News Features

၄၄နှစ်ကြာစောင့်ခဲ့ရသော အရှေ့တောင်အာရှအားကစားပွဲ (Zaw Aung)

 

၄၄နှစ်ကြာစောင့်ခဲ့ရသော အရှေ့တောင်အာရှအားကစားပွဲ
ဇော်အောင် (မုံရွာ၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃

မြန်မာပြည်မှာ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနား မနေ့ညက ကျင်းပပြီးစီးခဲပါပြီ။ အရှေ့တောင်အာရှအကောင်းဆုံး အားကစားသမား ၆၀၀၀ နဲ့ ဝဏ္ဍသိဒ္ဓိအားကစားရုံအသစ်ကြီးမှာ ကျင်းပခဲ့ပါတယ်။ ပရိတ်သတ် ၃သောင်း လာရောက်ကြည့်ရှုပါတယ်။ မြန်မာ့မျှားပစ်သမား မောင်ဝေလင်းထွန်းရဲ့ မျှားနဲ့မီရှုးပန်းတိုင်ကို ထွန်းညှိလိုက်ပါတယ်။ စစ်အုပ်ချုပ်ရေး နှစ်၅၀ရဲ့ အဆုံးသတ် အားကစားပွဲဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတဦးဥာဏ်ထွန်းတို့က အခမ်းအနားကိုဖွင့်လစ်ပေးခဲ့ပါတယ်။

ဒေါ်လာသန်းပေါင်း ၄၀၀ အကုန်ခံခဲ့ပါတယ်။ တရုပ်နိုင်ငံက ၂၀၀၈ခုနှစ် ကမ္ဘာ့အိုလံပစ်ကျင်းပခြင်း အတွေ့အကြုံများကို မြန်မာများကို လာရောက်ကူညီပေးခဲ့ပါတယ်။ တရုပ်နိုင်ငံမှ ဒေါ်လာ ၃၃ သန်းဖိုး အားကစားအကူညီများ ပေးခဲ့ပါတယ်။ နိုင်ငံတကာကလည်း အကူညီများစွာပေးခဲ့ပါတယ်။ ဥပမာ အားကစားဝတ်စုံများအတွက် ဂျပန်နိုင်ငံက အကူညီပေးခြင်း ဖြစ်ပါတယ်။

နောက်၂နှစ်အကြာ၂၀၁၅ ပြိုင်ပွဲကတော့  စင်ကာပူနိုင်ငံမှာ ကျင်းပမယ် ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပထမဆုံး ရိုးရာခြင်း ပွဲဦးထွက် ရွှေ ၆ ခုဆွတ်ခူးခဲ့ပြီး၊ ယခုဖွင့်ပွဲကျင်းပတဲ့နေ့အထိ ရွှေ ၁၈ ခုနဲ့ ပထမနေရာမှာ ဦးဆောင်နေပါတယ်။ မြန်မာအသင်းဟာ ရွှေ ၁၀၀ ခု မှန်းထားပြီး နိုင်ငံအလိုက် တတိယနေရာကို မျှော်မှန်းထားပါတယ်။ ပထမနဲ့ဒုတိယ ရမဲ့ ၂  နိုင်ငံကတော့ ထိုင်းနဲ့အင်ဒိုနီးရှားတို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ရွှေ၁၂၀ခု မှန်းထားပြီး၊ အင်ဒိုနီးရှားနိုင်ငံက ရွှေ၁၃၀ခု မှန်းထားပါတယ်။ မြန်မာအသင်းဟာ ယခင်ပြိုင်ပွဲများမှာ ၁၁သင်းပြိုင်ပွဲကို အဆင့်၆၊ ၇၊ ၈ လောက်မှာချိတ်ပါတယ်။ ဒီနှစ်မှာတော့ အဆင့်(၃)ကို မှန်းထားပါတယ်။ 

ဖွင့်ပွဲအခန်းအနား ၃နာရီကို ကြည့်သူများကတော့ ပထမပိုင်း ၁နာရီခွဲ ဖွင့်ပွဲကို အလွန်ကြိုက်နှစ်သက်ကြပါတယ်။ ညအမှောင်ပျိုးချိန်မှာ လူ၈၀၀ကျော်က မီးတိုင်များကိုင်ထားပြီး၊ အမှောင်ထဲမှာ မီးတိုင်များ၊ လင်း၊မှိတ်လုပ်ခြင်း၊ နေရာယူခြင်းများနဲ့ အားကစား၊ စာလုံးများကို အကောင်ထည်ဖေါ်ပြခြင်းဟာ ကြည့်ရှုလို့ကောင်းလှသလို၊ ဖွင့်ပွဲအတွက် မြန်မာ့ရိုးရာ စောင်းကောက်၊ ပတ္တလားများကို ရိုးရာမြန်မာဝတ်စုံနဲ့ ဂီတပညာရှင်အမျိုးသမီးများစွာ၊ အမျိုးသားများစွာ၊ မြန်မာ့ဆိုင်းဝိုင်းကြီးကိုလည်း ရိုးရာမြန်မာဝတ်စုံနဲ့ နှဲ၊ ပတ်ဝိုင်း၊ ဗုံသံများနဲ့အတူ ခေတ်ပေါ်ဂီတများနဲ့ ပေါင်းစပ်ဖြေဖျော်ပါတယ်။ မြန်မာနိုင်ငံတော်သီချင်းကို သီဆိုတီးမှုတ်ရင်း အားကစားအလံ၊ မြန်မာအလံတင်ပွဲပြုလုပ်ပါတယ်။ နောက်ပိုင်း ၁နာရီခွဲအစီအစဉ်ကတော့ အတိတ်က မြန်မာဘုရင်၊ အနော်ရထာခေတ်နဲ့အတိတ်က ရွှေထီးဆောင်းခဲ့ပုံများအကြောင်း၊ အာဆီယံကပွဲများ၊ အခြားသီဆို၊တီးမှုတ်ကပွဲများကို ဆက်လက်ဖြေဖျော်ပြသသွားပါတယ်။

အားကစားပွဲ ၃၃မျိုး ကျင်းပရာမှာ ၂၀မျိုးကို နေပြည်တော်မှာကျင်းပပြီး၊ ရန်ကုန်မှာ ၇မျိုး၊ မန္တလေးမှာ အမျိုးသမီးဘော်လုံးပွဲ တစ်မျိုး၊ ငွေဆောင်မှာ ရွက်လှေပြိုင်ပွဲ ၁မျိုး ကျင်းပမယ်ဖြစ်ပါတယ်။ မြန်မာအသင်းက နည်းပြနဲ့အားကစားသမား ၁၂၄၈ ဦးနဲ့ အများဆုံးပါဝင်ပြီး၊ ထိုင်းနိုင်ငံ ၁၀၉၆ ဦး၊ အင်ဒိုနီးရှား ၈၄၀ ဦး၊ မလေးရှား ၇၉၈ ဦး၊ ဗီယက်နမ် ၇၂၄ ဦး၊ စင်ကာပူ ၄၇၆ ဦး၊ ဖိလစ်ပိုင်း ၃၈၅ ဦး စသဖြင့် ပါဝင် ယှဉ်ပြိုင်ကြမယ်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀လောက်ကတည်းက ဂရိမြို့ပြနိုင်ငံများစွာ အချင်းချင်းတိုက်ခိုက်၊ စစ်ခင်းကြရာမှာ ၄နှစ်တစ်ခါ စစ်ပွဲတွကိုရပ်ပြီး၊ အိုလံပစ်အားကစားပွဲ၊ ဂရိနိုင်ငံ အိုလံပစ်အရပ်မှာ ကျင်းပခဲ့ပါတယ်။ ဂရိနိုင်ငံများကို ရောမအင်ပါယာ (အီတလီ) လက်အောက်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ အားကစားပွဲကို ၁၉၀၀ ပြည့်နှစ်မှာ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှ အားကစားပွဲကိုလဲ ဒေသဆိုင်ရာ အိုလံပစ်ပွဲအဖြစ် ထိုစဉ်က အာရှတိုက်ရဲ့ ဒီမိုကရေစီ၊ စီးပွားရေးတိုးတက်ခဲ့တဲ့ မြန်မာဝန်ကြီးချုပ် ဦးနုနဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ စတဲ့ ခေါင်းဆောင်များက ပြန်လည်စတင်ခဲ့ပါတယ်။ 

 ပထမအကြိမ်ကို ထိုင်းနိုင်ငံ(၁၉၅၉)၊ ဒုတိယအကြိမ်မြန်မာနိုင်ငံ(၁၉၆၁) ကျင်းပနိုင်ခဲ့ပါတယ်။ အခုစစ်အာဏာရှင်စနစ်ကို ရုတ်သိမ်းပြီး၊ ၂၇ကြိမ်မြောက် အားကစားပွဲကြီး မြန်မာနိုင်ငံမှာကျင်းပကြပါတယ်။ ဂရိမြို့ပြနိုင်ငံများ အိုလံပစ်အားကစားပွဲကျင်းပချိန်မှာ စစ်ပွဲရပ်စဲခဲ့သလို၊ မြန်မာပြည်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ ခရိုနီများနဲ့လာဘ်စားမှုများ၊ တရားဥပဒေမဲ့မှုများကို ပွဲတော်ပြီးတဲ့နောက်မှာ အမြန်ဆုံးဖြေရှင်းဖို့၊ လိုနေပါတယ်။ 

တရုပ်ပြည်က အကူညီ ဒေါ်လာ ၃၃ သန်း ပေးတယ်ဆိုတာလဲ အားကစားရုံဆောက်လုပ်ခြင်း ဒေါ်လာသန်း ၄၀၀ တရုပ်ကုမ္ပဏီများက ရရှိထားတဲ့အထဲကနေ အားကစားရုံများဆောက်လုပ်ခ ရဲ့ ၁၀% ပြန်ပေးသလိုဖြစ်ပါတယ်။ အားကစားရုံကြီးများကို နောက်ပိုင်း နေပြည်တော်မှာ အားကစားသက္ကသိုလ်အဖြစ်အသုံးချမယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်စေ ငြိမ်းချမ်းရေးကို ဒေါ်လာသန်း ၄၀၀ သုံးပြီး အားကစားနဲ့ စတင်တည်ဆောက်ရာမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍ ပျောက်နေတာလည်း ဝမ်းနည်းစရာဖြစ်ပါတယ်။


ပါဝင်တင်ဆက်ပေးတဲ့ ထောင်ပေါင်းများစွာသော မြန်မာလူမျိုးပေါင်းစုံ၊ လူငယ်များလည်း ပျော်ကြသလို၊ ကြည့်ရှုတဲ့ မြန်မာ တိုင်းရင်းသားအားလုံး အပါဝင်၊ တကမ္ဘာလုံးကလည်း မြန်မာနိုင်ငံအမျိုးသားဝတ်စုံများကို မြင်ရတဲ့အတွက် ပျော်ရွှင်ကြမယ်ဖြစ်ပါတယ်။ အခုဖွင့်ပွဲမှာ အသစ်လွင်ဆုံးအဖွဲ့ကတော့၊ အားကစားအဖွင့်တိုင်းရဲ့ ရှေ့ဆုံးမှာ ချီတက်ရာလာတဲ့ ဘင်ခရာအဖွဲ့များဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကျောင်းသား လူငယ်ကလေးများဖြစ်ကြပြီး မြန်မာနိုင်ငံအနာဂါတ်များ ဖြစ်ပါတယ်။ လူငယ်လေးများကို ကြည့်ပြီး ရိုးသားပွင့်လင်းမှုကို တွေ့မိပါတယ်။ နောက်တစ်ခုကတော့ မြန်မာအားကစားအဖွဲ့ ၁၂၀၀ကျော် မြန်မာ့ရိုးရာဝတ်စုံနဲ့ ချီတက်လာခြင်းဟာ စိတ်ဝင်စားစရာ မျိုးချစ်စိတ်ဖြစ်စေပြီး၊ လှပပါတယ်။ အားကစားအမျိုးသမီးများက မြန်မာအင်္ကျီပန်းရောင်၊ အနီရင့်ရောင်ချိန်ထမီ၊ အမျိုးသားများကတော့ ခေါင်းပေါင်း၊ တိုက်ပုံဖြူ၊ ပန်းရောင်ပုဆိုးတို့နဲ့ လှပတင့်တယ်စွာ လမ်းရှောက်လာပါတယ်။

 အားကစားသမားများပီပီ ပျော်ရွင်ခုံပေါက်၊ မြူးတူးပြီး နိုင်ငံပေါင်း ၁၁နိုင်ငံမှ အားကစားကွင်းအတွင်း ဝင်ရောက်လာကြပါတယ်။  အားကစားမီးရှုးတိုင်ကို လက်ဆင့်ကမ်းတဲ့ မြန်မာ့ဂုဏ်ဆောင် အားကစားသမားများဟာ အသက်၆၀ကျော်၊ ၇၀ကျော်ကြီးများ ဖြစ်နေပါပြီ။ သံလုံး၊သံပြားပစ် အရှေ့တောင်အားရှတင်မက၊ အာရှအဆင့်ဝင်တဲ့ ဂျင်နီဖာတင်လေး (ရွှေတံဆိပ်၁၅ခု)၊ မြန်မာ့ဘော်လုံးမှာကမ္ဘာ့အဆင့်ဂိုးသမားကြီး ဦးတင်အောင် (ရွှေတံဆိပ်၁၇ခု)၊ မြန်မာ့တာတိုပြေးပွဲမှာ အာရှအဆင့်ထိပ်တန်းအပြေးမယ် ဒေါ်သန်းသန်း (ရွှေ၁၉ခု)၊ မြန်မာပြေးခုန်ပစ် တာလတ်အပြေးမယ် ဒေါ်ခင်ခင်ထွေး (ရွှေ ၂၈ခု) စသည်တို့က အလံကိုင်၊ လက်ဆင့်ကမ်းပြေးနိုင်နေတာကို မြင်ရတဲ့အခါမှာလည်း ၁၉၆၀၊ ၁၉၇၀ခေတ်က မြန်မာ့ဂုဏ်ဆောင်ကြီးများအတွက် ဝမ်းသာ၊ ဝမ်းနည်းမျက်ရည်လည်မိပါတယ်။  အခုခေတ် လူကြီးများက နိုမ့်ချ၊ ရိုးသားစွာနဲ့ လူငယ်သွေးသစ်များအတွက် စံနမူနာအဖြစ်၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ 

ဖွင့်ပွဲအခမ်းအနားကို လက်မှတ်များနည်းမျိုးစုံဖြန့်ဝေခဲ့ပေမဲ့ ဆင်းရဲမွဲတေနေတဲ့ မြန်မာလူထုအတွက် တီဗွီအားဆေးကြီး အဆင့်ပဲ ရှိနေပါတယ်။  ပရိတ်သတ် မြန်မာများ အပြည့် မအားပေးနိုင်၊ မလာရောက်နိုင်ကြပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်သူလူထု တီဗွီ၊ ရုပ်မြင်သံကြားကပဲ ကြည့်ရှုကြမှာဖြစ်ပါတယ်။ နိုင်ငံခြားပရိတ်သတ်ကိုတော့ Singapore Sports Youtube မှာ ၃နာရီ၇မိနစ်ကြာတောင် တင်ပေးထားပါတယ်။ မြန်မာနိုင်ငံက တီဗွီမှာ မကြည့်လိုက်ရသူများ၊ နေပြည်တော်ထိအောင် မသွားကြည့်နိုင်သူများ၊ ကွန်ပြူတာအင်တာနက်ကနေ့ ကြည့်ရှုနိုင်ကြပါတယ်။

 ဇော်အောင်(မုံရွာ)
 

http://www.youtube.com/watch?v=uYknHX0h3XA




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts