News Features အောင်ဒင်

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇) – Aung Din

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇)
အောင်ဒင်၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၃)
ဒုတိယပင်လုံညီလာခံ
တိုင်းရင်းသားအင်အားစုတွေ ဘယ်လိုပဲ အုပ်စုတွေကွဲကွဲ၊ ဘယ်လောက်ပဲ မူဝါဒတွေခြားနားပါစေ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ကတော့ ပင်လုံညီလာခံကဲ့သို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတစ်ခုကို ကျင်းပပြီး တိုင်းပြည်ရဲ့ ပြဿနာများကို စုပေါင်းဆွေးနွေး ဖြေရှင်းဖို့ဖြစ်ပါတယ်၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ညီလာခံကြီးကျင်းပပြီး နိုင်ငံရေးပြဿနာများဆွေးနွေးရေးကို မူအားဖြင့် သဘောတူပုံရပါတယ်၊
ဒီလို ညီလာခံကြီးကျင်းပပြီဆိုရင် ဘယ်သူတွေပါဝင်သင့်သလဲ ဆိုတဲ့အပေါ်မှာလည်း ယေဘူယျအားဖြင့် တူညီကြပါတယ်၊ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) က ရေးဆွဲအဆိုပြုထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များမှာ “ပင်လုံပြည်ထောင်စုညီလာခံကြီးကို မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် ၃၀၀ ဦး၊ တိုင်းရင်းသားလူမျိုးစုများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၀၀ ဦး၊ ဒီမိုကရေစီနှင့် အတိုက်အခံအင်အားစုများမှ ကိုယ်စားလှယ် ၃၀၀ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၉၀၀ ဦးနှင့် ကျင်းပပြီး ဆုံးဖြတ်ချက်များကို ဆန္ဒမဲဖြင့် ဆုံးဖြတ်မည်”လို့ ဆိုပါတယ်၊ ၂၀၁၃ ခုနှစ် ဇွန်လ ၁၁ ရက်၊ ၁၂ ရက်များမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) ရဲ့ ၁၅ ကြိမ်မြောက်အစည်းအဝေးက ထုတ်ပြန်ချက်မှာ “၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လက်ရှိနိုင်ငံရေးပါတီများ၊ နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံ တစ်ရပ်ခေါ်ယူကျင်းပရန်” ဆိုပြီး နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းထားပါတယ်၊
အခုအချိန်အထိတော့ နိုင်ငံတော်သမ္မတရဲ့ ပြည်ထောင်စုအဆင့်လမ်းပြမြေပုံ (၈) ချက်ထဲက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလက်မခံနိုင်တဲ့ အချက် (၅) ကနေ (၈)အထိ (တပ်တွေစွန့်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစား) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက တန်ပြန်တင်ပြတဲ့ တိုင်းရင်းသားများရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက် (နိုင်ငံရေးမူဘောင်ကို ရေးဆွဲ၊ အစိုးရရဲ့ မူဘောင်နဲ့ ညှိ၊ ပြည်နယ်အလိုက်ညီလာခံကျင်းပ၊ တိုင်းရင်းသားပြည်နယ်အားလုံးစုပေါင်းပါဝင်တဲ့ ညီလာခံကျင်းပ၊ တစ်ပြည်လုံးအတိုင်းအတာရှိတဲ့ ပြည်ထောင်စုညီလာခံကြီး၊ တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက် (Union Accord) ကို အချိန်အတိအကျ သတ်မှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်။) ကို ဘယ်လို ဆွေးနွေးညှိနှိုင်းသဘောတူ ဖြေရှင်းခဲ့ကြတယ်ဆိုတာ မသိရပါ၊
အစိုးရရဲ့ အစီအစဉ်ကတော့ အောက်တိုဘာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာရှိတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲကို တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးတက်ရောက်သည်ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ ကျင်းပဖို့ ဆုံးဖြတ်ထားဟန် ရှိပြီး အဲဒီနောက်ပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာမှ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဆက်လက်ဆွေးနွေးမည့် အစီအစဉ်ရှိပုံရပါတယ်၊ အစိုးရဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ရေးဆွဲပြီး ဒါမှမဟုတ် ရေးဆွဲနေဟန်ရှိပြီး တိုင်းရင်းသားများရဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များနဲ့ အပြန်အလှန်တိုက်ဆိုင်ဆွေးနွေးပြီး နှစ်ဘက်စလုံးလက်ခံနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တစ်ရပ်ကို ချမှတ်ရမှာ ဖြစ်ပါတယ်၊ အစိုးရရေးဆွဲတဲ့ မူဘောင်တွေမှာ ဘာတွေပါတယ်ဆိုတာ ကျနော်တို့ မသိရပါ၊ 
စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရှမ်းသံတော်ဆင့်သတင်းဋ္ဌာနရဲ့ သတင်းပို့ချက်အရ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေကို ဆွေးနွေးညှိနှိုင်းရာမှာ “လူအယောက် ၁၀၀ ကနေ ၁၅၀ အထိပါဝင်မယ်၊ အပစ်ရပ်တပ်ဖွဲ့အားလုံးက တစ်ဖွဲ့ကို ကိုယ်စားလှယ် ၂ ယောက်ပါဝင်မယ်၊ လက်နက်ကိုင်တပ်ဖွဲ့ကနေ ပြည်သူ့စစ် (နဲ့ နယ်ခြားစောင့်တပ်) ဖြစ်သွားတဲ့ အဖွဲ့တွေလည်း ဖိတ်ခေါ်မယ်” လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဆိုင်ရာ နည်းပညာအဖွဲ့ (Myanmar Peace Center/ MPC) မှ ဦးလှမောင်ရွှေက ပြောကြောင်းသိရပါတယ်၊ ဒီ ဆွေးနွေးပွဲမှာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအရပ်ဘက်အဖွဲ့အစည်းများကို ပါဝင်ဖို့ ဖိတ်ကြားလိမ့်မယ် မထင်ပါ၊
အရေးအကြီးဆုံးဖြစ်တဲ့ အဆိုပြုထားတဲ့ ပင်လုံပြည်ထောင်စုညီလာခံကြီးကျင်းပဖြစ်ခဲ့ရင် အဲဒီ ညီလာခံကြီးက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အဖြစ် ချုပ်ဆိုရာမှာ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်မှာလဲ၊ အဲဒီ ပြည်ထောင်စုသဘောတူညီချက်တွေ ဘယ်လိုဘယ်ပုံနဲ့ အာဏာတည်စေမှာလဲဆိုတာ ဘယ်သူမှ မသိကြပါ၊
ပထမပင်လုံမှ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသို့ ခရီး
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံညီလာခံကြီးပြီးမြောက်အောင်မြင်လို့ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များလက်မှတ်ရေးထိုးကြပါတယ်၊ အဲဒီနောက် ပင်လုံစာချုပ်နဲ့ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ရဲ့အစီရင်ခံစာများကို အခြေခံပြီး ဖဆပလအဖွဲ့ချုပ်ကရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၁၉၄၇ ခုနှစ် မေလမှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ အာဏာရ ဖဆပလအဖွဲ့ကြီးရဲ့ ပဏာမပြင်ဆင်မှုညီလာခံက စီစစ်ပြီး အတည်ပြုခဲ့ပါတယ်၊
၁၉၄၇ ခုနှစ် ဇွန်လ ၁၀ရက်မှ ၁၈ရက်အထိကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံအချက်အလက်များကို ချမှတ်ပေးသည့် လမ်းညွှန်မူ (၇) ချက်ကို ဇွန်လ ၁၆ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းပြီး ဇွန်လ ၁၇ ရက်နေ့မှာ လွှတ်တော်က အတည်ပြုခဲ့ပါတယ်၊ ဇွန်လ ၁၈ ရက်နေ့မှာ မန်းဘခိုင်က အခြေခံဥပဒေရေးဆွဲရေးကော်မီတီဝင် ၅၅ဦးရဲ့ အမည်စာရင်းကို တင်သွင်းပြီး လွှတ်တော်က အများသဘောတူအတည်ပြု ဖွဲ့စည်းပေးခဲ့ပါတယ်၊ အဲဒီ ၅၅ ဦးကော်မီတီမှာ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ကော်မီတီရဲ့ နာယကလည်းဖြစ်တဲ့ သခင်နုက သူ့ရဲ့ အခွင့်အာဏာကိုသုံးပြီး အဖွဲ့ဝင် ၁၆ ဦးထပ်မံဖြည့်စွက်လို့ ၇၁ ဦးကော်မီတီဖြစ်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကအတည်ပြုထားတဲ့ လမ်းညွှန်မူ(၇) ချက်ကို အခြေခံ၍ ဖဆပလပဏာမညီလာခံက အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို မှီငြမ်းပြီး ရေးဆွဲကြပါတယ်၊
ဒီကော်မီတီဟာ အချိန်မလုံလောက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တိုင်းပြည်ပြုလွှတ်တော် ဒုတိယညီလာခံစတင်ကျင်းပတဲ့ ဇူလိုင်လ ၂၉ ရက်နေ့အထိ အပြီးသတ်မရေးဆွဲနိုင်ပဲ ကျင်းပနေပြီဖြစ်တဲ့ လွှတ်တော်အစည်းအဝေးကို အပိုင်းလိုက်၊ အခန်းလိုက်သာ တင်သွင်းနိုင်ခဲ့ပါတယ်၊ အဲဒီနောက် ဖဆပလအဖွဲ့ချုပ်က အမတ်နေရာအများစုကို လွှမ်းမိုးထားတဲ့ လွှတ်တော်က ဒုတိယညီလာခံကာလအတွင်း ဒီပထမမူကြမ်းကို အပြင်းအထန်ဝေဘန်၊ ဆွေးနွေး၊ ညှိနှိုင်း ပြင်ဆင်ပြီး ဩဂုတ်လ ၁၆ ရက်နေ့မှာအတည်ပြုပေးလိုက်ပါတယ်၊ လွှတ်တော်ကပဲ အခြေခံဥပဒေအချောကိုင်ကော်မီတီတစ်ရပ်ကို ဖွဲ့စည်းပေးပြီး လွှတ်တော်ရဲ့ တတိယညီလာခံမှာ အချောသတ်မူကြမ်းကို တင်သွင်းဖို့တာဝန်ပေးပါတယ်၊ လွှတ်တော်ရဲ့ တတိယညီလာခံကို ၁၉၄၇ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာစတင်ကျင်းပပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်မှ တညီတညွတ်တည်း လက်ခံအတည်ပြုခဲ့ပါတယ်၊ ဒီလိုနဲ့ မြန်မာ့သမိုင်းမှာ “၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” မွေးဖွားလာခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ အသက်ရှည်ခဲ့ပါတယ်၊
ဒါက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံစာချုပ် ချုပ်ဆိုပြီးချိန်ကနေ “၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ” မွေးဖွားလာတဲ့ အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်ကို အကျဉ်းရုံးတင်ပြတာပါ၊ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ အာဏာရပါတီ (ဖဆပလ) ရဲ့ အခန်းကဏ္ဏက အင်မတန်ကြီးမားခဲ့တာ အထင်အရှားပါ၊ ပင်လုံစာချုပ်လက်မှတ်ထိုးပြီးတဲ့နောက် အာဏာရ ဖဆပလအဖွဲ့ချုပ်ရဲ့ ညီလာခံ၊ ဖဆပလအဖွဲ့ချုပ်က နေရာအများစုလွှမ်းမိုးထားတဲ့ လွှတ်တော်အစည်းအဝေး သုံးကြိမ်နဲ့ အင်မတန်များပြားပြီး စိတ်လှုပ်ရှားစရာကောင်းလှတဲ့၊ တစ်ခါတစ်ရံ စိတ်ပျက်ဒေါသထွက်စရာ၊ တစ်ခါတရံ ဝမ်းနည်းနာကျည်းစရာကောင်းလှတဲ့ အစည်းအဝေးပေါင်းများစွာကို  ဖြတ်သန်းခဲ့ရတဲ့ ၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားလူမျိုးစုများက အပြည့်အဝကျေနပ်မှု မရှိခဲ့ပါ၊
အခုတစ်ခါ ပင်လုံပြည်ထောင်စုညီလာခံကြီးကို ၂၀၁၅ ခုနှစ်မတိုင်ခင် ဒုတိယအကြိမ်ထပ်မံကျင်းပနိုင်လို့ အများသဘောတူတဲ့ ဆုံးဖြတ်ချက်တွေရလာရင်ရော ဘယ်လိုခရီးစဉ်နဲ့ အဲဒီ ဆုံးဖြတ်ချက်တွေအသက်ဝင်၊ အကောင်အထည်ပေါ်လာမလဲ၊ ကျနော်သိချင်လှပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၄၇ ခုနှစ်တုံးကလိုပဲ ပြည်ထောင်စုလွှတ်တော်မှာ အများစုနေရာရထားတဲ့ ကြံ့ခိုင်ရေးပါတီက ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရေးမှာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာ ရှိနေမယ်ဆိုတာ သေချာပါတယ်၊ ပြီးတော့ ၁၉၄၇ဖွဲ့စည်းပုံရေးဆွဲရာမှာ မပါဝင်ခဲ့တဲ့ မြန်မာ့တပ်မတော်က အခု လွှတ်တော်ထဲမှာ နေရာ ၂၅% ကို စိုးမိုးလို့၊ သူမကြိုက်တာမှန်သမျှ တစ်ချက်လွှတ်ပယ်ချနိုင်တဲ့ ဗီတိုအာဏာကို ကိုင်ပြီး တည်ရှိနေပြန်ပါတယ်၊
ဒီတစ်ခါ ခရီးက ပိုပြီးကြမ်းတမ်းခက်ခဲမယ်ဆိုတာ အသေအချာပါ၊ ကျနော့်ရဲ့ သံသယကို ကြံ့ခိုင်ရေးပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက အတည်ပြုလိုက်ပါတယ်၊ ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ သတင်းထောက်များနဲ့ တွေ့ဆုံရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပါတ်သက်ပြီး ဦးဋ္ဌေးဦးက ”ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ်ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လေ့လာရာမှာလည်း အချုပ်အခြာအာဏာ မထိခိုက်ဖို့ အရေးကြီးပါတယ်။……..ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ။ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ လူတွေက ရူးပြီးဖြစ်နေကြတာပါ” လို့ပြောလိုက်တယ်ဆိုပြီး စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြပါတယ်၊
ဤခရီး  မနီးလှပါ
ငြိမ်းချမ်းရေးဆီသို့ ခရီးရှည်ကြီးက မနီးလှပါ၊ ဒါပေမည့် ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ကြိုးစားအားထုတ်မှုရှိမယ်ဆိုရင် ရောက်ကိုရောက်မှာပါ၊ စိတ်ရှည်ဖို့လိုပါတယ်၊ စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးကြတဲ့အခါ ရသင့်တာရဖို့အတွက် ပေးသင့်တာပေးရသလို ရချင်သလောက်မရနိုင်တာလည်း ရှိပါတယ်၊ ဘယ်လောက်ပဲ အမြင့်ဆုံးတောင်းဆိုချက်တွေနဲ့ စတင်ပေမည့် အဆုံးမှာ ရသင့်သလောက်နဲ့ ကျေနပ်နိုင်ဖို့လည်းလိုအပ်ပါတယ်၊
မြန်မာအစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဘက်ကပါ မြန်မာပြည်သူများကို ကိုယ်စားပြုတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society Organizations) များကို ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တန်းတူရည်တူဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြုဖို့လိုပါတယ်၊ ပြည်တွင်းစစ်ဆိုတာ နှစ်ဘက်စစ်တပ်တွေ ရန်လိုတိုက်ခိုက်နေတာ ဖြစ်ပေမည့် ပြည်တွင်းစစ်ရဲ့ ဒဏ်ကို အများဆုံးခံစားရတာက သာမာန်ပြည်သူတွေပါ၊ စစ်တပ် နှစ်ဖွဲ့ တိုက်ခိုက်တာတွေရပ်စဲပြီး ရင်းနှီးခင်မင်သွားရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးမရနိုင်ပါ၊
အခုထိတော့ အစိုးရရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရော အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဏကို သူတို့ပြီးမှ စဉ်းစားရမည့် ဒုတိယအဆင့် ဆွေးနွေးဘက်များအဖြစ် သတ်မှတ်ထားပုံရပါတယ်၊ ပိုဆိုးတာက ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်က ဗမာလူမျိုးများအားလုံးကို ကိုယ်စားပြုပြီး လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များက သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုတယ်လို့ ယူဆထားခြင်းပါ၊ အဲဒီ အယူအဆကို ကျနော်တော့ လက်မခံနိုင်ပါ၊ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ဟာ ဗမာလူမျိုးများကို အပြည့်အဝကိုယ်စားပြုခြင်းမရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာလည်း သက်ဆိုင်ရာတိုင်းရင်းသားများကို အပြည့်အဝကိုယ်စားပြုတယ်လို့ ကျနော်မယုံကြည်ပါ၊ လက်နက်ကိုင်တပ်ဖွဲ့ရှိရုံနဲ့ လက်နက်မကိုင်တဲ့ သာမာန်ပြည်သူများအားလုံးကို ကိုယ်စားပြုခွင့်မရှိပါ၊ လက်နက်မဲ့ပြည်သူများဟာ သူတို့ဘဝကို သူတို့ဘာသာ ကိုယ်စားပြုခွင့်ရှိပါတယ်၊
ဒါကြောင့် ပြည်မနဲ့ပြည်နယ်များက အရပ်ဘက်လူ့အဖွဲ့အစည်းများအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လက်နက်မဲ့ပြည်သူများကို ကိုယ်စားပြုပြီး ပါဝင်ခွင့်ရနိုင်ဖို့ ပိုပြီးကြိုးစားကြရမှာပါ၊ အစိုးရကိုယ်တိုင်က အရပ်ဘက်လူ့အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဆင့်တိုင်းမှာ ပါဝင်ဖို့ဖိတ်ခေါ်သင့်ပါတယ်၊ ပင်လုံပြည်ထောင်စုညီလာခံကြီးမှာ ပါဝင်ဆွေးနွေးဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေကို စုပေါင်း ဆွေးနွေးချမှတ်ကြဖို့ အားပေးသင့်ပါတယ်၊ 
အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဓိပ္ပာယ်ရှိရှိဖြစ်ပေါ်ဖို့နဲ့ သဘာဝကျတဲ့ သဘောတူညီချက်တွေရဖို့၊ ပြီးတော့ အဲဒီသဘောတူညီချက်တွေကို အာဏာရပါတီနဲ့ တပ်မတော်က လေးစားအတည်ပြုအောင် တောင်းဆိုဖို့၊ အင်အားသုံးအကြမ်းဘက်ဖြေရှင်းတာတွေရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့ ယဉ်ကျေးမှု ဆက်လက်တည်တန့်နေစေဖို့ ဆိုတာ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အားကောင်းခိုင်မာမှုနဲ့၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တလျှောက်လုံးမှာ အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ တန်းတူရည်တူ တက်တက်ကြွကြွပါဝင်နိုင်ဖို့အပေါ် အများကြီးမူတည်နေပြီလို့ ကျနော်ယုံကြည်ပါတယ်၊ ဒီလိုမဟုတ်ရင်ဖြင့် ကျနော်တို့ မျှော်လင့်တဲ့ ငြိမ်းချမ်းရေးဟာ ဟိုးအဝေးကြီးမှာပဲ ရှိနေဦးမှာပါ၊
လေးစားစွာ၊
အောင်ဒင်
စက်တင်ဘာ ၁၉၊ ၂၀၁၃
ဒီဆောင်းပါးရှည်အတွက် အောက်ပါထောက်အထားများကို ကိုးကားပါတယ်၊
(၁) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၂၀၁၂ ခုနှစ် နှစ်ပါတ်လည်အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက် (၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်)
(၂) Statement of the Ethnic Nationalities Conference (August 2, 2013)
(၃) United Nationalities Federal Council Annual Meeting Statement (January 10, 2013)
(၄) တိုင်းရင်းသားကွန်ဖရင့်သို့ UNFC မှ တင်သွင်းသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒစာတမ်း
(၅) The United Nationalities Federal Council (UNFC) Press Statement 5/2013 (July 14, 2013)
(၆) Information Release on 2nd Preliminary Meeting for Political Dialogue between UNFC and UPWC Delegations 07/2013 (September 10, 2013)
(၇) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မီတီ (UPWC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့တို့ (၂၀-၂-၂၀၁၃) ရက်နေ့ ဆွေးနွေးပွဲတွင်ပြောကြားသော UNFC    နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၏ကြိုဆိုနှုတ်ခွန်းဆက်စကား
(၈) အစိုးရချမှတ်ထားသည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ အဆင့် ၃ ဆင့်
(၉) “နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းနိုင်ရေးကိစ္စ ပန်ကြားခြင်း”၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဗန်လ မှ သမ္မတဦးသိန်းစိန် သို့ ပေးစာ၊ (၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၇)
(၁၀) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ မှ တိုင်းရင်းသားလူမျိုးများကွန်ဖရင့်အပေါ် ရှင်းလင်းတင်ပြခြင်း၊ (၂၀၁၃ ခုနှစ် ဩဂုတ်လ)
(၁၁) တိုင်းရင်းသားကွန်ဖရင့်သို့ UNFC မှတင်သွင်းသော ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်စာတမ်း၊ (၂၀၁၃ ခုနှစ် ဇူလိုင်လ)
(၁၂) ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် (Road Map) နှင့် ပါတ်သက်၍ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ အမြင်သဘောထားတင်ပြချက်၊ (၂၀၁၃ ခုနှစ် ဩဂုတ်လ)
(၁၃) တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ထပ်မံလက်မှတ်ရေးထိုးရန်ကိစ္စနှင့် ပါတ်သက်၍ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) (၂၀၁၃ခုနှစ် စက်တင်ဘာလ)
(၁၄) တိုင်းရင်းသားလူမျိုးများကွန်ဖရင့်သို့ တင်သွင်းသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေသုံးသပ်ချက် (၂၀၁၃ခုနှစ် ဇူလိုင်)
(၁၅) ပူးတွဲကြေညာချက်၊ ကရင်အမျိုးသားအစည်းအရုံး နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်)
(၁၆) Analysis of The UNFC Position, EBO Briefing Paper (August 2013)
(၁၇) Riposte to Article in EBO Briefing Paper No. 8, dated August 2013 (August 15, 2013)
(၁၈) ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း (NBF) ၏ (၁၅) ကြိမ်မြောက် သဘောထားထုတ်ပြန်ကြေညာချက်၊ (၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်)
(၁၉) ကျယ်ပြန့်သော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (၂၀၁၃ ခုနှစ် မတ်လ)
(၂၀) တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ပထမတွဲ၊ ဒုတိယတွဲ) (၁၉၉၀ခုနှစ် ဧပြီလ)
(၂၁) နေ့စဉ်သတင်းများ (ဧရာဝတီ၊ ရှမ်းသံtတော်ဆင့်၊ လွတ်လပ်သော အာရှအသံ၊ ရွှေဟင်္သာ၊ Eleven Media၊ VOA၊ DVB)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts