Min Min Latt Portraits

Maung Thit Min – Min Min Latt

မင်းမင်းလတ် အား သတိရခြင်း မှတ်စု
မောင်သစ်မင်း
(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈၊ တွင် ပုံနှိပ်ဖော်ပြခဲ့သည်။
သြဂုတ်၊ ၂၂၊ ၂၀၁၃ တွင် (၁၆) နှစ် ပြည့်သွားခဲ့သည့် မင်းမင်းလတ် ကွယ်လွန်ခြင်း နှစ်ပတ်လည် အမှတ်တရ ရက်သီတင်းပတ် အစီအစဉ် အဖြစ် မိုးမခ က ပြန်လည် တင်ဆက်သည်။)
မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၃
မောင်သစ်မင်း (၁၉၅၃-၂၀၁၁)၊ မင်းမင်းလတ် (၁၉၄၈-၁၉၉၇)
ခေါင်းစဉ် ဓာတ်ပုံ – အလင်္ကာ (မျှဝေသူ – Doney MP)
မောင်သစ်မင်း ဓာတ်ပုံ – မောင်သစ်မင်း မိသားစု
မင်းမင်းလတ် ဓာတ်ပုံ – ယမင်းကြိုင် (မင်းမင်းလတ် ၏ ကျန်ရစ်သူ ဇနီး)
နိဒါန်း
ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းရတဲ့ အချိန်ကာလတွေဟာ မြန်ဆန်လွန်းလှတယ်။  စိတ်ဆင်းရဲညှိုးငယ်စွာ ဖြစ်သန်းရတဲ့ အချိန်ကာလတွေကတော့ ပင်ပန်းကြီးစွာ နှေးကွေးလေးလံနေတတ်တယ်။
ရန်ကုန်ကျော် မင်းမင်းလတ် နဲ့ ကျွန်တော်
မင်းမင်းလတ် ကို ကျွန်တော် စတွေ့ဖူးတာကတော့ မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်) လမ်းပေါ်မှာပါ။  မိုက်ခရိုဘတစ် လို့ ခေါ်တဲ့ ဗောက်(စ်)ဝက်ဂွန် ပေါင်မုန့်ကား အပြာကြီးပေါ်က ဆင်းပြီး တေးသံသွင်းဆိုင် တခုထဲကို ဝင်သွားတဲ့ သူဟာ ရန်ကုန်တမြို့လုံးကို အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်ခဲ့တဲ့ မင်းမင်းလတ် ဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ။  လုပ်သား သတင်းစာထဲက ကြော်ငြာ မှာ သူ့ မျက်နှာကို သေချာ မမြင်ရဘူး။  ဆံပင်ရှည်ရှည်၊ နေကာမျက်မှန် မည်းမည်းကြီး နဲ့ ခေါင်းလောင်းဘောင်းဘီ ဝတ်ထားပြီး ခြေနှစ်ဖက်ကို ကားရပ်လို့၊ လက်ပိုက်လို့၊ တကယ့်ကို လမ်းသရဲ ခေါင်းဆောင် တဦးလို ပုံမျိုးပါပဲ။  ကျွန်တော် အခု မြင်လိုက်ရတာကတော့ နားရွက်နှစ်ဖက် တက်ချိတ်တော့မယ့် ပါးစပ်ပြဲကြီး နဲ့ သဘော အလွန်ကောင်းမယ့် မျက်နှာ ပြုံးပြုံးကြီး။  တကယ့်ကို ဆန့်ကျင်ဘက်ပါပဲ။
အဲဒီတုန်းက ကျွန်တော်လည်း သီချင်းရေးဖို့ ကြိုးစားနေတဲ့ အချိန်ပေါ့။  စတီရီယို တေးလောက ဆိုတာ မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်) အပေါ်ဘက်မှာပဲ ရှိတာ။  အလယ် ဘလောက် ကို ဆင်းလိုက်တာနဲ့ ဓာတ်ပြားလောက ဖြစ်သွားပြီ။  မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်) ထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်၊ ဗိုလ်ချုပ်လမ်းပေါ် တက်လိုက်၊ အနော်ရထာလမ်းပေါ်တက်လိုက်နဲ့ ရန်ကုန်တမြို့လုံး ဆူညံနေစေတဲ့ မင်းမင်းလတ် သီချင်းတွေကို အာရုံခံယူရင်း ကျွန်တော် သီချင်းရေးဆရာ ဘဝရဲ့ အစလမ်းခရီးကို စတင်လျှောက်လှမ်းခဲ့ပါတယ်။
ကျွန်တော် ပထမဆုံး စ ရေးရတဲ့ အခွေမှာပဲ မင်းမင်းလတ် နဲ့ စတိုးတော့တာပဲ။  လူပေါင်းစုံ ပါတဲ့ အစုံသုတ် တခွေမှာ မင်းမင်းလတ် (၂) ပုဒ် ကို စရေးရတယ်။  (၂) ပုဒ် ထဲက (၁) ပုဒ် ပဲ ဆို ဖြစ်တယ်။  မင်းမင်းလတ် နဲ့ ကျွန်တော် နဲ့ သိပ် မအပ်စပ်ခဲ့ဘူး။  နောက်ပိုင်း သူ နဲ့ ခင်မင်လာပေမယ့် သူ့ သီချင်းတွေ ကျွန်တော် မရေးဖြစ်ဘူး။  မင်းမင်းလတ် ရဲ့ သီချင်းရေးဆရာ ပုသိမ်မောင်စိမ်းသူ ရဲ့ တွေးဟန်၊ ရေးဟန် တွေကို ကျွန်တော် သိပ်ကြိုက်တယ်။  အတု ခိုးစရာတွေကိုလည်း ကျွန်တော် အတုခိုးတယ်။
ခွေးဖြူမ၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၅)
ဒါပေမယ့် ပုသိမ်မောင်စိမ်းသူ ရေးတာမျိုးတွေ လိုက်မရေးဘူး။  ကိုယ့် အတွေး၊ ကိုယ့်ဟန်နဲ့ပဲ ရေးတယ်။  ဒါကြောင့်လည်း ကျွန်တော့် သီချင်းစာသားတွေက မင်းမင်းလတ် နဲ့ မအပ်စပ်ဘဲ စိုးပိုင် နဲ့ သွား အဆင်ပြေနေတယ်။  စိုးပိုင် မှာ ဦးကျော့မှူး ဟန် နဲ့ မတူတဲ့ နောက်ဟန် တခုကို ကျွန်တော် သွားဖော်ခဲ့တယ်။  အဲဒီလိုနဲ့ စိုးပိုင် ရဲ့ သီချင်းရေး အဖြစ်ပဲ ရပ်တည်ခဲ့တယ်။
မင်းမင်းလတ် နဲ့ ပို ရင်းနှီးလာတဲ့ အချိန်က “အရှေ့အနောက် အခွေ ငှားဆိုင်” သူ ဖွင့်တဲ့ အချိန်ပေါ့။  အနော်ရထာလမ်း နဲ့ ဆူးလေ ထောင့် မှာ (၃၃) လမ်းက ရွှေကြည်အေး၊ ဝါဇီတို့ နဲ့ နီးတဲ့ နေရာ။  သူ့ ဆိုင် ထိုင်လိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်နဲ့ပေါ့။
သူက ထုံးစံအတိုင်း ပါးစပ်ပြဲပြဲကြီး နဲ့ ပြုံးရင်း သူများ မလုပ်သေးတာတွေ လျှောက်လုပ်နေတတ်တယ်။ အဲဒါမျိုး လုပ်ရတာ သူပျော်သတဲ့၊ စွန့်စားချင်သတဲ့၊ ရှေ့ကို ကြိုသွားကြည့်ချင်သတဲ့။
ရှေ့ကိုကြိုသွားခြင်း ဒဿန
မင်းမင်းလတ် ရဲ့ ဒဿနက “ရှေ့ကို ကြိုသွားခြင်း” ဒဿန ပဲ။
မင်းမင်းလတ် ဒဿန ကို ကျွန်တော် လက်ခံနိုင်တာ၊ လက်မခံနိုင်တာ တပိုင်းပေါ့။  သူ ဆိုတဲ့ သီချင်းတွေကို ကြိုက်တာက တပိုင်းပေါ့။  ကိုစိမ်းသူရဲ့ စာသားတွေကြောင့်၊ သုခမိန်လှိုင်ရဲ့ စာသားတွေကြောင့် သူ့ သီချင်းတွေဟာ လူငယ်တွေ ရဲ့ အာဟာရ တခု ဖြစ်လာရတယ်။  ပြီးတော့ သူ့ရဲ့ ဗလုံးဗထွေး မပီမသ ဆိုဟန်၊ အော်ဟန်တွေ ကြိုက်တယ်။  စာသားတွေနဲ့ လိုက်တယ်။  မိုက်တယ်။  ဒီလိုနဲ့ပဲ သူ့ ခေတ်ဟာ ပြီးဆုံးသွားတယ်။  ကျွန်တော် နောက်ဆုံး ကြိုက်ခဲ့တဲ့ သီချင်းက “ယုဇနပင်နဲ့ဖဲကြိုးဝါ” ပဲ။
ဘာသာပြန်သီချင်းတို့၊ သိပ္ပံ၏ရုပ်ကြွင်းတို့က ဒီဘက်ခေတ် လူငယ်တွေကို နည်းပေး၊ လမ်းပြ လုပ်ခဲ့တဲ့ သီချင်းတွေပေါ့။  ဒါပေမယ့် မြန်မာသံ မင်းအောင် သီချင်းတွေ ခေတ်ထလာတော့ Rock ဂီတ က ခဏလောက်လေး ထိုင်နေရတဲ့ အထဲ ပါသွားတယ်။  သီချင်းတွေက ထုံးစံအတိုင်း ရှေ့ရောက်လွန်းနေတော့ လူကြိုက်နည်းခဲ့ရပြန်တယ်။  ဒီလိုနဲ့ မင်းမင်းလတ် နဲ့ ကျွန်တော် မတွေ့ဖြစ်တာ ကြာခဲ့တယ်။  လမ်းတွေ့ လက်ပြ နှုတ်ဆက်ရုံလောက်သာပေါ့။
တနေရာမှာ မထင်မှတ်ဘဲ စကားပြောဖြစ်တော့ ရှေ့ကိုကြိုသွားခြင်း ဒဿနဲ့ပဲ သူ ရပ်တည်နေဆဲ ဆိုတာ သိရတယ်။  မြန်မာပြည် မှာ ဗွီဒီယို စတင်ရောက်စ အချိန် သူက ဗွီဒီယို လုပ်ငန်းထောင်ထားသတဲ့။
“သီချင်း မဆိုတော့ဘူးလား” လို့ မေးတော့ “ခင်ဗျားက ထုတ်ပေးမှာမို့လား” တဲ့။
ဒီ စကား ကျွန်တော့် ခေါင်းထဲမှာ စွဲသွားတယ်။  တချိန်မှာ ကျွန်တော် နဲ့ ဂန္ဓမာ တေးသံသွင်း တယောက် တဝက် ရှယ်ယာထည့်ပြီး “နှလုံးသားထဲက စိုင်းထီးဆိုင်” ၁ နဲ့ ၂ လုပ်တာ အောင်မြင်မှု ရပါလေရော။  ဒါနဲ့ မင်းမင်းလတ် ကို သီချင်း ပြန်ဆိုခိုင်းဖို့ စိတ်ကူးပေါ်လာတယ်။
“ဘဲကြီး.. ခင်ဗျားကို ကျူပ် စီးရီးထုတ်မယ်” လို့ ပြောတော့ သူက ရယ်နေတယ်။  “မယုံဘူး” တဲ့။
ကျွန်တော် စီစဉ်တာက “မင်းမင်းလတ် နဲ့ မေဆွိ” ဆိုပြီးပေါ့။  မင်းမင်းလတ် ရဲ့ ကျော်ကြားတဲ့ သီချင်းဟောင်းတွေ မေဆွိကို ပြန်ဆိုခိုင်းတယ်။  မင်းမင်းလတ် ကိုယ်တိုင်ကိုလည်း ဟိုတုန်းက ခပ်ညံ့ညံ့ Recording အစား အပျံစား ပြန်လုပ်ပြီး ဆိုဖို့ ပြောတယ်။
သူက “ဟင့်အင်း” တဲ့ ဗျာ။  အသစ် ဆိုရမှ ဆိုမယ်တဲ့။
သူ့ ရဲ့ ရှေ့ကို ကြိုသွား သီအိုရီကို လုပ်လာပြန်တယ်။  Heavy သီချင်းတွေ ထုတ်လာတယတ်။  အဲဒါတွေ ကျွန်တော့် ကို ရေးခိုင်းတယ်။  တီးဝိုင်းလည်း ကျွမ်းပစ်နေတာပဲ။  ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့၊ ဟယ်ရီလင်း တို့ ထက် စောနေတဲ့ အပြင်းစား ဟဲဗီးသီချင်းတွေပေါ့။  Top 10 ထဲက သီချင်းတချို့လည်း ပါတယ်။
အဲဒီ သီချင်းတွေလည်း မအောင်မြင်လိုက်ပါဘူး။  သူ့ရဲ့ မပီမသ ဆိုဟန်ကို ကျွန်တော်က လွဲပြီး ဘယ်သူမှ မကြိုက်ကြတော့ဘူး။  အဲဒါ သူ နောက်ဆုံး ဆိုခဲ့တဲ့ သီချင်းခွေပေါ့။
အဲဒီစီးရီးကို အိုအေစစ်မှာ အသံသွင်းတော့ သူအတော် စိတ်လှုပ်ရှားခဲ့တယ်။  သူ ဘယ်လောက် စိတ်လှုပ်ရှားပြီး သူဘယ်လောက် ပျော်ခဲ့တယ်ဆိုတာ ကျွန်တော် အသိဆုံးပါပဲ။
မင်းမင်းလတ် ရဲ့ နိဂုံး
သုခမိန်လှိုင် ဆီက တယ်လီဖုန်းလာတယ်။  မင်းမင်းလတ် ဆုံးပြီ” တဲ့..။
သြော်.. မင်းမင်းလတ် တယောက် ရှေ့ကို ကြိုသွားနှင့်ပြန်ပြီ။
မောင်သစ်မင်း
(၁၉၉၇)
(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts