News Features အောင်ဒင်

Aung Din – Regime Parliament (32)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၇၊ ဩဂုတ်လ ၈ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (32)

အောင်ဒင်သြဂုတ် ၂၀၊ ၂၀၁၃
အပိုင်း (၃ ၂) လွှတ်တော်နှင့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း (ခ)

အရက်နှင့် ယဉ်ပါးကြရသော မြန်မာကလေးသူငယ်များ
အရက် ဆိုတာလည်း မြန်မာကလေးသူငယ်များ ငယ်ငယ်ကတည်းက ယဉ်ပါးတဲ့ အရာတစ်ခုဖြစ်သလို နိုင်ငံတစ်ဝှမ်းမှာ ပေါပေါများများ၊ လွယ်လွယ်ကူကူဝယ်ယူနိုင်တဲ့ ရောင်းကုန်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်၊
ကလေးသူငယ်ရဲ့ အိမ်မှာ အရက်သောက်တဲ့ မိဘ၊ ဆွေမျိုးရှိတတ်ကြပါတယ်၊ ကလေးရဲ့ ပါတ်ဝန်းကျင်၊ရပ်ကွက်ထဲမှာ အရက်ကြိုက်တဲ့ လူကြီးတွေ ရှိကြပါလိမ့်မယ်၊ ဝတ္ထုစာအုပ်တွေ ဖတ်တတ်တဲ့အချိန်မှာ ဝတ္ထုထဲက ဇာတ်လိုက်က ရည်းစားနဲ့ကွဲလို့ ဝမ်းနည်းရတဲ့အခါ အရက်သောက်ပြီး လောကကြီးကို စိန်ခေါ်တယ်ဆိုတာမျိုး ဖတ်မိပါလိမ့်မယ်၊ မိဘက ဖြစ်စေ၊ လူကြီးတစ်ယောက်ယောက်က ဖြစ်စေ ကလေးသူငယ်တစ်ယောက်ကို ပိုက်ဆံပေးပြီး အရက်ဆိုင်က အရက်ဝယ်ခိုင်းတာမျိုးလည်း ရှိပါလိမ့်မယ်၊ လမ်းဘေးက ကြော်ငြာဆိုင်းဘုတ်ကြီးတွေမှာလည်း မင်းသား၊ မင်းသမီး လှလှလေးတွေက အရက်ပုလင်း၊ ဘီယာပုလင်းတွေနဲ့ သရုပ်ဆောင်ပြနေတာ ၊ ကံစမ်းမဲတွေနဲ့ ဖျားယောင်းနေတာ တွေ့ရပါလိမ့်မယ်၊ ဒီလိုနဲ့ အရက်ကို ရင်းနှီး၊ အရက်နံ့ကို ရင်းနှီး၊ အရက်ဆိုင်နဲ့ ရင်းနှီးနေရတဲ့ ကလေးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်လာတာ သိပ်တော့မဆန်းလှပါ၊ ပိုဆိုးတာက ကလေးသူငယ်တွေ၊ အရွယ်မရောက်သေးသူတွေ၊ ကျောင်းသားအရွယ်လေးတွေလာရောက်ပြီး အရက်ဝယ်တာကို ဈေးရောင်းသူက လွယ်လွယ်ကူကူ ရောင်းချပေးနေတာပါပဲ၊ ဈေးသည်အတွက်တော့ သူရောင်းလိုက်တဲ့ အရက်ပုလင်းက ရမည့်အမြတ်ငွေကိုပဲ စိတ်ဝင်စားပါလိမ့်မယ်၊ သူ ဒီကလေးကို အရက်ရောင်းလိုက်လို့၊ ဒီကလေးကို အရက်နဲ့ ရင်းနှီးကျွမ်းဝင်အောင် သင်ကြားပေးလိုက်သလိုဖြစ်ပြီး သူကြောင့် ဒီကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမားတစ်ယောက်ဖြစ်လာနိုင်တယ်၊ ဒီကလေးရဲ့ အနာဂတ် ပျက်စီးသွားနိုင်တယ် ဆိုတာမျိုး တွေးမိမယ်မထင်ပါ၊
အရက်နှင့်ပါတ်သက်သော အသက်ကန့်သတ်ချက်
ကမ္ဘာ့နိုင်ငံအများစုမှာ တရားဝင်အရက်သေစာသောက်သုံးခွင့်ရှိသော အသက် (Legal Drinking Age) ကို ဥပဒေပြဋ္ဌန်း သတ်မှတ်ထားကြပါတယ်၊ ဒီဥပဒေမှာ တရားဝင် အရက်သေစာသောက်သုံးခွင့်ပြုသော အသက်နဲ့ တရားဝင် အရက်သေစာဝယ်ယူခွင့်ရှိသော အသက် ဆိုပြီး နှစ်ပိုင်းခွဲခြားထားပြီး အသက်ကန့်သတ်ချက်တွေက နိုင်ငံအလိုက် ကွဲပြားမှုရှိကြပါတယ်၊ မွတ်ဆလင်နိုင်ငံအများစုမှာတော့ အရက်သောက်ခြင်းကို လုံးဝပိတ်ပင်တားဆီးပါတယ်၊ နိုင်ငံအများစုရဲ့ တရားဝင် အရက်သေစာသောက်သုံးခွင့်၊ ဝယ်ယူခွင့်ပြုတဲ့ အသက်က ၁၈ နှစ်ပါ၊ အမေရိကန်ပြည်ထောင်စုရဲ့ အရက်သောက်ခွင့် အသက်ကန့်သတ်ချက်က ၂၁ နှစ်ဖြစ်ပြီး ဂျပန်နဲ့ အိုင်းစလန် နိုင်ငံများမှာ အသက် ၂၀ ဖြစ်ပါတယ်၊
အမေရိကန်ပြည်ထောင်စုမှာ “နိုင်ငံတော်အတွင်း အရက်သေစာသောက်သုံးခြင်းနှင့်ပါတ်သက်၍ အနည်းဆုံး အသက်ကန့်သတ်ချက်ဥပဒေ” (National Minimum Drinking Age Act of 1984) ကို ၁၉၈၄ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က အတည်ပြုပြဋ္ဌန်းပါတယ်၊ ဒီဥပဒေက ပြည်ထောင်စုအတွင်းမှာ ပါဝင်တဲ့ ပြည်နယ်များမှာ အသက် ၂၁နှစ် ပြည့်ပြီးသူများကိုသာအရက်သေစာဝယ်ယူခွင့်နဲ့ လက်ဝယ်ပိုင်ဆိုင်ခွင့်ပြုဖို့ ဥပဒေတွေ ပြည်နယ်အလိုက် သီးခြားဆီပြဋ္ဌန်းကြဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်၊
ဒီဥပဒေအရ အသက် ၂၁ နှစ်ပြည့်ပြီးမှသာ အရက်ဝယ်ခွင့်၊ အရက်ပုလင်းပိုင်ဆိုင်ခွင့်ရှိပေမည့် အသက် ၂၁နှစ်အောက် အရက်သေစာသောက်သုံးမှုကိုတော့ ပြည်ထောင်စုအစိုးရအနေနဲ့ ဥပဒေပြုတားမြစ်ခြင်းမရှိပါဘူး၊ ဒီလို ကိစ္စမျိုးဟာ ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ဖြစ်ပါတယ်၊ 

ဒီဥပဒေကို ပြည်နယ်လွှတ်တော်များက သက်ဆိုင်ရာ ပြည်နယ်အလိုက်ဥပဒေများအဖြစ် ပြဋ္ဌန်းကြရာမှာ ဝါရှင်တန်ဒီစီ နဲ့ ပြည်နယ် ၇ ခု (အလာဘားမား၊ အိုင်ဒါဟို၊ အင်ဒီယားနား၊ ကဲန်းဆတ်၊ မြောက်ကယ်ရိုလိုင်းနား၊ ဗားမောင့် နဲ့ ပင်ဆယ်ဗေးနီးယား) တို့က အသက် ၂၁နှစ်ပြည့်ပြီးမှသာ အရက်သေစာ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ သောက်သုံးခွင့်ပြုမယ်လို့ ဥပဒေပြုကြပါတယ်၊ ကယ်လီဖိုးနီးယား၊ ကိုလိုရာဒို၊ မေရီလန်း၊ မွန်တားနား၊ နယူးယောက်၊ တက်ဆတ်၊ အနောက်ဗာဂျီးနီးယား၊ ဝိုင်အိုမင်း နဲ့ ဝစ်စကွန်ဆင်ပြည်နယ်တွေမှာတော့ အနည်းဆုံးအရက်ဝယ်ခွင့်၊ ပိုင်ဆိုင်ခွင့်ကို အသက် ၂၁နှစ်လို့ ကန့်သတ်ထားပေမည့် အသက် ၂၁နှစ် အောက်အရက်သေစာသောက်သုံးမှုကို အုပ်ထိန်းသူ၊ မိဘရဲ့ ခွင့်ပြုချက်လည်းရှိမယ်၊ အုပ်ထိန်းသူ၊ မိဘကိုယ်တိုင်လည်းအနားမှာ ရှိမယ်ဆိုရင် သတ်မှတ်ထားတဲ့ နေရာအချို့မှာ ခွင့်ပြုပါတယ်၊ အသက် ၂၁နှစ်အောက် အရက်သောက်ခွင့်ပြုခြင်းနဲ့ပါတ်သက်ပြီး ပြည်နယ်တွေကြား ကွဲပြားမှုအနည်းငယ်ရှိစေကာမူ ပြည်နယ်အားလုံးနဲ့ ပြည်ထောင်စုတစ်ခုလုံးမှာ အသက် ၂၁ နှစ်အောက်ကို အရက်ရောင်းခွင့်မရှိပါ၊ အသက် ၂၁နှစ်အောက် လူငယ်များဟာ အရက်သေစာ လက်ဝယ်ပိုင်ဆိုင်ခွင့်မရှိပါ၊

ဒီအသက်ကန့်သတ်ချက်ဟာ ဥပဒေမို့ ဒီဥပဒေကို ချိုးဖောက်ရင် အပြစ်ဖြစ်ပါတယ်၊ အရေးယူခံရပါမယ်၊ ဒါဏ်ငွေ ဒေါ်လာ ငါးထောင် (သို့မဟုတ်) ထောင်ဒဏ်တစ်နှစ်အထိ ကျခံရနိုင်ပါတယ်၊ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စုက အရက်ဆိုင်တွေမှာ၊ စားသောက်ဆိုင်တွေမှာ “အသက် ၂၁နှစ်မပြည့်ရင် အရက်မရောင်းပါ” လို့ အတိအလင်း ကြေညာထားကြသလို အရက်ဝယ်ယူသူကိုလည်း အသက်ပြည့်မပြည့်စစ်ဖို့ မှတ်ပုံတင်တောင်းယူ စစ်ဆေးကြပါတယ်၊
နယူးယောက်ပြည်နယ်တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်ဟန်ဆန် (Professor David J. Hanson, Ph.D, State University of New York) ပြုစုတဲ့ စစ်တမ်းတစ်ခုအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၂ နိုင်ငံကို လေ့လာရာမှာ အနည်းဆုံးအရက်သောက်ခွင့်ပြုတဲ့အသက်ကို ၁၈ နှစ်အဖြစ် သတ်မှတ်တဲ့ နိုင်ငံပေါင်း ၁၀၄ နိုင်ငံရှိပြီး ၁၆နှစ် သတ်မှတ်တာက ၁၅ နိုင်ငံ၊ ၁၇နှစ် သတ်မှတ်တာက ၂ နိုင်ငံ၊ ၁၉ နှစ်သတ်မှတ်တာက ၂ နိုင်ငံ၊ ၂၀ နှစ်သတ်မှတ်တာက ၃ နိုင်ငံ၊ ၂၁ နှစ်သတ်မှတ်တာက ၇ နိုင်ငံနဲ့ အသက်သတ်မှတ်ချက်မရှိတာက ၁၉ နိုင်ငံရှိပါတယ်၊ အဲဒီစာရင်းထဲမှာ မြန်မာနိုင်ငံမပါဝင်ပါ၊
မူလက အသက် ၁၈ နှစ်သတ်မှတ်ခဲ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၂၀၀၈ခုနှစ်မှာ အရက်နှင့် နှင့်အဖျော်ယမကာများထိန်းချုပ်ရေးဥပဒေ (The Alcoholic Beverage Control Act of 2008) ကို ပြဋ္ဌန်းပြီး အနည်းဆုံး အရက်နဲ့ အဖျော်ယမကာ ဝယ်ယူခွင့်၊ လက်ဝယ်ရှိခွင့်၊ သောက်သုံးခွင့် အသက်ကို ၁၈နှစ်ကနေ ၂၀ နှစ်အထိတိုးမြှင့်ခဲ့ပါတယ်၊
ကလေးသူငယ်များအရက်သောက်ခြင်းနှင့် မြန်မာနိုင်ငံ
ကျနော်တို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်များ နဲ့ အရွယ်မရောက်သေးသူများ (အသက် ၁၈နှစ်အောက်) ကို အကာအကွယ်ပေးဖို့အတွက် အရက်သေစာဝယ်ယူခွင့်၊ လက်ဝယ်ပိုင်ဆိုင်ခွင့်၊ သောက်သုံးခွင့်များနဲ့ပါတ်သက်ပြီး အနည်းဆုံး အသက်ကန့်သတ်ချက်ပြဋ္ဌန်းတဲ့ ဥပဒေ မရှိသေးဘူးလို့ ထင်ပါတယ်၊ ရှိရင်လည်း အဲဒီဥပဒေကို ထိရောက်အောင် အကောင်အထည်ဖော်မှု အင်မတန်အားနည်းတယ်လို့ မြင်ပါတယ်၊ စတိုးဆိုင်တွေမှာ အရက်ဝယ်ရင် အသက်အရွယ်ကို မစစ်ဆေးပဲ အလွယ်တကူရောင်းချနေကြတုံးပါ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေ မှာလည်း အရက်မှာရင် အသက်ကိုမစစ်ပဲ အလွယ်တကူ ရောင်းချနေကြဆဲပါ၊ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေမှာ ကလေးသူငယ်တွေကို မရောင်းချပါလို့ ကြေညာထားတာ မတွေ့ရပါ၊
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၃ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ “ကလေးသူငယ်ဥပဒေ” ရဲ့ အခန်း (၁၇)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ပုဒ်မ (၆၅) ပုဒ်မခွဲ (ခ) မှာ “အရက်ကို သီးသန့်ရောင်းချသောနေရာသို့ ကလေးသူငယ်အား ခေါ်ဆောင်သွားခြင်း သို့မဟုတ် ဝင်ရောက်ခွင့်ပေးခြင်း၊ ကလေးသူငယ်အား အရက်ဝယ်ခိုင်းခြင်း၊ အရက်ရောင်းချခြင်း၊ အရက်သောက်ရန်ခွင့်ပြုခြင်း၊ အရက်ရောင်းဝယ်သည့်လုပ်ငန်းတွင် အလုပ်ခိုင်းစေခြင်း သို့မဟုတ် အလုပ်လုပ်ခွင့်ပြုခြင်း” ပြုလုပ်သူ မည်သူကိုမဆို “ထောင်ဒဏ် ၆လအထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်ထောင် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊” လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေကို ကြည့်ရင်လည်း ကလေးသူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးသူများအပေါ် ချမှတ်မည့် ပြစ်ဒဏ်က အင်မတန်ကို နည်းလွန်းလှပါတယ်၊ ပြီးတော့ ဒီဥပဒေရှိတာတောင်မှ ကလေးသူငယ်တွေကို အရက်ဆိုင်ထဲမှာ တွေ့နေရဆဲ၊ ကလေးသူငယ်တွေ အရက်ဝယ်နေကြဆဲ၊ ကလေးသူငယ်တွေ ၊ အရွယ်မရောက်သေးသူတွေ အရက်သောက်နေကြဆဲပါ၊
ဒါပေမည့် ၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization/WHO) ရဲ့ “အရက်နှင့် ကျန်းမာရေး ကမ္ဘာ့အခြေအနေပြ အစီရင်ခံစာ” (Global Status Report on Alcohol and Health 2011) မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ခံအချက်အလက်တွေမှာတော့ မြန်မာနိုင်ငံရဲ့ အနည်းဆုံး တရားဝင် အရက်သေစာ သောက်သုံးခွင့်၊ ရောင်းချခွင့်၊ လက်ဝယ်ရှိခွင့်အသက်ကန့်သတ်ချက်ဟာ ၁၈နှစ် ဖြစ်တယ်လို့ ဆိုပါတယ်၊ အဲဒီလို အသက်ကန့်သတ်ထားတယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သိရှိပြီး ကျနော်တို့ မြန်မာပြည်သူများမသိကြတာကတော့ အံ့ဩစရာပါ၊ သူတို့သိအောင်၊ ဂရုစိုက်အောင် ဥပဒေကို အကောင်အထည်ဖော်မှု၊ လက်တွေ့ကျင့်သုံးမှုတွေ အားနည်းနေတယ် ဆိုတာ ထင်ရှားပါတယ်၊ကျနော်တို့တိုင်းပြည်အတွက် အင်မတန်တန်ဖိုးရှိလှတဲ့ ကလေးသူငယ်များ၊ အရွယ်မရောက်သေးသူများကို အရက်သေစာရဲ့ ဖျားယောင်းသွေးဆောင်မှုများနောက် အရွယ်မတိုင်ခင် လိုက်ပါမသွားကြအောင် အကာအကွယ်ပေးဖို့ ပိုပြီးခိုင်မာတဲ့ ဥပဒေတွေ၊ လက်တွေ့အကောင်အထည်ဖော်မှုတွေ လိုအပ်နေကြောင်းပါ ခင်ဗျား၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
ဇူလိုင်လ ၂၉၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts