Portraits

Zaw Aung (Chem) – Remembering Po Cho

 
သူငယ်ချင်း ချိုကြီး

ဇော်အောင် (ဓါတု)

(တေးရေး/တေးဆို ဖိုးချို ကွယ်လွန်ခြင်း နှစ် (၂၀) ပြည့် (၁၅၊ ဇူလိုင်၊ ၂၀၁၃) အထိမ်းအမှတ်)
ဓာတ်ပုံ မျှဝေသူ – ကိုင်ဇာ (Kaizar N Win)
မင်းအိမ်ကို ငါဒီနေ့ ရောက်သေးတယ် ချိုကြီး..။  မင်းမရှိဘူး သူငယ်ချင်း..။  ခုံတလုံးပေါ်က ဓာတ်ပုံ တပုံ နဲ့ ပန်းအိုး တလုံးကသာ မင်း ကိုယ်စား ငါ့ကို ကြိုဆိုခဲ့တယ်။  ပြီးတော့ မင်းမိသားစုရဲ့ ငိုကြွေးသံတွေ..။

× × × × × ×
၁၉၈၂ နှစ်ကုန်ပိုင်း ကာလ တခု..။  ကျောင်းထဲမှာ ငါ practical သွားလုပ်တဲ့ တနေ့ ဂျပ်ဆင် နားက canteen ရဲ့ဆိုင်မှာ ကြော်ငြာ တခုကပ်ထားတာ တွေ့ခဲ့ရတယ်။  အမျိုးသမီး လက်ထဲမှာ ရေခဲတုံးကို ဆုပ်ကိုင် ထားတဲ့ပုံ။  အမြင် ဆန်း နေလို့ ငါ တချက် ရပ်ကြည့်ခဲ့တယ်။

မကြာပါဘူး။  ကျောင်းပတ်ဝန်းကျင် မှာ “သစ်ရွက်ကလေးနဲ့.. ပန်းကလေးတွေက.. စိုးရိမ်နေ..” ဆိုတဲ့ သီချင်းဟာ ပျံ့နှံ့ခဲ့တယ်။  နောက်ပိုင်းတော့ ဗမာနိုင်ငံ တနံတလျား ပေါ့ကွာ။

ကိုယ်နဲ့ သက်တူရွယ်တူ လူငယ်တယောက် လျှမ်းလျှမ်းတောက် အောင်မြင်တာ ငါ အရမ်း အားကျမိတယ်။  မင်း သီချင်းတွေမှာ စီးမျော ရင်ခုန်တယ်။  ငေးမောရတယ်။  အဲဒီအချိန်မှာ ငါက ကျောင်း တဖက် အလုပ်တဖက်နဲ့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အချိန်။

မင်း အခွေကို ပိုက်ဆံ စုပြီး ဝယ်တယ်။  ကက်ဆက်မရှိတော့ ငါ့ ဦးလေး ကက်ဆက် ခဏငှားပြီး တဝကြီး နားထောင် ပစ်လိုက်တယ်။  အသည်းခိုက်အောင် ကြိုက်ခဲ့တာ။  အဲဒီတုန်းက ဘယ်လောက် အထိ အောင်မြင် ခဲ့လဲဆို မင်း အခွေ က သီချင်းစာအုပ် မထွက်တော့ Gestener နဲ့ နှိပ်ကူးထုတ်တဲ့ ဖယောင်း လက်ရေး နဲ့ သီချင်းစာအုပ် တွေ ထွက်ခဲ့တဲ့အထိပဲ။  လမ်းဘေးအုတ်ခုံ ဂစ်တာဝိုင်းတွေမှာ “ပိုင်စိုးမှုဧကရီတမ်းချင်းများ” က မပါလို့ ကို မဖြစ်ခဲ့တာ။

နောက်ပိုင်းမှာ ငြိမ်းချမ်းရေးသံစဉ်၊ မင်္ဂလာနေ့မွေးဖွားခြင်း၊ ညှို့မျက်ဝန်း၊ ထပ်မံခံစားခြင်း၊ မပန်းရယ်မငိုနဲ့၊ တပင်ထဲရင်ထဲကနွယ်၊ ချစ်သူကို၊ ချစ်သူ့ရင်ခွင် ဆက်တိုက်ဆိုသလို မင်းရဲ့သရဖူ ထိန်းထားနိုင် ခဲ့တယ်။

၁၉၉၁ ဝန်းကျင် အကောင်းဆုံးတေးများ ထွက်ပြီးတဲ့ ကာလ တွေမှာတော့ မင်းနဲ့ပတ်သက်ပြီး ငါ မကြားချင် တဲ့ ကောလဟာလ တွေ ကြားလာခဲ့ရပြီး နောက်ပိုင်း မင်းလည်း ငါ့ အာရုံထဲမှာ ဝေ ဝါးဝါး..။

× × × × × ×

ငါ ကတော့ ဒီ ဂီတ လောကထဲကို ရောက်ချင်တဲ့ စိတ်တွန်းအားတွေနဲ့ “ရွှေအယ်လ်ဘမ်” သီချင်းပေါင်းချုပ် စာအုပ်လေးတွေနဲ့ တိုးဝင် ခဲ့တယ်။  ဘဝကို ကြိုးစား လှော်ခတ် ရင်း ၁၉၉၀ မှာ “Classic Guitar Shop”  အမည် ရတဲ့ ဂစ်တာဆိုင် ကို (၃၃) လမ်း အထက်မှာ အောင်အောင်မြင်မြင် ဖွင့်နိုင် ခဲ့တယ်။  ဒီလိုနဲ့ ငါ့ဆိုင်လေးဟာ အနုပညာသည်တွေ ထွက်ချည်ဝင်ချည်နဲ့ ခိုနားရာ လေးပေါ့။  ဒါ ငါ ပျော်တဲ့ ဘဝပါပဲ။

၁၉၉၂ ရဲ့နေ့တနေ့..။ ကိုငှက်(ထူးအိမ်သင်) သူငယ်ချင်း ဓာတ်ပုံ ဝင်းထိန်(စတိုင်) ငါ့ ဆိုင် ကိုရောက်လာပြီး အဆိုတော် တယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။  ငါ အံ့သြ ဝမ်းသာစွာပဲ မင်းကို လက်ဆွဲနှုတ်ဆက်ခဲ့တယ်။  ပြီးတော့ မင်းရဲ့ အခွေသစ် လုပ်ဖို့ ဆွေးနွေးဖြစ်ကြတယ်။  တပတ်လောက် ကာလမှာပဲ မင်းနဲ့ ငါဟာ ဓါတ်တူတော့ ငယ်သူငယ်ချင်းတွေလို ပြောမနာဆိုမနာ ရင်းနှီးသွားကြတယ်။  မင်းက ငါ့ကို ‘ဇော်ကြီး’ လို့ ခေါ်ပြီး ငါက မင်းကို ‘ချိုကြီး’ လို့ သုံးနှုံးတယ်။

ငါ့ မေမေက ငါ့ သူငယ်ချင်းတွေဆို ချစ်တတ်တော့ မင်းကိုလည်း သားအရင်းလို ချစ်တယ်။  အဲဒီ ကာလ တွေမှာပဲ မင်း ငါ့ကို ‘ဥပေက္ခာလူသား၏နောက်ဆုံးထွက်သက်’ ကို ဂစ်တာနဲ့ ဆိုပြတယ်။  ငါ ကြိုက်တယ်။  ဒါပေမယ့် နားထောင် ရတာစိတ်မကောင်းဘူး။  မင်းကတော့ ‘ဇော်ကြီး..အဲဒါ ငါ ဆေးရုံပေါ်မှာတုန်းက ရေးခဲ့တာ။  ငါ့ရဲ့ ဖြစ်ရပ်မှန်ပဲ’ တဲ့..။  ငါ့ စိတ်ထဲ ဝမ်းနည်းတာလား။  မင်းဘက်က မခံချင်တာလား။  မသိဘူး..။

ဒီလိုနဲ့ပဲ သီချင်းတွေ စိတ်တိုင်းကျစုပြီး တဲ့ အခါ နဝရတ် စတူဒီယို မှာ Iron cross နဲ့ တီးပြီး (ကိုဘွဲ့ကြီး Arrangement တွေနဲ့) “ဥပေက္ခာလူသား” ကို စတင် အသက် သွင်းလိုက်ကြတယ်။  အဲဒီကာလမှာ မင်းနဲ့ လည်ပင်းဖက်ပေါင်း လာသူတချို့ မင်း အပေါ် ဆက်ဆံတဲ့ ပုံစံကို မြင်တွေ့ရတော့ ငါ ခံပြင်းမိတယ်။  မင်းက တော့ အေးအေးဆေးဆေးပါပဲ (မသိသလိုပါပဲ)။

Vocal ထပ်လို့ ပြီးကာနီး ကာလ တွေမှာ မင်းကို အဆုပ်ရောဂါက တော်တော်ဒုက္ခပေးနေပြီ။  ဒါပေမယ့် မင်းကိုငါလေးစား တယ်။  duty ပျက်မှာ စိုးလို့ ဖျော့တော့နေတဲ့ ကြားက ရ အောင် လာ ဆိုတယ်။

မင်းက ငါ့ထက် အများကြီး စိတ်မာတယ် ချိုကြီး..။

 Vocal အားလုံး ပြတ်ပြီး harmony ထပ်တဲ့ အချိန် တွေမှာ မင်းသိပ် မလာနိုင်တော့ဘူး။ (အဲဒီတုန်းက harmony က ‘kenosis’။  ငါငူး၊ ရတနာဦး။  ကဗျာဘွဲ့မှူး ဆို ငယ်သေးတယ်။  အခွေ မထုတ် ရ သေးဘူး။)

ငါမင်းအိမ် ကို လိုက်သွားတော့ မင်း အမလတ် မရှမ်းက “ကိုဇော်အောင် အထဲဝင် သွား..ချိုတူး အိပ်ခန်းထဲမှာ” ဆိုလို့ ငါဝင် သွားတော့ မင်းက ဝင်ပေါက်ကို ကျောပေးပြီး အိပ်နေတယ်။  အိပ်နေတယ် ဆိုပေမယ့် အိပ်ပျော်နေတာမဟုတ်ဘူး။  မင်းပါးစပ်က စကားတွေ တတွတ်တွတ် ပြောနေတာ။

မင်း တော်တော် ပိန်ကျ သွားတယ် ချိုကြီး..။  ငါ့စိတ်ထဲက ပြောဖြစ်တာ။

မင်းအမ မကြီး ရယ်၊ မရှမ်းရယ်၊ မင်း ညီမ မထွေးရယ်၊ မင်းညီ အောင်အောင်ရယ် အားလုံး မျက်နှာ မကောင်းကြဘူး။  ငါ့ကို အပြင် မှာ ခေါ်ပြောတယ်။  ညဘက် လည်းမအိပ်ဘူး။  အ မေနဲ့ စကား ပြောနေတာ လို့ပြောတယ် (တကယ်တော့ သူ့ အမေ က ဆုံးခဲ့ပါပြီ)။  ဒါပေမယ့် အဲဒီနေ့က ငါ့ကို အခွေ သေချာ ဆက်လုပ်ထားဖို့ အ ကြောင်းပြောတာ မင်းအသံ မာသေးတာပဲ။  “ဇော်ကြီး မင်းကို ငါ ယုံတယ်။  မင်းကို ပဲ စိတ်ချလက်ချ လွှဲထားမယ်ကွာ” တဲ့လေ။

အဲဒီနောက် အခွေ ကိစ္စ လုံးပန်းရင်း မင်းဆီကို မ ရောက်တာ တပတ်လောက် ကြာ သွားတယ်။  ရောက်သွားတဲ့နေ့မှာ အံ့သြစရာ ကောင်းလောက်အောင် မင်း ပိန်ကျပြီး ဖျော့တော့နေတာ တွေ့လိုက်ရတယ်။  ပြီးတော့.. ပြီးတော့.. မင်း ငါ့ကို မမှတ်မိတော့ဘူး သူငယ်ချင်း။  ငါ့ကို ချတိုက်တဲ့ လက်ဘက် ရည်ကို “ကျနော့်ကို အဲဒါလေး တိုက်ပါလား” တဲ့ဗျာ။  လုံးဝ ကို မသိ တော့တာ။  ငါ ဘာပြော ရ မှန်း မသိအောင် ရင်ထဲမှာ ဆို့ပြီး ပြန်လာခဲ့ရတယ်။

ငါ မင်းနဲ့ သီချင်း အကြောင်းတွေပြောချင်တယ်။  အခွေ ကိစ္စ တိုင်ပင်ချင် တယ်။  ဂီတ အကြောင်း စကားဖောင်ဖွဲ့ပြီး ရယ်မော ချင်တယ်။  မဖြစ်နိုင်တော့ဘူး။

နောက်တနေ့..။  အဲဒီနေ့က “၁၉၉၃.ဇူလိုင်.၁၅” ရက်နေ့…။

မင်းအိမ်ကို ငါ အဲဒီနေ့ ရောက်ခဲ့တယ် ချိုကြီး..။  မင်းမရှိဘူး သူငယ်ချင်း..။  ခုံတလုံးပေါ်က ဓာတ်ပုံ တပုံ နဲ့ ပန်းအိုး တလုံးကသာ မင်း ကိုယ်စား ငါ့ကို ကြိုဆိုခဲ့တယ်။  ပြီးတော့ မင်းမိသားစုရဲ့ ငိုကြွေးသံတွေ..။

×× ×× ××

ငါ ရယ်၊ ဝင်းထိန် (စတိုင်) ရယ်၊ အောင်သန့် (Bass) ရယ်၊ ကိုမျိုးသန့် ရယ် နဝရတ် မှာသီချင်း သွားစီ တော့ ဘယ်လိုမှ ထိန်းမရအောင် ငါတို့အားလုံး မျက်ရည်ကျရတယ် ချိုကြီး..။  တကယ်ဆို မင်း ဖန်တီးနိုင်စွမ်းတဲ့ ဂီတကို ဒီထက်မက ဖန်တီးပြီး ဒီကမ္ဘာ မှာ အကြာကြီး နေစေချင်တာကွာ၊ မင်းကို..။  စောလွန်းတယ် ချိုကြီးရာ..။

မင်း နှုတ်ဆက်ခဲ့တဲ့ “ဥပေက္ခာလူသား၏နောက်ဆုံးထွက်သက်” ဟိုနား ဒီနား ဖွင့်သံ ကြားတိုင်း ငါဘယ်နေရာ ရောက်နေ နေ မျက်ရည်ကျတယ်။  ငါပြောခဲ့ပြီကော.. မင်းလို စိတ်မမာဘူးကွ ချိုကြီးရ။

ဒီအခွေလေး ဟာ မင်းနဲ့ ငါ မျှော်လင့်ထားသလို လျှမ်းလျှမ်းတောက် မ အောင်မြင်ခဲ့ပါဘူး။

 

ဓာတ်ပုံ – ဆောင်းပါးရှင် ဇော်အောင် (ဓါတု) စီစဉ်ထုတ်ခဲ့သည့် ဖိုးချို ၏ နောက်ဆုံးတေးစု

ဒါပေမယ့် ငါကျေနပ်တယ် သူငယ်ချင်း..။  နောက်ဆုံး မင်းဆန္ဒကိုဖြည့်ဆီးပေးနိုင်ခဲ့တာရယ်။  ငါ ရူးသွပ်ခဲ့တဲ့ အဆိုတော် တယောက် ရဲ့ နောက်ဆုံး အခွေကို ငါ ကိုယ်တိုင် ထုတ်ပေးခဲ့ရတာရယ်။  ငါ ကျေနပ်နိုင် ခဲ့တယ်။  မင်း ဘယ်တော့မှ ပြန်မလာမယ့်ခရီးမှာ မင်း အမှတ်တရ တွေ ပေးခဲ့တာပဲ။

×× ×× ××

မနေ့ တနေ့ ကလိုပဲ။  ဒါပေမယ့် အနှစ် (၂၀)..။  ဒီ စာစု ကို ရေး နေတဲ့ အချိန်မှာတော့ ငါတို့ရဲ့ “ဥပေက္ခာလူသား.” အပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်ခဲ့သူ တချို့လည်း သွားနှင့်ခဲ့ကြပြီ။  ဝင်းထိန်(စတိုင်)၊ ကိုဘွဲ့ကြီး (စောဘွဲ့မှူး)၊ ကိုချိုကြီး (မင်းဒဿ)၊ ခွါးကြီး (ဖိုးခွါး).. တို့ ကြွေလွင့်ခဲ့ပြီ။

သူငယ်ချင်းရေ..။

လင်းလက်တဲ့ ကြယ်တချို့ဟာ သက်တမ်း နုစွာ ကြွေကြတယ်။

ကြယ်ကြွေချိန်ညလေးတည

Music Video URL: http://youtu.be/78_Np6lGrhQ

×× ×× ××

မင်း အိမ်ကို ငါဒီနေ့ ရောက်သေးတယ် ချိုကြီး..။  မင်းမရှိဘူး သူငယ်ချင်း..။  ခုံတလုံးပေါ်က ဓာတ်ပုံ တပုံ နဲ့ ပန်းအိုး တလုံးကသာ မင်း ကိုယ်စား ငါ့ကို ကြိုဆိုခဲ့တယ်။  ပြီးတော့ မင်းမိသားစုရဲ့ ငိုကြွေးသံတွေ..။

ဇော်အောင် (ဓါတု)

၁၄၊ ဇူလိုင်၊ ၂၀၁၃

×× ×× ××

(မိုးမခ၏ ကျေးဇူးစကား၊ ဂီတအဆိုတော်အနုပညာရှင်များ၏ ရုပ်ပုံလွှာများကို အထူးပြုစုတင်ဆက်ပေးသူ မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင် ငြိမ်းချမ်းအေးကို ကျေးဇူးမှတ်တမ်းပြုလိုက်ပါ၏)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts