News Features အောင်ဒင်

Aung Din – Regime’s Parliament in Perspective (27)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၂၊ ဇူလိုင်လ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၂၇)


အောင်ဒင်၊ ဇူလိုင် ၁၀၊ ၂၀၁၃

အပိုင်း (၂၇) လွှတ်တော်နှင့် အစိုးရ ယန္တရား၏ ဆောင်ရွက်ချက်များကို စောင့်ကြပ်စစ်ဆေးခွင့်အာဏာ
ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာနိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းနှစ်ယောက် အမေရိကန်ပြည်ထောင်စုကို မြန်မာမိသားစုများနဲ့ တွေ့ဆုံဖို့ လေ့လာရေးခရီး သုံးပါတ်ကြာလာရောက်ခဲ့ပါတယ်၊ သူတို့နှစ်ယောက်ကတော့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ပါ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်သူလူထုရဲ့အကျိုးစီးပွါးအတွက် အာဏာရှင်စနစ်ကို အကြမ်းမဖက်တိုက်ပွဲဝင်ရင်း နှစ်ပေါင်း ၂၀ကျော် နဲ့ ၁၈နှစ်ကျော် အကျဉ်းထောင်ထဲမှာ ဘဝကို မြှုတ်နှံစတေးခဲ့ကြတဲ့ သူရဲကောင်းနှစ်ဦးကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုများက လှိုက်လှဲဝမ်းသာစွာ ကြိုဆိုခဲ့ကြသလို အမေရိကန်ပြည်ထောင်စုအစိုးရနဲ့ ကွန်ဂရက်လွှတ်တော်က တာဝန်ရှိပုဂ္ဂိုလ်များကလည်း သူတို့နှစ်ယောက်ကို လေးစားခင်မင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊
ဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်အစိုးရကိုယ်စားလှယ်တစ်ယောက်က သူတို့ကို ဒီကနေ့ မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဏနဲ့ လှုပ်ရှားမှုများကို ဘယ်လိုမြင်ပါသလဲလို့ မေးတော့ ဦးမင်းကိုနိုင်က အခုလိုဖြေပါတယ်၊ သူ ထောင်ထဲမှာ စာဖတ်ခွင့်မရခင်အချိန်တွေတုံးက စာဖတ်ချင်လွန်းလို့ အိမ်ကပို့ပေးတဲ့ ဆေးပေါ့လိပ်တွေကို အမြန်ကုန်အောင်သောက်ဖွာ၊ ပြီးတော့ ဆေးပေါ့လိပ်ဖင်က သတင်းစာဖြတ်ပိုင်းများနဲ့လိပ်ထားတဲ့ ဆေးပေါ့လိပ်အစီခံကို စိတ်ရှည်လက်ရှည်ခွါပြီး အဲဒီ သတင်းစာဖြတ်ပိုင်းကလေးတွေမှာပါတဲ့ တစ်ဝက်တစ်ပျက်စာတွေကို အငန်းမရ ဖတ်ခဲ့ရပါတယ်တဲ့၊ တစ်ခါ သူဖတ်ရတဲ့ သတင်းတိုကလေးက အမေရိကန်ပြည်ထောင်စုအထက်လွှတ်တော်ရေးရာကော်မီတီတစ်ခုရဲ့ ကြားနာပွဲတစ်ခုမှာ စီအိုင်အေ လို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးက လာရောက်ပြီး အမေရိကန်အထက်လွှတ်တော်အမတ်များ မေးမြန်းတာတွေက ဖြေကြားရတဲ့ သတင်းပါတဲ့၊ 
သူ့အနေနဲ့အင်မတန် အံ့ဩမိပါတယ်တဲ့၊ စီအိုင်အေ ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ အင်မတန်ဩဇာကြီးမားတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းကြီးဖြစ်တာမို့ ဒီအဖွဲ့ကြီးရဲ့ အကြီးအကဲကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ်များရဲ့ ဆင့်ခေါ်တာကို လာရောက်ရပြီး မေးခွန်းတွေကို ဖြေကြားရတယ်ဆိုတာကို သူ့အနေနဲ့ များစွာ ကျေနပ်မိပါတယ်တဲ့၊ မြန်မာနိုင်ငံလို ထောက်လှမ်းရေးနဲ့ စစ်တပ်က အာဏာကြီးမားလွန်းတဲ့ တိုင်းပြည်မှာလည်း ပြည်သူလူထုကို ကိုယ်စားပြုပြီး ပြည်သူလူထုကိုယ်စား ဒီ စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေကို စစ်ဆေးမေးမြန်းနိုင်တဲ့ လွှတ်တော်မျိုးရှိဖို့ သူအရမ်းကို မျှော်လင့်ပါတယ်တဲ့၊ အခုထိတော့ အဲဒီလိုဖြစ်လာဖို့ မမြင်သေးပါဘူးလို့ ဖြေပါတယ်၊
ဦးမင်းကိုနိုင် ဖြေခဲ့တာနဲ့ ဆက်စပ်ပြီး သိပ်မကြာသေးခင်က အမေရိကန်အထက်လွှတ်တော်က စစ်ဦးစီးချုပ်များနဲ့ ထောက်လှမ်းရေးအဖွဲ့အကြီးအကဲများကို ဆင့်ခေါ်မေးမြန်းခဲ့တဲ့ ကြားနာပွဲနှစ်ခုအကြောင်း တင်ပြချင်ပါတယ်၊
ဆီးနိတ်အထက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီ ကြားနာပွဲ (မတ်လ ၁၂ရက်၊ ၂၀၁၃)
၂၀၁၃ ခုနှစ် မတ်လ ၁၂ရက်နေ့၊ မနက် ၁၀ နာရီအချိန်မှာ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်ရဲ့ ထောက်လှမ်းရေးကော်မီတီ (Senate Select Committee on Intelligence) က “မျက်မှောက်ကာလနှင့် ရှေ့အလားအလာရှိသော အမျိုးသားလုံခြုံရေး ခြိမ်းချောက်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အများပြည်သူတက်ရောက်ခွင့်ရှိတဲ့ ကြားနာပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်၊ ဒီကြားနာပွဲကို ဦးဆောင်သူက ကော်မီတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကိုယ်စားပြုအထက်လွှတ်တော်အမတ် ဒိုင်ယန်းဖိုင်းစတိုင်း (Senator Diane Feinstein-D/CA) ဖြစ်ပါတယ်၊ ဆီနိတ်တာ ဒိုင်ယန်းဖိုင်းစတိုင်း ဟာ အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံအရေးကိစ္စကို အထူးစိတ်ဝင်စားလို့ မြန်မာနိုင်ငံဆိုင်ရာ အရေးယူမှုဥပဒေတွေ ချမှတ်နိုင်အောင် ဦးဆောင်စည်းရုံးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်၊ ဒီကြားနာပွဲမှာ သူမနဲ့အတူ ကော်မီတီရဲ့ ဒု ဥက္ကဋ္ဌ ရီပါတ်ဘလီကန်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဆက်စဘီ ချမ်ဘလစ်စ (Senator Saxby Chambliss-R/GA) က ပူးတွဲကြီးကြပ်ပါတယ်၊
ဒီကြားနာပွဲမှာ ကော်မီတီရဲ့ ဖိတ်ကြားချက်အရ တက်ရောက်ပြီး သက်သေခံထွက်ဆိုသူတွေက အမေရိကန်ပြည်ထောင်စုမှာ ဩဇာအာဏာကြီးမားတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများရဲ့ အကြီးအကဲများကိုယ်တိုင်ဖြစ်ပါတယ်၊ အောက်က ဓာတ်ပုံအတိုင်း လက်ဝဲဘက်မှ လင်္ကျာဘက်သို့ အစဉ်အတိုင်းပြောရရင် (၁) အမျိုးသား အကြမ်းဖက်မှုဆန့်ကျင်ရေးဗဟိုဋ္ဌာန (National Counterterrorism Center/NCTC) ညွှန်ကြားရေးမှူး မက်သယူးအိုလ်ဆန် (Matthew Olsen)၊ (၂) ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation/FBI) ညွှန်ကြားရေးမှူး ရောဘာမြူအယ်လာ (Robert Mueller)၊ (၃) အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး ဂျိမ်းစကလက်ပါ (Director of National Intelligence James Clapper) (၄) ဗဟိုထောက်လှမ်းရေးအေဂျင်စီညွှန်ကြားရေးမှူး ဂျွန်ဘရင်နန် (Central Intelligence Agency/CIA Director John Brennan)၊ (၅) တပ်မတော်ထောက်လှမ်းရေးအေဂျင်စီ (Defense Intelligence Agency/DIA) ရဲ့ ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး မိုက်ကယ်ဖလင်း (Lt. General Michael Flynn) နဲ့ (၆) နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဂိုးလ်ဘတ် (Assistant Secretary of State for Bureau of Intelligence and Research Phillip Goldberg) တို့တက်ရောက်အစစ်ဆေးခံကြပါတယ်၊


ကြားနာပွဲမှာ အမေရိကန်ပြည်ထောင်စုကို အဓိကခြိမ်းချောက်နေတဲ့ အကြမ်းဖက်မှုများကို ဆန့်ကျင်အရေးယူရေး၊အကြမ်းဖက်မှုများကို လှုံ့ဆော်၊ အားပေး၊ ဆောင်ရွက်နေတဲ့ အယ်ခိုက်ဒါ (al-Qaida)၊ အီရန် နဲ့ မြောက်ကိုရီးယားတို့ရဲ့ အခြေအနေများကို ထောက်လှမ်းရေးအကြီးအကဲများက ရှင်းလင်းတင်ပြပြီး၊ အထက်လွှတ်တော်အမတ်များရဲ့ မေးခွန်းများကို ဖြေကြားကြပါတယ်၊ သူတို့ ချက်ချင်းမဖြေနိုင်တဲ့ မေးခွန်းများကိုလည်း နောက်ပိုင်းမှာ စာနဲ့ ရေးသားဖြေဆိုဖို့ ကတိပြုကြပါတယ်၊ ပြည်သူလူထုတက်ရောက်ခွင့်ပြုတဲ့ ကြားနာပွဲမို့လို့ သတင်းဋ္ဌာနများအပါအဝင် အမေရိကန်ပြည်သူများ ခန်းလုံးပြည့်တက်ရောက်နားထောင်ကြပါတယ်၊ ဒီကြားနာပွဲကို C-Span ဆိုတဲ့ ရုပ်မြင်သံကြားလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့အပြင် ကော်မီတီရဲ့ ဝက်ဆိုဒ် (Website) မှာလည်း အချိန်မရွေးကြည့်ရှူနိုင်အောင် ရုပ်သံဖိုင်ကို တင်ထားပါတယ်၊
အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မီတီ ကြားနာပွဲ (ဇွန်လ ၄ရက်၊ ၂၀၁၃)
နောက်ထပ်တင်ပြချင်တဲ့ ကြားနာပွဲတစ်ခုကတော့ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မီတီ (Senate Committee on Armed Services) က ၂၀၁၃ခုနှစ် ဇွန်လ ၄ရက်နေ့၊မနက် ၉နာရီခွဲမှာ ကျင်းပတဲ့ ကြားနာပွဲဖြစ်ပါတယ်၊ ကြားနာပွဲကို “လက်နက်ကိုင်တပ်ဖွဲ့များအတွင်း ဖြစ်ပေါ်နေသော လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများနှင့်ပါတ်သက်ပြီး တင်ပြထားသည့်ဥပဒေကြမ်းအတွက် စုံစမ်းစစ်ဆေးခြင်း” လို့ ခေါင်းစဉ်တပ်ထားပြီး ကော်မီတီရဲ့ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်အမတ်ကြီး ကားလ်လီဗင် (Senator Carl Levin-D) နဲ့ ကော်မီတီဝင် ရီပါတ်ဘလီကန်ပါတီကိုယ်စားလှယ်များရဲ့ခေါင်းဆောင် အထက်လွှတ်တော်အမတ်ကြီး ဂျွန်မက်ကိန်း (Senator John McCain-R) တို့က ဦးဆောင်ကျင်းပပါတယ်၊ ဂျွန်မက်ကိန်းကိုလည်း မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ထောက်ခံကူညီနေသူတစ်ဦး၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ မိတ်ဆွေကြီးအဖြစ် မြန်မာပြည်သူများ ရင်းနှီးပြီးသားဖြစ်ပါတယ်၊
ကြားနာပွဲမှာ တက်ရောက်အစစ်ဆေးခံသူများကတော့ အမေရိကန်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များအားလုံးရဲ့ စစ်ဦးစီးချုပ်များဖြစ်ကြပါတယ်၊ အမေရိကန်ပြည်ထောင်စု တပ်မတော်ကို ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်၊ ကမ်းခြေစောင့်တပ်၊များနဲ့ ဖွဲ့စည်းထားပြီး တပ်ဖွဲ့အားလုံးမှာ စစ်ဦးစီးချုပ်တစ်ဦးစီရှိကြပါတယ်၊ အဲဒီ စစ်ဦးစီးချုပ် ငါးဦးကို ပူးတွဲစစ်ဦးစီးချုပ်များ (Joint Chiefs of Staff) လို့ခေါ်ပြီး အဲဒီ ဦးစီးချုပ် ၅ ဦးထဲက တစ်ဦးကို သမ္မတက ရွေးချယ်ပြီး အထက်လွှတ်တော်ရဲ့ အတည်ပြုမှုနဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ (Chairman of Joint Chiefs of Staff) အဖြစ် ခန့်အပ်တာဝန်ပေးပါတယ်၊ မြန်မာလိုဆိုရင်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပေါ့၊ ဥက္ကဋ္ဌအဖြစ်တာဝန်အပေးခံရသူရဲ့ နေရာမှာ သက်ဆိုင်ရာတပ်ဖွဲ့က စစ်ဦးစီးချုပ်အသစ်တစ်ယောက်ကို သမ္မတက အထက်လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ခန့်အပ်ပါတယ်၊ ဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့မှာ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် စစ်ဦးစီးချုပ် ၅ဦး၊ စုစုပေါင်း ၆ ဦးရှိပါတယ်၊ 

ဒီကြားနာပွဲမှာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ်ပ်ဆီ (General Martin Dempsey, USA)၊ စစ်ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရေမွန်အော်ဒီယာနို (General Raymond Odierno, USA)၊ စစ်ဦးစီးချုပ် (ရေ) ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုနသန်ဂရင်းနာတ် (Admiral Jonathan Greenert, USN)၊ စစ်ဦးစီးချုပ် (မရိန်း) ဗိုလ်ချုပ်ကြီး ဂျိမ်းစအာမို့စ် (General James Amos, USMC)၊ စစ်ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မာက်ဝဲလ်ခ်ျ (General Mark Welsh III, USAF)၊ နဲ့ စစ်ဦးစီးချုပ် (ကမ်းခြေစောင့်တပ်) ရေတပ်ဗိုလ်ချုပ်ကြီး ရောဘတ်ပတ် ဂျူနီယာ (Admiral Robert Papp Jr., USCG ) တို့ တက်ရောက်အစစ်ဆေးခံကြပါတယ်၊

ဒီ စစ်ဦးစီးချုပ်များနဲ့အတူ တပ်ဖွဲ့များအားလုံးက စစ်ဥပဒေချုပ်များ (Judge Advocate Generals) လည်း တက်ရောက်အစစ်ဆေးခံကြပါတယ်၊ အဓိက ဆွေးနွေး ကြတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့များအတွင်းမှာ တစ်နေ့တစ်ခြားတိုးပွါးများပြားနေတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဘယ်လို တားဆီးကြမလဲ၊ ဘယ်လို စစ်ဆေးကြမလဲ၊ ဘယ်လိုအရေးယူကြမလဲ ဆိုတာတွေပါ၊ အများပြည်သူတက်ခွင့်ပြုတဲ့ ကြားနာပွဲမို့လို့ ပြည်သူအများတက်ရောက်နားထောင်ကြပါတယ်၊ ကိုယ်တိုင်မတက်ရောက်နိုင်သူများကလည်း C-Span ရုပ်မြင်သံကြားလိုင်းကဖြစ်စေ၊ ကော်မီတီရဲ့ ဝက်ဆိုက် (Website) မှာ ဖြစ်စေ ကြည့်ရှူလေ့လာနိုင်ပါတယ်၊
အမေရိကန် ကွန်ဂရက်လွှတ်တော်၏ လုပ်ပိုင်ခွင့်
အထက်မှာ ကြားနာပွဲနှစ်ခုကို ဖော်ပြတာက ဘာတွေဆွေးနွေးကြတယ်ဆိုတာကို ရှင်းပြဖို့မဟုတ်ပါ၊ ဘာကြောင့် အမေရိကန်အထက်လွှတ်တော်က ထောက်လှမ်းရေးအကြီးအကဲတွေ၊ စစ်တပ်အကြီးအကဲတွေကို ဆင့်ခေါ်ပြီး စစ်ဆေးနိုင်တာလည်း ဆိုတာကို ဆွေးနွေးဖို့ပါ၊
အမေရိကန်ပြည်ထောင်စုမှာ အချုပ်အချာအာဏာကို အဖွဲ့အစည်းသုံးခုလက်ထဲ ရှင်းလင်းစွာ အပ်နှင်းထားပါတယ်၊ အုပ်ချုပ်ရေးအာဏာကို လူထုက ရွေးချယ်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတထံ၊ ဥပဒေပြုအာဏာကို ပြည်သူ့ကိုယ်စားလှယ်များနဲ့ဖွဲ့စည်းထားတဲ့ ကွန်ဂရက်လွှတ်တော်ထံ၊ တရားစီရင်ရေးအာဏာကို သမ္မတက အထက်လွှတ်တော်ရဲ့ ထောက်ခံမှုနဲ့ ခန့်အပ်တဲ့ တရားသူကြီးချုပ်နဲ့ တရားသူကြီးများထံ အပ်နှံထားပါတယ်၊ ဒါကြောင့်အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတော်သမ္မတ၊ ကွန်ဂရက်လွှတ်တော်နဲ့ ဗဟိုတရားရုံးချုပ် ဆိုပြီး အာဏာပိုင်အဖွဲ့အစည်းသုံးခုပဲ ရှိပါတယ်၊ ဒီအာဏာပိုင်အဖွဲ့အစည်းသုံးခု အပြန်အလှန် ထိန်းကြောင်းနိုင်ဖို့ (Check and Balance) ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စနစ်တကျ ပြဋ္ဌန်းထားပါတယ်၊ 
ကွန်ဂရက်လွှတ်တော်မှာ ဥပဒေပြုမှုအာဏာအပြင် ပြဋ္ဌန်းထားတဲ့ ဥပဒေများကို အစိုးရအဖွဲ့အစည်းများက မှန်မှန်ကန်ကန်အကောင်အထည်ဖော်ခြင်းရှိ၊ မရှိ ၊ ချမှတ်ထားတဲ့ ဘတ်ဂျက်ကို မှန်မှန်ကန်ကန် သုံး၊ မသုံး၊ စုံစမ်းစစ်ဆေးနိုင်တဲ့အာဏာ (Oversight Authority) လည်းရှိပါတယ်၊ ဒါကြောင့်လည်း ကျယ်ပြန့်ကြီးမားတဲ့ အစိုးရယန္တရားကြီးရဲ့ ဆောင်ရွက်မှုများကို လေ့လာသုံးသပ်ဖို့ လွှတ်တော်ရေးရာကော်မီတီများကို ဖွဲ့စည်းပြီး ဋ္ဌာနတွေခွဲခြားတာဝန်ယူကြီးကြပ်စေပါတယ်၊ ထောက်လှမ်းရေးအဖွဲ့အစည်းများက လွှတ်တော် ထောက်လှမ်းရေးကော်မီတီရဲ့ စောင့်ကြည့်မှုအောက်မှာ (Jurisdiction) ရှိပြီး လက်နက်ကိုင်တပ်ဖွဲ့များက လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မီတီရဲ့ စောင့်ကြပ်ကြည့်ရှူမှုအောက်မှာ ရှိပါတယ်၊ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများဟာလည်း အစိုးရရဲ့ အစိတ်အပိုင်းတွေမို့ လွှတ်တော်က ဆင့်ခေါ်ရင် လာရောက်အစစ်ဆေးခံရပါတယ်၊
မြန်မာနိုင်ငံမှာတော့ မမြင်သေးပါ
မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒီလိုအခြေအနေမျိုးဖြစ်လာဖို့ကို လောလောဆယ်တော့ ဦးမင်းကိုနိုင်ပြောသလိုပဲ မမြင်သေးပါ၊ ပြည်ထောင်စုလွှတ်တော်မှာလည်း အာဏာကို လွှတ်တော်ဥက္ကဋ္ဌများကသာ ချုပ်ကိုင်ထားဆဲဖြစ်ပြီး ရေးရာကော်မီတီများရဲ့အခန်းကဏ္ဏဟာ ကြီးကြီးမားမားမရှိသေးပါ၊ အမြဲတမ်းကော်မီတီ လေးခုကလွဲရင် ကျန်ရေးရာကော်မီတီများအားလုံးဟာ လွှတ်တော်ဥက္ကဋ္ဌများရဲ့အလိုဆန္ဒနဲ့ ဖွဲ့စည်းတဲ့ တစ်နှစ်သက်တမ်းရှိယာယီကော်မီတီများသာ ဖြစ်ပြီး ဒီကော်မီတီများကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်များဟာလည်း ကျဉ်းမြောင်းလှပါတယ်၊ ပြီးတော့ အမေရိကန်ပြည်ထောင်စုကွန်ဂရက်လွှတ်တော်မှာလို လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မီတီတို့၊ ထောက်လှမ်းရေးအဖွဲ့များဆိုင်ရာကော်မီတီတို့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ လုံးဝမရှိသေးပါ၊
တစ်ခါ မြန်မာနိုင်ငံမှာ တပ်မတော်ဟာ သီးခြားအာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်နေပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ထက်တောင် ပိုပြီး အာဏာကြီးမားနေပါတယ်၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) မှာ “နိုင်ငံတော်အချုပ်အချာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်၊” လို့ ပြဋ္ဌန်းထားပေမည့် အဲဒီ အာဏာသုံးရပ်အပေါ်မှာ တပ်မတော်ရဲ့ လွှမ်းမိုးနိုင်ခွင့်တွေကိုလည်း ပြဋ္ဌန်းထားပြန်ပါတယ်၊ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်များ၊ ထောက်လှမ်းရေးအကြီးအကဲများ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်မှာ အစစ်ဆေးခံနိုင်တဲ့ အခြေအနေမျိုးကို မတွေ့မမြင်ရသေးကြောင်းပါ၊
လေးစားစွာ၊
အောင်ဒင်
ဇွန်လ ၂၃၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts