Maung Swan Yi Portraits

Maung Swan Yi – BBS U Kyaw Oo

(U Kyaw Oo, second frm left with Daw May May Nyunt, U Khin Maung Tin and no name)

စာပေမိတ်ဆွေ မြန်မာ့အသံ ကျော်ဦး

မောင်စွမ်းရည်၊ စက်တင်ဘာ ၁၃၊ ၂၀၁၃

အသက်ကလေး နည်းနည်းကြီးလာပြီဆိုတော့ သင်္ခါရတရားတွေကို ပိုပြီးမြင်လာရတယ်။ ကိုယ့်ရဲ့ငယ်ပေါင်းကြီးဖော်တွေဟာ တဖြုတ်ဖြုတ်နဲ့ြွေကကုန်ကြတယ်။ စာပေနယ်ထဲကဆိုရင် ဆရာဒဂုန်တာရာ၊ သူငယ်ချင်းကြည်အောင်၊ ညွန့်အေး (အင်းဝ)၊ မောင်ဝံသ စတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ မကြာခင်ကပဲ ဆက်တိုက်ဆိုသလို ကြွေလွင့်ခဲ့ကြတယ်။ လောလောဆယ်မှာဆိုရင်တော့ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ တနင်္လာနေ့က မြန်မာ့အသံ ကျော်ဦး လေဖြတ်တဲ့ရောဂါနဲ့ ကွယ်လွန်သွားခဲ့ရှာပါတယ်။

မြန်မာ့အသံ ကျော်ဦး ကွယ်လွန်တော့ သူ့အသက်က ၇၉ နှစ်တဲ့။ ၈ဝ တန်းထဲမှာပေါ့။ သူက ကျွန်တော့်ထက် အသက် နှစ်နှစ်သုံးနှစ်ကြီးပါတယ်။ တောင်ငူဇာတိပါ။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ယူ ခဲ့တယ်။ ကျွန်တော်က အညာသားဆိုတော့ မန္တလေးတက္ကသိုလ်မှာ ပညာသင်ယူခဲ့ရပါတယ်။ အညာအကြေ၊ တရွာတမြေစီဖြစ်ပေမဲ့ စာပေသမားချင်းဆိုတော့ ဆက်စပ်ရင်းနှီးခဲ့ကြပါတယ်။ ကျွန်တော်တို့တတွေ တက္ကသိုလ် ရောက်ကြတာလဲ ရှေ့ဆင့်နောက်ဆင့်ပါ။ သူက ရန်ကုန်တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်မှာရောက်သတဲ့။ ကျွန်တော်က မန္တလေးတက္ကသိုလ်ကို ၁၉၅၆ ခုနှစ်မှာ ရောက်ပါတယ်။

တက္ကသိုလ်ကို နယ်ကနေရောက်သွား ကြပြီဆိုရင် ပထမတော့ နယ်မြေဒေသအလိုက် ဆက်သွယ်စုစည်းမိကြပါတယ်။ သူက တောင်ငူဇာတိဆိုတော့ တောင်ငူအသင်းမှာ ပါဝင်လှုပ်ရှားခဲ့သလို ကျွန်တော်က မြင်းခြံ (နယ်) ဇာတိဆိုတော့ မြင်းခြံအသင်းမှာ ပါဝင် လှုပ်ရှားခဲ့ပါတယ်။ ပြီးမှ ဝါသနာအသင်း၊ ဘာသာရပ်အသင်းတွေကို ဆက်သွယ်ပါဝင်ကြပါတယ်။ သူက သူ့ဝါသနာအလျောက် ရန်ကုန်တက္ကသိုလ် ကလောင်အသင်းနဲ့  ဆက်သွယ်မိပြီး အသင်းအတွင်းရေးမှူး လုပ်ခဲ့ရ သလို ကျွန်တော်ကလဲ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းနဲ့ဆက်သွယ်မိပြီး ကလောင်ရှင်အသင်းရဲ့ အတွင်းရေးမှူး လုပ်ခဲ့ရပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်မဂ္ဂဇင်းတွေမှာလဲ သူက အတွင်းရေးမှူးတို့၊ စာတည်းတို့ လုပ်ရသလို ကျွန်တော်ကလဲ အတွင်းရေးမှူးတို့၊ စာတည်းတို့လုပ်ရပါတယ်။ အဲသလို မဂ္ဂဇင်းတွေမှာ ပါဝင် လုပ်ဆောင်ကြတာဟာ ခုနှစ်သက္ကရာဇ်အတူတူပဲလို့ မှတ်သားမိပါတယ်။ သူတို့က ”ကလောင်အသင်း”တဲ့။ ကျွန်တော်တို့က ”ကလောင်ရှင်အသင်း”တဲ့။ ”ကလောင်”ဆိုတာ စာရေးကိရိယာပါ။ ”ကလောင်ရှင်”ဆိုတာက စာရေးဆရာပါ။ ဘာပဲဖြစ်ဖြစ် စာပေအသင်းဆိုတာကတော့ အတူတူပါပဲ။

ရန်ကုန်တက္ကသိုလ်က မြန်မာ့အသံကျော်ဦး၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ)၊ မအူပင်လွင်ဦး၊ ကသာ ညွန့်ဝေ၊ တက္ကသိုလ်မင်းမော်၊ ရွှေကူမေနှင်း စသဖြင့် စာရေးဆရာတွေ ပေါ်ထွက်ခဲ့သလို၊ မန္တလေးတက္ကသိုလ်ကလဲ မောင်အောင်သျှန်၊ မောင်ပေါက်စည်၊ မောင်ထွန်းဝေ၊ မောင်သာနိုး၊ မောင်တင်ရွှေ (မုံရွာ)၊ ဘုတလင်ချစ်လေး၊ တင်မိုး၊ ကြည်အောင်၊ ညွန့်အေး (အင်းဝ)၊ မောင်စွမ်းရည် စသဖြင့် ကလောင်ရှင် တွေ ပေါ်ထွက်ခဲ့ပါတယ်။ တက္ကသိုလ်ချင်းမတူပေမဲ့ အားလုံး တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရင်းနှီးခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခေတ်က (၁၉၅ဝ-၆ဝ ကာလအတွင်းက) ခုခေတ်စစ်အစိုးရလုပ်သလို ကျောင်းတွေကို တစ်ခုနဲ့တစ်ခု ဝေးနိုင်သမျှဝေးအောင် တမင်လုပ်မထားတဲ့အပြင် ကျောင်းသားချင်းဆက်သွယ်ပြီးလုပ်ကြတဲ့ ကျောင်းသားပွဲတော်၊ ကျောင်းသားအားကစားပွဲတော်၊ ပညာရေးနှီးနှောဖလှယ်ပွဲဆိုတာတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရှိခဲ့ပါတယ်။ လူချင်းမတွေ့ဖြစ်တောင် အဖွဲ့အစည်းချင်း မိတ်ဆက်ရင်းနှီးခဲ့ကြပါတယ်။

            နယ်ကကျောင်းသားတွေ တက္ကသိုလ်ရောက်လာကြရင် သက်ဆိုင်ရာမြို့နယ်အသင်းကိုဝင်ပြီး နောက်၊ သက်ဆိုင်ရာ ဝါသနာအသင်းကို ဆက်သွယ်ပါဝင်ကြမယ်။ ပြီးရင် တပ်ဦး၊ ဒီအက်စ်အို၊ တကသ၊ သမဂ္ဂ စတဲ့အသင်းအပင်းတွေမှာ ပါဝင် လှုပ်ရှားကြပါမယ်။   ဟိုခေတ်က တက္ကသိုလ်တွေမှာ တက္ကသိုလ်တွေရဲ့ အစဉ်အလာအတိုင်း တက္ကသိုလ်သမဂ္ဂတွေ ရှိပါတယ်။ သမဂ္ဂအမှုဆောင်ရွေးကောက်ပွဲဟာ တက္ကသိုလ်တွေမှာ အကျယ်ပြန့်ဆုံး ရွေးကောက်ပွဲတွေပေါ့။ ကိုလိုနီခေတ်ကတည်းက တက္ကသိုလ်အက်ဥပဒေဆိုတာ ပြဋ္ဌာန်းပြီး သမဂ္ဂဖွဲ့စည်းခွင့်ပေးထားပါတယ်။ ရွေးကောက်ပွဲကို တက္ကသိုလ်ပါမောက္ခကြီးတွေက ဦးစီးပြီး စနစ်တကျ ကျင်းပပေးရတာဟာ တက္ကသိုလ်ရဲ့ အစဉ်အလာပါ။ စစ်အစိုးရတွေလက်ထက်ကြမှ ကျောင်းသားသမဂ္ဂကို ဖျက်သိမ်းရုံမက သမဂ္ဂအဆောက်အဦးကိုပါ ဗုံးနဲ့ခွဲပြီး ဖြိုဖျက်ခဲ့တာဟာ ကမ္ဘာ့သမိုင်းမှာ မရှိဘူးတဲ့ ရာဇဝတ်မှုမျိုးပါ။

           ‘တပ်ဦး”ဆိုတာ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ကို အတိုကောက်ခေါ်တာပါ။ သူတို့ကို အစိုးရက လက်ဝဲကျောင်းသားတွေ၊ သူပုန်ကျောင်းသားတွေလို့ ခေါ်လေ့ရှိပါတယ်။ တပ်ဦးက လက်ဝဲ ကျောင်းသားတွေဆိုတော့ ‘ဒီအက်စ်အို’ ဆိုတာ အလိုအလျောက် လက်ယာကျောင်းသားတွေလို့ နားလည်ရ ပါတယ်။ ”ဒီမိုကရက်တစ်စတူးဒင့် အော်ဂနိုက်ဇေးရှင်း”ကို အတိုကောက်ခေါ်တော့ ”ဒီအက်စ်အို” ဖြစ်လာ ပါတယ်။ တပ်ဦးကို အင်္ဂလိပ်လိုခေါ်တော့ ”စတူးဒင့် ယူနိုက်တက်ဖရန့်” တဲ့။ အတိုကောက်ခေါ်တော့ ”အက်စ်ယူအက်ဖ်” ဖြစ်လာပါတယ်။ အဲဒါကိုမှ ထပ်ပြီးတိုချင်ရင် ”ဆပ်ဖ်” လို့ခေါ်ပါတယ်။ ဒီအက်စ်အိုကို ဖဆပလအစိုးရက တိုက်ရိုက်ဖွဲ့စည်းပေးထားတာပါ။ တပ်ဦးအဖွဲ့ကို အစိုးရရဲ့အတိုက်အခံ နိုင်ငံရေးအဖွဲ့ အစည်းဖြစ်တဲ့ ”ပမညတ” အဖွဲ့အစည်း (မြေပေါ်လက်ဝဲနိုင်ငံရေးပါတီ) က အားပေးထောက်ခံတာလို့ အစိုးရ ဘက်က စွပ်စွဲပါတယ်။ တခိျု့ အဲသလိုဖြစ်ကောင်းဖြစ်ပေမဲ့ ကိုကျော်ဦးက ဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှ မပတ်သက်ခဲ့တာ သေချာပါတယ်။ ကျွန်တော်က တပ်ဦးအမှုဆောင်၊ တကသအမှုဆောင်အဖြစ် အရွေးခံပြီး အမှုဆောင်လုပ်ခဲ့ပါတယ်။ ကိုကျော်ဦးက တပ်ဦး၊ တကသတို့ကို အားပေးပေမဲ့ အဖွဲ့ဝင်ပြီး အရွေးခံတာ လုပ်ခဲ့တယ်လို့ မကြားရဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် အကြေအညာတက္ကသိုလ်တွေက စာပေသမားတွေအားလုံးဟာ အဖွဲ့မဝင်တောင်မှ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ကိုသာ ပါဝင်အားပေးခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် မှာရော၊ မန္တလေးတက္ကသိုလ်မှာရော ကျောင်းသမဂ္ဂရွေးကောက်ပွဲတွေမှာ တပ်ဦးကပဲ အမြဲနိုင်ပါတယ်။ ဒီအက်စ်အိုကျောင်းသားတွေက တစ်ခါမျှ မဲနိုင်ခဲ့ဖူးတာ မရှိခဲ့ပါဘူး။ ကျောင်းသားတွေက တပ်ဦးကိုပဲ အားပေး ထောက်ခံတာဟာ တပ်ဦးက ကျောင်းသားအခွင့်အရေးကို တကယ်တောင်းဆို တိုက်ပွဲဝင်ခဲ့ကြလို့ပါ။ ဥပမာ သုံးခါကျ ကျောင်းထုတ်စနစ်တိုက်ပွဲ၊ အောက်တိုဘာကျောင်းတစ်လပိတ်ရေးတိုက်ပွဲတို့မှာ တပ်ဦးကပဲ ဦးဆောင် တိုက်ပွဲဝင်ခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂတွေက ဦးဆောင်တဲ့ပွဲတွေမှာ ဖြစ်စေ၊ စာပေအသင်းတွေ ဦးဆောင်တဲ့  ပွဲတော်တွေမှာဖြစ်စေ၊ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ မန္တလေးတက္ကသိုလ်ကိုလာကြ၊ မန္တလေး တက္ကသိုလ်ကကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ကို သွားကြနဲ့ ကျောင်းသားချင်းတွေ့ဆုံပြီး မိတ်ဆွေ ဖြစ်ကြ ပါတယ်။ ဝါသနာတူချင်းဆိုရင် ပိုပြီးတော့ ရင်းနှီးကြပါတယ်။ အကြေအညာမခွဲ၊ ဒေသစွဲ လုံးဝ မရှိခဲ့ကြပါဘူး။ ခုခေတ်လို စစ်အစိုးရက ကန့်သတ်ချုပ်ချယ်တာမျိုးတွေလဲ လုံးဝမရှိခဲ့ပါဘူး။ ကိုကျော်ဦး ကို ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားပွဲတော်တွေ၊ ပညာရေးနှီးနှောဖလှယ်ပွဲတွေသွားရင်း ဆုံစည်းကျွမ်းဝင်ခွင့် ရခဲ့ပါတယ်။

သူ့ကို တက္ကသိုလ်ကလောင်အသင်း အတွင်းရေးမှူးအဖြစ် တွေ့ဆုံရတာပါ။ သူ့အသွင်အပြင်က ထူးခြားပေါ်လွင်ပါတယ်။ အဝတ်အဆင်ကို သေသေသပ်သပ် ဝတ်စားဆင်ယင်ပြီး ဆံကေသာကိုလဲ သေသေ သပ်သပ် ဖြီးသင်ထားပါတယ်။ ကျွန်တော်တို့အများစုက ပင်နီတိုက်ပုံနဲ့ ခေါင်းစုတ်ဖွားနဲ့ များပါတယ်။ သူက အပြောအဆိုလဲ ရည်မွန်ယဉ်ကျေးပုံကို ရွှေမန်းသားတွေတောင် အသိအမှတ်ပြုကြရပါတယ်။ တက္ကသိုလ်က နည်းပြဆရာလား အောက်မေ့ရပါတယ်။ နောင်ခါ နှစ်အတော်ကြာ ဆက်လက်ပြီး စာပေအသင်းတွေရဲ့ အမှုဆောင်အဖြစ်နဲ့ ကျောင်းမဂ္ဂဇင်းတွေမှာ ပါဝင်နေတာကြောင့် သူ့အသွင်အပြင်ကို ကျွန်တော်တို့ မမေ့တော့ပါ။ စာမေးပွဲအကြိမ်ကြိမ် ကျတာချင်းတူလို့ အကြိမ်ကြိမ်ပြန်ဆုံရတဲ့အပြင် နောက်ဆုံးဘွဲ့ရတော့လဲ မြန်မာစာ၊ မြန်မာသမိုင်းနဲ့ ဝိဇ္ဇာဘွဲ့ရကြပါတယ်။ ကျွန်တော်က တက္ကသိုလ် မရောက်ခင်ကရော၊ တက္ကသိုလ် ရောက်စအခါမှာရော သိပ္ပံဘာသာယူခဲ့ပေမဲ့ ကျောင်းမတက်၊ လက်တွေ့မလုပ်နိုင်လို့ ဘာသာပြောင်းခဲ့ရတော့ သူနဲ့ဘာသာတူသွားရတော့တာပါပဲ။ သူ့ကို သူ့အမေက သူ့သား ၉ နှစ် ၁ဝ နှစ် စာမေးပွဲကျပေမဲ့ ကျောင်းဆက်ထားပေးတာကို ကျေးဇူးတင်ရသလို ကျွန်တော်လဲ ကျွန်တော့်အမေကို အလားတူ ကျေးဇူးတင်ရတဲ့ ဘဝတူ တွေပါပဲ။

ကိုကျော်ဦး တို့နဲ့ ကျွန်တော်တို့ မတူတာတစ်ချက်ရှိပါတယ်။ သူတို့ ရန်ကုန်တက္ကသိုလ် ကျောင်းသား စာပေသမားတွေက ကျောင်းသားဘဝမှာ ကျောင်းသားတစ်ဦးချင်းရဲ့စာအုပ် ထုတ်ဝေခဲ့တာ မရှိသလောက်ပါပဲ။ သူတို့မှာက တက္ကသိုလ်ပြင်ပမှာ ကလောင်သွေးစရာ စာနယ်ဇင်းတွေ အများကြီး ရေးစရာ ရှိနေလို့နဲ့ တူပါတယ်။ ကျွန်တော်တို့မှာ အဲသလို စာပေစင်မြင့်တွေ မရှိပါဘူး။ လူထုဂျာနယ်မရှိတော့ လူထု သတင်းစာမှာ တနင်္ဂနွေအချပ်ပိုပဲ ရှိခဲ့ပါတယ်။ ရေးစရာနယ်ကျဉ်းတော့ ကျောင်းရောက်တယ်ဆိုရင်ပဲ လုံးချင်း စာအုပ်တွေ ထုတ်လိုက်ကြတော့တာပါပဲ။ တင်မိုးဆိုရင် ၁၉၅၈-၅၉ မှာ ရောက်ရောက်ခြင်း ဖန်မီးအိမ်ကဗျာ စာအုပ် ထုတ်တယ်။ ကြည်အောင်ဆိုရင် ၁၉၅၉-၆ဝ လောက်မှာ လမ်းတစ်ရာကဗျာစာအုပ်ထုတ်တယ်။ တင်မိုး၊ ကြည်အောင်အပြင် ကိုလေး၊ ဘုတလင်ချစ်လေး၊ မောင်စွမ်းရည် စတဲ့ ကလောင်ရှင်တွေလဲ ကဗျာလုံးချင်း စာအုပ်တွေ ဆက်လက်ထုတ်ခဲ့ကြတယ်။ မန္တလေးတက္ကသိုလ်က ကဗျာဘက်မှာ အားသန်တယ်ဆိုလို့ရမယ် ထင်ပါတယ်။ သူတို့နောက်မှာ မောင်သန်းဌေး၊ မောင်မျိုးမြင့် စတဲ့သူတွေလဲ စာအုပ်ထုတ်ကြတယ်။ အားလုံးစာပေဗိမာန်ဆု၊ အမျိုးသားစာပေဆုတွေ ရကြပါတယ်။ ကျွန်တော်တို့မှာ ”မန္တလေးကလောင်ရှင်အသင်းစာစဉ်” ဆိုတာရှိတဲ့အပြင် ကျောင်းသားထုတ်ဝေသူလဲ ရှိပါသေးတယ်။ မောင်မိုးသူ။ မိုးဦးပန်းစာပေတိုက်တဲ့။ သူထုတ်တဲ့ လမ်းသစ်ကဗျာစာအုပ်က အမျိုးသားစာပေဆု ရခဲ့ပါတယ်။ သူတို့ဆီမှာ နှစ်လည်မဂ္ဂဇင်းနဲ့ အိုးဝေ မဂ္ဂဇင်းပဲ ထုတ်ပါတယ်။

ကိုကျော်ဦးတို့ စာပေလောကထဲဝင်တော့ ဟာသစာစောင်လေးတွေ ခေတ်စားတယ်။ ကိုကျော်ဦးက မေတ္တာစာလို၊ ရှာတော်ပုံလို စာမျိုးတွေကိုရေးတယ်။ ကျွန်တော်တို့ဆီက ကိုအောင်သျှန်တို့၊ တက္ကသိုလ်မိုးမျှော်တို့လို ကလောင်ရှင်တွေကလဲ အဲဒါမျိုးတွေ ရေးဖူးတယ်။ ”ရကန်သွား” ပိုဆန်ပါတယ်။ အကော်အကန်လေးတွေကို နဘေထပ်၊ ပြန်ဂဟပ် ကာရန်လေးတွေနဲ့ ရေးကြပါတယ်။ ”ခုံစာ-ဘုံကဗျာ” ဆိုတာမျိုး အဖြည့်ခံကဗျာ၊ ”အခံအအုပ်-စာချိုး”တွေ ရေးကြတာလဲ အကြေအညာခေတ်ပြိုင်တွေကြားမှာ တူညီကြပါတယ်။

ကိုကျော်ဦး က စာပေလောကထဲကိုဝင်တော့ ဟာသဆန်ဆန်စာတွေနဲ့ စတင်ဝင်ရောက်တာကို တွေ့မိပါတယ်။ နောက်ပိုင်းမှာတော့ စာမျိုးစုံ ရေးလာပါတယ်။ စာအုပ်အရေအတွက်ကလဲ ကျွန်တော်တို့ အားလုံးထက် များပါတယ်။ ယောက်ဖရှာပုံတော် ဆိုတာမျိုး ရေးသလို၊ အစာအာဟာရ အကြောင်းလဲ ရေးပါတယ်။ ကျွန်တော်တို့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းကလဲ စကားပြောသလို ရေးကာ (သက်ရှိဘာသာစကားနဲ့ စာရေးတာ) ကို စာတမ်းတင်ပြီး စည်းရုံးလှုံ့ဆော်နေတဲ့ကာလမှာ သူက စကားပြောသလို နည်းနည်းပါးပါး ရေးတာကိုပဲ ထောက်ခံချက်ရသလို ဝမ်းသာရပါတယ်။ သူက ကဗျာဝါသနာပါပေမဲ့ ကဗျာစာအုပ်ထုတ်တာက အလွန်နောက်ကျပါတယ်။ ”နိဂုံးတေးသံ” ဆိုတဲ့ကဗျာက အစပြုကတော့ မစရသေးဘူး၊ ”နိဂုံး”က အရင်လာရ ပါမို့လားဆိုပြီး စိတ်စနောင့်စနင်း ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်စာပေသမားတွေထဲမှာ ကိုကျော်ဦးက ”ကာရန်နဘေ” ဝါသနာအပါဆုံးပါ။

သူနဲ့ကျွန်တော်တို့ဟာ ကျောင်းဆွေးဆွေး၊ လူဆွေးဆွေးဆိုသလို နေခဲ့ကြတာဟာ စစ်အစိုးရ မတက်လာရင် ဆက် ကျောင်းနေကြအုံးမလား မသိ။ စစ်အစိုးရတက်လာချိန်မှာ ကျွန်တော်တို့ဘွဲ့တွေဘာတွေ ရပြီးလို့ အလုပ်ခွင်ဝင်နေကြပါပြီ။ အိမ်ထောင်တွေလဲ ကျနေကြပါပြီ။ သူက ကျောင်းဆရာမတစ်ဦးနဲ့ အိမ်ထောင် ကျသလို ကျွန်တော်ကလည်း ကျောင်းဆရာမတစ်ဦးနဲ့ အိမ်ထောင်ကျပါတယ်။ ကျွန်တော့်သားက သစ်တော အလုပ်လုပ်တော့ သူ့သားက ထင်းသက်သာတဲ့ မီးဖိုတစ်ခု တီထွင်လုပ်တယ်ဆို ထင်ပါရဲ့။ ဒါကြောင့် သား အချင်းချင်းလဲ အပေါင်းအသင်းဖြစ်ခဲ့ပါသေးတယ်။ ကိုကျော်ဦး က သူ့ဝါသနာနဲ့ကိုက်ညီတဲ့ စာပေဗိမာန်မှာဝင်လုပ်တယ်။ နောက်တော့ အသံလွှင့်ရုံမှာ ဝင်လုပ်တယ်။ ကျွန်တော်တို့ကတော့ အညာဒေသမှာ စာပေဗိမာန်လဲမရှိ၊ အသံလွှင့်ဌာနလဲ မရှိလေတော့ ကျူရှင်ဆရာပဲ လုပ်ကြရပါတယ်။ အစိုးရအလုပ် မလုပ် ချင်ပေမဲ့ ပြည်သူပိုင်သိမ်းတော့ ကျွန်တော်လဲ အစိုးရဝန်ထမ်း ဖြစ်ခဲ့ရပါတယ်။

သူက စာပေဗိမာန်နဲ့ အသံလွှင့် ဌာနမှာဆိုတော့ သူ့သတင်းလေညင်းဆောင်လို့ရပါတယ်။ သူ့အသံကို အမြဲကြားနိုင်ပါတယ်။ ခေတ်ဟောင်းတေးတို့၊ နှစ် ၂ဝ တေးတို့ စီစဉ်ထုတ်လွှင့်တဲ့ သူ့အစီအစဉ်၊ သူ့လက်ရာတွေကိုလဲ မကြာခဏမြင်တွေ့ကြားသိနေရပါတယ်။ နောက်တော့ အင်္ဂလန်တို့၊ ဂျပန်တို့၊ ဂျာမဏီတို့ကို အလုပ်တာဝန်နဲ့သွားရတာ၊ ပညာသင်သွားရတာတွေလဲ ကြားရပါတယ်။ အင်္ဂလန်ကပြန်လာတော့ ပညာတော်သင်ဘဝအကြောင်း ရေးသလို၊ ဂျပန်ကပြန်လာတော့ ဂျပန်စာအုပ်ဘာသာပြန် ထုတ်ပါတယ်။

 မြန်မာ့စစ်မြေပြင်က ပြန်လာတဲ့ ဂျပန်စစ်သားတွေ ရေးတာကို ဂျပန်မိတ်ဆွေ တာနာဘေး (ကိုရွှေဘ) နဲ့တွဲပြီး ဘာသာပြန်တာဟာ သမိုင်းတန်ဘိုးရှိတဲ့အပြင် ရသလဲမြောက်ပါတယ်။ ရောက်ရာအရပ်၊ ရောက်ရာနေရာမှာ သူဟာ စာပေအလုပ်ကို တာဝန်ကျေအောင် အမြဲလုပ်ဆောင်သူ ဖြစ်ပါတယ်။ အလုပ်လုပ်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ ကြားနေတတ်သူ၊ လူမှု ဝန်ထမ်းစိတ်ရှိသူအဖြစ် သူနဲ့သိကျွမ်းသူတိုင်းက သူ့ကို ခင်မင်ကြပါတယ်။

ရန်ကုန်ကို ကျွန်တော်ပြောင်းလာခဲ့တာက ၁၉၇ဝ နောက်ပိုင်းပါ။ အဲဒီတော့ သူနဲ့ပြန်ဆုံရတယ်။ သူက ရန်ကုန်တက္ကသိုလ် စာပေအသိုင်းအဝိုင်းနဲ့ အဆက်မပြတ်ပါဘူး။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ နဲ့လဲ တပည့်ရင်းအဖြစ်နဲ့ အမြဲမပြတ် ဂါရဝပြုလျက်ပါပဲ။ သူက ဆရာဇော်ဂျီ နဲ့ အိမ်းချင်းနီးပါတယ်။ ကျွန်တော်က ဆရာမင်းသုဝဏ် ရဲ့အိမ်နဲ့ နီးပါတယ်။ ဆရာကြီးများရဲ့အိမ်မှာလဲ ကျွန်တော်တို့ချင်း ဆုံခွင့် ကြုံရပါတယ်။ ဆရာဇော်ဂျီ ကွယ်လွန်တော့ ဆရာကြီးရဲ့အုတ်ဂူကို ကြံတောသုသာန်ထဲမှာပဲ စိုက်ထူတဲ့အခါ အမေ ဒေါ်စောရင် နဲ့အတူ ဆရာကြီးရဲ့သမီးတစ်ဦးလဲ ပါတယ်။ ကိုကျော်ဦး နဲ့အတူ တက္ကသိုလ်ဝင်းမွန်နဲ့ တက္ကသိုလ်မင်းမော် တို့လဲ ပါတယ်။ ကျွန်တော်တို့ ဆရာ့အုတ်ဂူအနီးမှာရပ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြ ပါတယ်။ ခုတော့ ဆရာကြီးရဲ့အုတ်ဂူက ရန်သူမျိုးငါးပါးထဲမှာ သက်ရှိရန်သူကြီးဖြစ်တဲ့ အစိုးရမင်းများရဲ့ ဖျက်ဆီးမှုကြောင့် အမျိုးသားပညာဝန်ဦးဖိုးကျား၊ ဝန်ကြီးချုပ်ဦးနု၊ ဗိုလ်အောင်ကျော် စတဲ့ ပုဂ္ဂိုလ်ကျော်ကြီး များရဲ့ အုတ်ဂူတွေနဲ့အတူ ပျောက်ပျက်သွားခဲ့ပြီဖြစ်လို့ ကျွန်တော်တို့ရိုက်ထားတဲ့ ဓာတ်ပုံပဲ ကျန်ပါတော့တယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်တော့ မြန်မာ့အသံဟာ စစ်တပ်အစောင့်အရှောက်တွေ ကြားထဲက အစောဆုံးပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော်က မြန်မာ့အသံနဲ့နီးတဲ့ ဝဂ္ဂီရပ်ကွက်ထဲမှာနေတာ ဆိုတော့ အသံလွှင့်ရုံရဲ့အခြေအနေကို သွားကြည့်ခဲ့တဲ့အပြင် အကြောင်းရှာပြီး အတွင်းဝင်ဖို့ကြိုးစားတော့ စစ်တပ်အပြည့် စီနင်းသိမ်းပိုက်ထားပြီး ဖြစ်နေပါတယ်။ မြန်မာ့အသံမှာ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ကိုကျော်ဦး က အသံလွှင့်ဝန်ထမ်းတွေ သပိတ်မှောက်ဖို့ကို ဦးဆောင်စည်းရုံး လှုံ့ဆော်ခဲ့တယ်လို့ ကြားရပြီးနောက် သူ့ခမျာ အစောဆုံး အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ ဆက်လက်ကြားခဲ့ရပါတယ်။

အလုပ်ပြုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ခြံထဲမှာ သူ့ရဲ့ အကြေအညာရဲဘော်ဟောင်းတွေနဲ့ ပြန်ဆုံကြပါတယ်။ ဟံသာဝတီ ဦးဝင်းတင်၊ မုံရွာတင်ရွှေ၊ တင်မိုး၊ မောင်မိုးသူ၊ ဂုဏ်ထူးသိန်းနိုင်၊ ကိုယု၊ ကိုသာဘန်းတို့၊ ဒေါ်မြင့်မြင့်ခင်တို့၊ သာယာဝတီစန်းစန်းနွဲ့၊ ရွှေကူမေနှင်းတို့ စတဲ့ စတဲ့ ပေါင်းသင်းဟောင်းတွေနဲ့ ပြန်ဆုံကြတာပါ။ တင်မိုး သဘာပတိလုပ်ပြီး ဖွဲ့စည်းတဲ့ ”တတ်သိ” အဖွဲ့ ဖွဲ့ကြတော့ မြန်မာ့အသံကျော်ဦး၊ ဗိသုကာ ကျော်မင်း၊ ဟံသာဝတီ ဦးဝင်းတင်၊ ပန်းချီ ဝင်းဖေ၊ မောင်ဝံသ၊ ဗိုလ်သော်က စတဲ့ရဲဘော်တွေ ပါဝင်ကြပါတယ်။ ကျောင်းမှာတုန်းက စာပေအသင်းနဲ့ မြို့နယ်အသင်း၊ အဆောင်အသင်းတို့မှာသာ ပါဝင်ခဲ့ပြီး တကသအမှုဆောင်အဖွဲ့ မဆိုထားနဲ့ တပ်ဦးအဖွဲ့မှာတောင် အားပေးထောက်ခံရုံသာရှိပြီး၊ အဖွဲ့မဝင်ခဲ့တဲ့ ကိုကျော်ဦး ဟာ ဒီတစ်ခါမှာတော့ နိုင်ငံရေး အဖွဲ့အစည်းထဲကိုပဲ တိုက်ရိုက်ပါဝင်လာခဲ့ပါတယ်။ ဒါကြောင့် ”ရေကြည်အိုင်” သွားပြီး ”ရေနောက်”တွေ သောက်ခဲ့ရပါသေးတယ်။

ကျွန်တော် ပြည်ပရောက်တော့ သူ့သားသမီးများဖြစ်ကြတဲ့ ကိုအောင်ချိုဦး၊ မဖြူဖြူစန်းတို့ တစ်ဆင့် ဆက်သွယ်ပြီး အမြဲသတင်းမေးခဲ့ပါတယ်။ နောက်ဆုံး သူကိုယ်တိုင် စကားမပြောနိုင်လောက်အောင် လေဖြတ်သွားတာကိုလဲ ကြားသိနေရပါတယ်။ သူ့ရဲ့ကျန်းမာရေး အခြေအနေကို အမြဲနားစွင့်နေရင်းက စက်တင်ဘာ ၂ ရက်နေ့မှာ သူဆုံးပြီဆိုတာကို ကျွန်တော်က တရားစခန်းတစ်ခုဝင်နေဆဲမှာ ကြားသိလိုက်ရ ပါတယ်။ ကျွန်တော့်အသက် ၈ဝ နားနီးမှ ပြုလုပ်ဖြစ်တဲ့ အထူးကုသိုလ်ကောင်းမှုကို ကျွန်တော်တို့ရဲ့ စာပေ မိတ်ဆွေအတွက် အမျှဝေလိုက်ပါတယ်။ ကိုကျော်ဦး တစ်ယောက် အထက်ဘုံတစ်ခုခုမှ သာဓု ခေါ်နိုင်ပါစေ သတည်း။ ။

မောင်စွမ်းရည်

၂ဝ၁၃ စက်တ်တင်ဘ်ဘာ ၇

နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts