ကြောင်ထိုးတာကို လည်း မကြိုက်ပါဘူး။  
ဖေဖေ့က သားခြောက်ယောက်ကို ဆေးမှင်ကြောင်ထိုးခြင်းရဲ့ အပြစ်ကို စကားအလျဉ်းသင့် တိုင်း ဆုံးမ ပြောဆိုပါတယ်။ ဆေးမှင်ကြောင်ထိုးမိရင် သေတဲ့အထိ ပါသွားမယ်၊ ကိုယ်ထိုးထားတဲ့ ဆေးမှင်ကြောင်ကို မှတ်ထားပြီး ရန်ပြုချင်တဲ့သူက မှတ်မိလွယ်တယ်၊ ကိုယ့်ကို အန္တရာယ် ပြုရလွယ်တယ်လို့ အမြဲသတိပေးတဲ့အပြင် ကာတွန်း တွေနဲ့လည်း ရေးဆွဲပြီး သတိပေးထားပါသေးတယ်။ 
ဖေဖေလေဖြတ်ပြီးစ ၁၉၉၂-၃ ခုနှစ်လောက်ထင်ပါတယ်။ ကာတွန်း ဆရာ ၀ဏ (သမိန်ပေါသွပ်) က ကာတွန်းပြပွဲအတွက် ဂျပန်နိုင်ငံသွားဖို့ ဖေဖေ့ကို လာနှုတ်ဆက်တော့ ဖေဖေက “၀ဏ- မင်း အကျီ လက်ရှည် ၀တ်သွား၊ မင်းထိုးထားတဲ့ ဆေးမင်ကြောင်ကြောင့် မင်းကို ရာခူဇာ ဂိုဏ်းကလို့ ထင်နေဦးမယ်” လို့ ဟာသလုပ်ပြီး သတိပေးလိုက်ပါ သေးတယ်။ ဒိအပြင် သူ့ညာ လက်မှာရှိတဲ့ ဂျပန်ခေတ်တုန်းက အနာ ပဆုတ်ဆိုတဲ့ အနာကြီးပေါက်ပြီး သေရာပါ အမာရွတ်ကိုပြပြီး “ငါ့မလဲ ဒီအမာရွတ်ကြောင့် ဂျပန်မသွားရဲတာ”လို့ ရယ်ရယ်ပြောပြော သော လိုက်ပါသေးတယ်။ 
(ဆက်ပါဦးမယ်)
အပိုင်း (၂၀၊ ၂၁၊ ၂၂၊ ၂၃) လေးပိုင်း ပါဝင်ပါသည်။ ဓာတ်ပုံများအား ကာတွန်း ဦးဖေသိန်းဖေ့ဘုတ်ခ်မှ ယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts