သတင်းပဒေသာ

Dr Lun Swe ends his News Headlines Digest

စစ်အစိုးရအင်တာနက်ဆင်ဆာကို အံတုခဲ့တဲ့ မြန်မာ့ရေးရာသတင်းပဒေသာ အနားယူပြီ
မိုးမခအထောက်တော် ၀၀၃၊ သြဂုတ် ၂၀၊ ၂၀၁၃
၆ နှစ် နီးပါး http://drlunswe.blogspot.com/  မှ မြန်မာပြည်၏ အရေးကို ကောက်နုတ်ဖော်ပြတင်ဆက်နေသော မြန်မာ့ရေးရာသတင်းပဒေသာကဏ္ဍ ကို ရပ်နားလိုက်ပြီဖြစ်ကြောင်း တကိုယ်တော်ဘလော့ဂ်ဂါ၊ စာရေးဆရာ၊ အယ်ဒီတာ ဒေါက်တာလွဏ်းဆွေက ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလ၊ စစ်အစိုးရက မြန်မာအင်တာနက်ကို အဆိုးရွားဆုံး ဖိနှိပ်ထားချိန်အတွင်း ထိုင်းနယ်စပ်အခြချ၊ ဒေါက်တာလွဏ်းဆွေ၏ မြန်မာ့ရေးရာသတင်းပဒေသာ ကဏ္ဍမှ မြန်မာ့အရေးသတင်းများ ကောက်နုတ်တင်ဆက်မှုသည် ပြည်တွင်း ပြည်ပရှိ မြန်မာစာဖတ်ပရိသတ်များအတွက် အထူးအားထားရာဘလော့ဂ်တခု ဖြစ်ခဲ့သည်။ ယခုအခါ ကျန်းမာရေး ပြန်လည်ကောင်းမွန်ရေးပြင်ဆင်ရန်နှင့် ၂၀၁၄အတွင်း မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ယခု ၆ နှစ်နီးပါး တင်ဆက်ခဲ့သည့် အဆိုပါကဏ္ဍကို ရပ်နားမည် ဖြစ်ကြောင်း ဆရာက ၎င်း၏ဘလော့ဂ်နှင့် ဖေ့စ်ဘွတ်စာမျက်နှာတွင် အသိပေးထားသည်။
လက်ရှိ ကြံ့ဖွှံ့အစိုးရနှင့် လွှတ်တော်ကာလအတွင်း မြန်မာအင်တာနက်နှင့် မီဒီယာတို့ လွတ်လပ်ခွင့်အချို့ ရှိလာပြီဖြစ်ရာ ဒေါက်တာလွဏ်းဆွေ၏ သတင်းပဒေသာကဲ့သို့ ကိုယ်နှစ်သက်ရာ သတင်းကောက်နုတ်သည့် ၀က်ဆိုက်များ၊ ဖေ့စ်ဘွတ်များလည်း အများအပြားထွက်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။ ဒေါက်တာလွဏ်းဆွေက သတင်းပဒေသာကဏ္ဍကိုသာ အနားပေးလိုက်ခြင်းဖြစ်ပြီး အခြား တင်ဆက်မှုများကို အလျင်းသင့်သလို ဆက်လက်တင်ဆက်သွားဦးမည်ဟု အသိပေးထားသည်။
၎င်း၏ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်ပါအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။
ယနေ့အချိန်အခါသည် စစ်အာဏာရှင်များအနေနှင့် မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများကို သူတို့ဘက်မှ လျှော့ပေါ့ပေးနိုင်သလောက် လျှော့ပေါ့ပေးပြီး (တနည်း) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတချို့ မပေးချင်ပေးချင် ပေးပြီး စစ်ဝတ်စုံအစား အရပ်ဝတ် လဲလှယ်၍ အရပ်သားအစိုးရ အယောင်ဆောင်ကာ ဟန်ပြပြောင်းလဲအုပ်ချုပ်နေသော အချိန်ကာလဖြစ်ပါသည်။

ထိုသို့ စစ်အာဏာရှင်များဘက်မှ လျှော့ပေါ့ပေးနိုင်သလောက် လျှော့ပေါ့ပေးလာရခြင်းမှာ ၁၉၆၂ ခုနှစ်မှသည် ယနေ့အထိတိုင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့က အသက်၊ သွေး၊ ချွေး၊ ဘ၀ပေါင်းစုံ စွန့်လွှတ် အနစ်နာခံ ပေးဆပ်၍ စစ်အာဏာရှင်အဆက်ဆက်ကို မကြောက်မရွံ့ တိုက်ပွဲဝင်ခြင်းခဲ့ကြောင့် ဖြစ်ပါသည်။

အထူးသဖြင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးကို ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်းပြီးချိန်တွင် စစ်အာဏာရှင်များအပေါ် ပြည်တွင်းပြည်ပမှ ဖိအားပေါင်းစုံ ကျရောက်လာမှုကြောင့် အချိန်ဆွဲ ကျင်းပနေသော ညောင်နှစ်ပင်ညီလာခံကို ကသောကမျော ဇာတ်သိမ်းကာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မရှက်မကြောက် အတည်ပြုပြီး ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲကြီးကို မျက်နှာပြောင်တိုက် ကျင်းပ၍ စစ်ဝတ်မှ အရပ်ဝတ်သို့ အလျင်အမြန် ကူးပြောင်းခဲ့ခြင်းဖြစ်ပါသည်။

သမ္မတ ဦးသိန်းစိန်၏ အယောင်ဆောင် အရပ်သားအစိုးရလက်ထက်တွင်လည်း အခြေခံ ပြည်သူလူထု ဆုံးရှုံးနစ်နာနေသော အခွင့်အရေးများအတွက် ဦးဆောင်တိုက်ပွဲဝင်ပေးသော ပြည်သူ့အရေး လှုပ်ရှားတက်ကြွသူများ၊ မတရားသည့် ဥပဒေပုဒ်မများ ဖျက်သိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများကို ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ပင် ရုပ်ပျက်ဆင်းပျက် ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချနေဆဲ ဖြစ်ပါသည်။

ထိုသို့ လှုပ်ရှားတက်ကြွသူများ ဆက်လက် ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချခံနေရဆဲမှာပင် ၂၀၁၅ ရွေးကောက်ပွဲသို့ တရွေ့ရွေ့ နီးကပ်လာသည့်အလျောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရေး လုပ်ငန်းစဉ်သည်လည်း ရှေ့တန်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

ကျနော့်အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရေး လုပ်ငန်းစဉ်ကို လွှတ်တော်အတွင်း ကြိုးပမ်းလုပ်ဆောင်မှု တခုတည်းနှင့် စွမ်းဆောင်နိုင်မည်ဟု မယုံကြည်ဘဲ လွှတ်တော်ပြင်ပနိုင်ငံရေး (၀ါ) လွှတ်တော်ပြင်ပမှနေ၍ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုများနှင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက တက်ညီလက်ညီ ပူးပေါင်း တောင်းဆို တိုက်ပွဲဝင် တွန်းအားပေး လုပ်ဆောင်နိုင်မှသာ အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ပါသည်။

ထိုသို့ ယုံကြည်သည့်အလျှောက် ကျနော့်အနေနှင့် အခြေခံ ပြည်သူလူထု ဆုံးရှုံးနစ်နာနေသော အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရေး၊ မတရားသည့် ဥပဒေပုဒ်မများ ဖျက်သိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရေးတို့ကို ရှေးရှုသည့် လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်စဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ခဲ့ပါသည်။

ထိုသို့ စိတ်ပိုင်းဖြတ်ခဲ့သည်နှင့်အညီ လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ဦးနှောက်သွေးကြောပိတ်ဆို့မှုဝေဒနာကြောင့် ယိုယွင်းခဲ့သော ကျနော်၏ ကျန်းမာရေးအခြေအနေကို ပိုမိုပြည့်ဝကောင်းမွန်အောင် အချိန်ပိုယူကာ လုပ်ဆောင်လိုပါသဖြင့် (ငြိမ်းချမ်းရေးမြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သည့်) ယနေ့ ၁၉-၈-၂၀၁၃ ညပိုင်းမှစ၍ ၆ နှစ်နီးပါး နေ့စဉ်ရက်ဆက် တင်ဆက်ခဲ့သော “မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍကို ရပ်နားခွင့်ပြုပါကြောင်း (ကျန်ပို့စ်များကို နေ့စဉ်မဟုတ်ဘဲ အလျဉ်းသင့်သလို ဆက်လက်တင်ဆက်သွားပါမည်) နှင့် ကျနော်၏ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်မှုများ၊ နောက်ဆက်တွဲ ဆေးကုသခံယူမှုများ အတော်အသင့် ပြီးဆုံးချိန် ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မိမိနိုင်ငံသို့ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်၍ လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ငန်းစဉ်များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျနော့်အား ချစ်ခင်သူများ၊ မုန်းတီးသူများနှင့် ရန်သူလိုသဘောထားသူများ အားလုံးသို့ လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
ည ၁၀း၂၅ နာရီ
၁၉-၈-၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts