ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၉)
အောင်ဒင် ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၄၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃)
(၆) အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များအစည်းအဝေး
လိုင်ဇာညီလာခံက ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များဟာ နိုဝင်ဘာလ (၃) ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး အခြားပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က အရာရှိများအပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး တို့ပါဝင်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ကိုတော့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း နဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့က ခေါင်းဆောင်ပါတယ်၊
မြန်မာအစိုးရဘက်က မျှော်လင့်ချက်ကြီးကြီးထားခဲ့တဲ့ အဲဒီအစည်းအဝေးကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ (Mr. Vijay Nambiar)၊ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် ဝမ်ရင်ဖန်း (Mr. Wang Ying Fan) တို့လည်းလေ့လာသူများ အဖြစ်တက်ရောက်ကြပါတယ်၊ မြန်မာအစိုးရဘက်က ဒီအစည်းအဝေးကို နိုဝင်ဘာလထဲမှာ ကျင်းပနိုင်လိမ့်မယ်လို့ သူတို့မျှော်လင့်နေကြတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ် ရေးထိုးပွဲအတွက် အကြိုညှိနှိုင်းပွဲလို့တောင် သဘောထားပါတယ်၊ နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ဒါပထမဆုံးအကြိမ် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနီးပါးနဲ့ မြန်မာ့ပြည်တွင်းမှာ တရားဝင် တစ်ပြိုင်တည်း တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်၊
ဒါပေမည့်လည်း ဒီနှစ်ရက်ကြာဆွေးနွေးပွဲဟာ နှစ်ဘက်အပြန်အလှန် သဘောထားရပ်တည်ချက်များ လဲလှယ်တာနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်၊ ပထမနေ့မှာ တိုင်းရင်းသားများဘက်က လိုင်ဇာညီလာခံမှာ ချမှတ်ခဲ့တဲ့ အချက် (၁၁) ချက်ပါ “လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်များ” ကို တင်ပြ ဆွေးနွေးတဲ့အခါ အစိုးရကိုယ်စားလှယ်များဘက်က သဘောတူလက်ခံနိုင်ခြင်းမရှိပါ၊ ဒုတိယနေ့မှာ အစိုးရဘက်က “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)” ကို တင်ပြဆွေးနွေးတဲ့အခါ တိုင်းရင်းသားကိုယ်စားလှယ်များဘက်က လက်ခံသဘောတူနိုင်ခြင်း မရှိပါ၊
အခြေအနေအရ နှစ်ဘက်စလုံးက အပြန်အလှန်တင်ပြကြတဲ့ မူကြမ်းတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာပိုင်များထံ ပြန်လည်တင်ပြကြရမှာပါ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေဘက်မှာလည်း လိုင်ဇာညီလာခံမှာ သဘောတူရပ်တည်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့များအားလုံးနဲ့ ပြန်လည်ဆွေးနွေးရမှာ ဖြစ်တဲ့အပြင် လိုင်ဇာညီလာခံကို မတက်ရောက်တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့များနဲ့ပါ ဆွေးနွေးရမှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ နှစ်ဘက်ကိုယ်စားလှယ်များရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဒီဇင်ဘာလထဲမှာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ပြန်လည်ကျင်းပဖို့သဘောတူပြီး အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ကြပါတယ်၊
# မသေမချာမှုများ၊ သေချာမှုများ
ဒီလိုအခြေအနေမှာ သေချာတာကတော့ အစိုးရက မျှော်လင့်ထားတဲ့ နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကျင်းပဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ၊
ဒါဆို ဒီဇင်ဘာမှာ ဖြစ်မလား၊ နောက်နှစ် ဇန်နဝါရီမှာ လက်မှတ်ထိုးနိုင်ကြမလား၊ ဒါလည်း မသေချာပါ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပြန်အလှန်တင်ပြကြတဲ့ စာချုပ်မူကြမ်းတွေကို လေ့လာကြည့်တော့ တစ်ဘက်နဲ့ တစ်ဘက်ဟာ အတိုင်းအတာတစ်ခုအထိ အလှမ်းဝေးနေဆဲ၊ တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြုံးရွှင်ရွှင် ဖက်လှဲတကင်း ဆက်ဆံနေကြပေမည့် အပြန်အလှန်မယုံကြည်မှုတွေ ကြီးမားနေဆဲဆိုတာ အသေအချာတွေ့လိုက်ရပြန်ပါတယ်၊
# အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို လေ့လာခြင်း
အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တင်ပြခဲ့တဲ့ “တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး သဘောတူညီချက်စာချုပ်” ကို လေ့လာကြည့်ပါတယ်၊ စာမျက်နှာ ၁၁ မျက်နှာ၊ နိဒါန်း နဲ့ အခန်းပေါင်း (၁၄) ခန်းပါဝင်ပါတယ်၊ ကောင်းမွန်တဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်၊ တိုင်းရင်းသားတွေ လက်ခံနိုင်မယ်မထင်တဲ့ အချက်တွေလည်း အများကြီးပါဝင်ပါတယ်၊
စာချုပ်ရဲ့ အခန်း (၈) မှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့ဝင်များ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းဖို့ အဆိုပြုပါတယ်၊ အဲဒီ ကော်မီတီက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းစံသတ်မှတ်ချက်များရေးဆွဲအကောင်အထည်ဖော်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆက်ဆံရေးရုံးများ၏ ဆောင်ရွက်ချက်များကို ကြီးကြပ်ရန်နှင့် ကူညီရန်၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်အား အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဖြစ်ပေါ်လာသည့် အငြင်းပွါးမှုများအား ဖြေရှင်းပေးရန်၊ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်မှုကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် စောင့်ကြပ်စစ်ဆေးရန် ဖြစ်ပါတယ်၊ ဒီအထိကို တိုင်းရင်းသားများ လက်ခံနိုင်လောက်ပါတယ်၊
ဒါပေမည့် အဲဒီကော်မီတီဟာ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီက တဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မီတီသို့ တင်ပြရမည်လို့ ထည့်သွင်းထားပါတယ်၊ ဒါ့အပြင် ပူးတွဲကော်မီတီဟာ ဆုံးဖြတ်ချက်မချနိုင်သည့် ကိစ္စရပ်များရှိလာပါက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ကတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီကို တင်ပြပြီး ဗဟိုကော်မီတီရဲ့ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ဆိုပါတယ်၊ လုပ်ငန်းကော်မီတီရော၊ ဗဟိုကော်မီတီရောဟာ အစိုးရကော်မီတီများဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ မပါဝင်ကြပါ၊ ဒါကြောင့်မို့ ဒီ “ပူးတွဲကော်မီတီ” ဟာ အစိုးရရဲ့ လက်အောက်ခံအဖွဲ့ဖြစ်သွားမှာမို့ ဒီအချက်ကို တိုင်းရင်းသားများဘက်က လက်ခံနိုင်မယ် မထင်ပါ၊
စာချုပ်ရဲ့ ခေါင်းစဉ်မှာရော၊ အတွင်းက အခန်းကဏ္ဏများမှာရော၊ နောက်ဆုံး စာမျက်နှာက လက်မှတ်ထိုးတဲ့ နေရာမှာပါ “နိုင်ငံတော်” ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ သုံးထားပါတယ်၊ ဒီစာချုပ်ဟာ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်” နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူချုပ်ဆိုတဲ့ စာချုပ်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူများ၊ ပုဒ်မ (၄၇) အရ “နိုင်ငံတော်” ဆိုသည်မှာ ဥပဒေပြုအာဏာနှင့် အုပ်ချုပ်မှုအာဏာကို ကျင့်သုံးသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်၊ တနည်းအားဖြင့် “နိုင်ငံတော်” ဆိုတာ “ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်” ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီစာချုပ်ဟာ အစိုးရနဲ့ လွှတ်တော် နှစ်ဖွဲ့စလုံးက နိုင်ငံတော်ကို ကိုယ်စားပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်ရမှာပါ၊
ဒါပေမည့် စာချုပ် ရဲ့ အခန်း (၁၁) မှာ “ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခြင်း” ဆိုပြီး ဒီစာချုပ်ကို အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပြီးလျင် အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရမှ တင်ပြ၍ အတည်ပြုချက်ရယူရမည် လို့ ဖော်ပြထားပါတယ်၊ ဒါကြောင့် ဒီစာချုပ်မှာ ဖော်ပြတဲ့ “နိုင်ငံတော်” ဆိုတာ “အစိုးရ” သာဖြစ်ပြီး “လွှတ်တော်” မပါဝင်ပါ၊ တိုင်းရင်းသားများဘက်က အပြီးသတ် ဆုံးဖြတ်လက်မှတ်ထိုးရင်တောင်မှ အစိုးရဘက်က အပြီးသတ်မဟုတ်သေးပဲ လွှတ်တော်ကို တင်ပြအတည်ပြုချက်ယူရဦးမည့် အခြေအနေကို တိုင်းရင်းသားများ လက်ခံနိုင်ဖို့ ခက်ခဲပါလိမ့်မယ်၊ တိုင်းရင်းသားများဘက်က ဒီစာချုပ်ကို အစိုးရဘက်က သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တရားသူကြီးချုပ်တို့ ပါဝင် လက်မှတ်ရေးထိုးဖို့ တောင်းဆိုနေကြတာပါ၊
နောက်တစ်ခါ စာချုပ်ရဲ့ အခန်း (၄)၊ အပိုဒ် (ဃ) မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဋ္ဌန်းချက်များကို လေးစားလိုက်နာရန်” လို့ ဖော်ပြထားပါတယ်၊ တိုင်းရင်းသားများဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီဖွဲ့စည်းပုံကို ” ပြင်ဆင်ရေး၊ သို့မဟုတ် အသစ်ရေးဆွဲရေး” ဆွေးနွေးဖို့ မျှော်လင့်နေကြတာပါ၊ ဒါကို “အပစ်ရပ်စာချုပ်” အဆင့်မှာတင် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌန်းချက်များကို လေးစားလိုက်နာခိုင်းတာကို တိုင်းရင်းသားများဘက်က လက်ခံနိုင်မယ်မထင်ပါ၊
စာချုပ် အခန်း (၉)၊ အပိုဒ် (၁၆) မှာ “ဤသဘောတူညီချက် လက်မှတ်ရေးထိုးပြီးချိန်မှ (၂) လအတွင်း ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက်ရန် သဘောတူညသည်” ဟု ဖော်ပြထားပါတယ်၊ တိုင်းရင်းသားများဘက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပမီ “နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ” ချမှတ်ဖို့ အရင်ဆွေးနွေးရမှာပါ၊ တိုင်းရင်းသားများဘက်က ရေးဆွဲထားတဲ့ မူဘောင်များကိုလည်း အစိုးရထံ တင်ပြထားပြီးသားပါ၊ အစိုးရစာချုပ်မှာ “မူဘောင် ဆွေးနွေး” မည့် အစီအစဉ်လိုအပ်နေပါတယ်၊
# တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီချက် (၁၁) ချက်ကို လေ့လာခြင်း
လိုင်ဇာညီလာခံက ချမှတ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီချက် (၁၁) ချက်က ခေါင်းစဉ်တွေချည်းပဲ စာမျက်နှာ (၃) မျက်နှာ ရှိပါတယ်၊ ဒါကို သူတို့အရင်ရေးဆွဲတင်ပြထားတဲ့ “ကျယ်ပြန့်သော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်” ပါ ရှင်းလင်းချက်များနဲ့ ပူးတွဲလေ့လာမယ်ဆိုရင် အစိုးရရဲ့ စာချုပ်မူကြမ်းနည်းတူ တိုင်းရင်းသားများဘက်က စာချုပ်မူကြမ်းဟာလည်း အခန်း (၁၁) ခန်း၊ စာမျက်နှာ ၁၀ မျက်နှာအထက်ရှိပါလိမ့်မယ်၊
အစိုးရစာချုပ်နဲ့ အဓိက ကွဲလွဲချက်ကတော့ အစိုးရစာချုပ်က အပစ်အခတ်ရပ်စဲရေးကိုပဲ ဦးစားပေးရေးဆွဲထားပြီး တိုင်းရင်းသားလက်နက်ကိုင်များရဲ့ စာချုပ်မူကြမ်းကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲများမှာ ဆွေးနွေးမည့် ကိစ္စများကိုပါ ပူးတွဲဖော်ပြထားတာပါ၊ ဒါကြောင့်လည်း စာချုပ်မူကြမ်းရဲ့ အခန်း (၁) အခြေခံမူများမှာတင် “ပင်လုံသဘောတူညီချက်ကို အသိအမှတ်ပြုခြင်း၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်း” စတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဆွေးနွေးရမည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားပါတယ်၊ အခန်း (၈) မှာလည်း “ဆွေးနွေးရေးကာလ အစီအစဉ်များ” ဆိုပြီး အသေးစိတ်အချက် ၉ ချက်ဖော်ပြထားပါသေးတယ်၊ ဒါကြောင့်လည်း မြစ်ကြီးနားဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်များကို စိတ်မသက်မသာ ဖြစ်စေခဲ့တာပါ၊
အခန်း (၄)၊ အပိုဒ် (၄) မှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်မှာ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဆိုင်ရာ မူဘောင်များရေးဆွဲခြင်း နှင့် အတည်ပြုခြင်း” တို့ပါဝင်ရမယ်လို့ တောင်းဆိုထားပါတယ်၊ အစိုးရဘက်က အပစ်ရပ်စာချုပ်ကိုတောင် လွှတ်တော်တင်ပြ၊ အတည်ပြုချက်ယူရဦးမှာဖြစ်ပြီး လွှတ်တော်က အတည်ပြုထောက်ခံမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖြစ်မည့် အနေအထာမျိုးဖြစ်နေပါတယ်၊ ဒါဟာဖြင့် ကြီးမားတဲ့ ကွာဟချက်ပါ၊ တိုင်းရင်းသားများရဲ့ စာချုပ် အခန်း (၅) မှာ နိုင်ငံရေးဆွေးနွေးပွဲများဆက်လက်အကောင်အထည်ဖော်ရေး ပူးတွဲကော်မီတီ ဖွဲ့စည်းခြင်း၊ လွတ်လပ်သော လူ့အခွင့်အရေးစောင့်ကြည့်ရေးကော်မီဖွဲ့စည်းခြင်း၊ အချိန်ကာလ သတ်မှတ်အကောင်အထည်ဖော်ခြင်း” တို့ ပါဝင်တယ်၊ သဘာဝကျတဲ့ တောင်းဆိုချက်တွေဖြစ်ပေမည့် အစိုးရဘက်က သဘောတူညီဖို့ အဆင်သင့် ရှိပုံမရပါ၊
# ရှေ့အလားအလာများ
အထက်ဖော်ပြပါ စာချုပ်မူကြမ်းနှစ်ခု နှိုင်းယှဉ်သုံးသပ်ချက်တွေဟာ ကျနော့်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်သာဖြစ်ပြီး လက်တွေ့မှာ နှစ်ဘက်ကွာဟမှုတွေဟာ ပိုပြီးများပြားနိုင်ပါတယ်၊ ဒီကွာဟမှုတွေကို နှစ်ဘက်စလုံးက အမျှော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းနိုင်မှ ဒီဇင်ဘာလမှာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ကျင်းပမယ်ဆိုတဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ တိုးတက်မှုတွေ ရှိနိုင်မှာပါ၊
တိုးတက်မှုတွေ ရှိလာဖို့အတွက် အစိုးရဘက်က သူတို့တင်ပြထားတဲ့ စာချုပ်မူကြမ်းပါ တိုင်းရင်းသားများ လက်မခံနိုင်လောက်တဲ့ အချက်များကို တတ်နိုင်သလောက် ဖြေလျှော့ပေးဖို့နဲ့ ရှေ့ဆက်မည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် သေချာတဲ့ အချိန်ဇယားနဲ့ လုပ်ငန်းစဉ်တွေချမှတ်သဘောတူညီဖို့လိုအပ်ပါတယ်၊
အပစ်အခပ်ရပ်စဲရေးစာချုပ်ကို နိုင်ငံတော်ကို ကိုယ်စားပြုပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်များက အတူတကွလက်မှတ်ရေးထိုးသင့်ပြီး လွှတ်တော်ကို ပြန်လည်တင်ပြ အတည်ပြုချက်တောင်းခံရဖို့ မဖြစ်သင့်ပါ၊
တိုင်းရင်းသားလက်နက်ကိုင်များဘက်ကလည်း အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ မပါဝင်သင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ ကြိုတင်ကန့်သတ်ချက်များ၊ ကြိုတင်တောင်းဆိုချက်များကို မထည့်သင့်ပါ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ဘုံရပ်တည်ချက်ဆိုတာလည်း အမှန်တကယ်ပဲ ပါဝင်ဆွေးနွေးတဲ့ အဖွဲ့အားလုံး တညီတညွတ်တည်း သဘောတူ၊ လက်မှတ်ရေးထိုးပြီး စုပေါင်းတာဝန်ခံတဲ့ ရပ်တည်ချက်ဖြစ်သင့်ပါတယ်၊ လိုင်ဇာညီလာခံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်တွေကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က လက်မှတ်မထိုးခဲ့ပါ၊ နိုဝင်ဘာ ၁၂ ရက်နေ့၊ မဇ္ဇိမသတင်းဋ္ဌာနရဲ့ သတင်းပို့ချက်အရ “RCSS ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက RCSS/SSA-North အနေနဲ့ လိုင်ဇာညီလာခံဆုံးဖြတ်ချက်တွေကို သဘောတူပေမည့် လက်မှတ်ရေးထိုးမှာမဟုတ်ဘူး” လို့ပြောတယ်လို့ သိရပါတယ်၊
သဘောတော့တူတယ်၊ လက်မှတ်တော့မထိုးနိုင်ဘူးဆိုတာ အင်မတန် တာဝန်မဲ့တဲ့ အပြုအမူပါ၊ စုပေါင်းဆွေးနွေးကြပြီး စုပေါင်းချမှတ်တဲ့ သဘောတူညီချက်ကို လက်မှတ်မထိုးနိုင်ဘူးဆိုတာ စုပေါင်းလှုပ်ရှားမှုကို အားနည်းစေတဲ့၊ စုပေါင်းတာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှုကို ရှောင်လွှဲတဲ့ အပြုအမူပါ၊ အစကတည်းက စုပေါင်းရပ်တည်ချင်စိတ်မရှိရင် ညီလာခံကို အစကတည်းက မတက်ရောက်သင့်ပါ၊ အဲဒီ သတင်းမှာပဲ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက RCSS အပါအအင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးမှ မွန်ပြည်သစ်ပါတီအနေနဲ့ ဒီဇင်ဘာလ ဒုတိယညီလာခံကို တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်၊ ဆိုတော့ တစ်လလောက်ပဲရှိတဲ့ အချိန်ကာလတိုအတွင်းမှာ RCSS နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအုပ်စု) စတဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ လက်မှတ်ထိုးအောင် စည်းရုံးနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာရှိပါတယ်၊
လိုင်ဇာညီလာခံကနေ နိုင်ဟံသာ ခေါင်းဆောင်တဲ့ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)” ဆိုတာကို အဖွဲ့ဝင် (၁၃) ဦးနဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်၊ ဒါပေမည့် အဲဒီကော်မီတီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာမရှိပါ၊ ဒီကော်မီတီဟာ အစိုးရဘက်က လုပ်ငန်းကော်မီတီနဲ့ မြစ်ကြီးနားမြို့မှာ တွေ့တဲ့အခါ သူတို့နဲ့ပါလာတဲ့ ဘုံသဘောတူညီချက်တွေကို အစိုးရဘက်ကို တင်ပြပြီး အစိုးရက ပြန်လည်တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို လက်ခံရယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ပြန်လည်တင်ပြရမှာပါ၊
ဒီလိုဆိုတော့ ဒီကော်မီတီက စာပေးစာယူလုပ်ရတဲ့၊ သတင်းပို့/သတင်းယူရတဲ့ အဆင့်ပဲရှိတာမို့ နောက်လာမည့်ဆွေးနွေးပွဲတွေမှာလည်း တိုင်းရင်းသားခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်တွေကို သယ်ဆောင်လာ၊အစိုးရကိုတင်ပြ၊ အစိုးရရဲ့ တုန့်ပြန်ချက်/အဆိုပြုချက်ကို လက်ခံ၊ ပြီးတော့ အစည်းအဝေးက ပြန်လာပြီး တိုင်းရင်းသားခေါင်းဆောင်များကို ပြန်လည်တင်ပြ၊ တိုင်းရင်းသားခေါင်းဆောင်များက အစိုးရဘက်က အဆိုပြုချက်များကို ညီလာခံခေါ်ပြီးဆွေးနွေး၊ ပြီးတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဒီကော်မီတီကတဆင့် အစိုးရရဲ့ လုပ်ငန်းကော်မီတီကို တင်ပြ၊ အစိုးရလုပ်ငန်းကော်မီတီက အစိုးရဗဟိုကော်မီတီထံ ပြန်တင်ပြ၊ ဒီလိုနဲ့ပဲ ကျနော်အခုရေးနေတဲ့ ဆောင်းပါးရှည်ကို “ငြိမ်းချမ်းရေး…ဟိုး…အဝေးမှာ” ဆိုတဲ့ ခေါင်းစဉ်အစား “အပစ်အခတ်ရပ်စဲရေး…ဟိုး… အဝေးမှာ” လို့ခေါင်းစဉ်ပြောင်းရလိမ့်မယ် ထင်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
နိုဝင်ဘာ ၁၃၊၂၀၁၃
နိုဝင်ဘာ ၁၃၊၂၀၁၃