ဖွတ်ကလေး၊ အီကြာအော်နှင့် လူရည်အချွန်များအကြောင်း
အီကြာအော်
စက်တင်ဘာ ၁၄၊ ၂၀၁၃
“လူရည်ချွန်ဟောင်းတွေ အဖွဲ့ဖွဲ့ပြီး လူပြန်စုနေကြတယ် ဆရာအော်ရေ”
ဖွတ်ကလေးတစ်ယောက် သူ၏ဆရာ အီကြာအော်ကို လူရည်ချွန်ဟောင်းတစ်ဦးမှန်း သိသဖြင့် သတင်းထူးကို သံတော်ဦး တင်လေသည်။
“ဟုတ်လားဖွတ်ကလေးရဲ့ ” အီကြာအော်က မယုံ့တယုံဖြင့် ဖွတ်ကလေးကို ပြန်မေးလိုက်သည်။
“ဟုတ်ပါတယ် ဆရာအော်ရဲ့၊ ကျွန်တော့မျက်စေ့နဲ့ သတင်းစာထဲမှာ တွေ့လိုက်တာပဲ”
“အေး ကောင်းတာပေါ့ကွာ၊ တကယ်တော်တဲ့ လူရည်ချွန်၊ လူရည်မွန်တွေပေါ်လာရင်တာ့ တိုင်းပြည်အတွက် ကောင်းတယ်ကွ”
“အခုတော့ တချို့လူရည်ချွန်အဟောင်းတွေလည်း ရိုက်စားတွေ၊ စားဖားတွေ ဖြစ်ကုန်တာ နှမြောသကွာ”
အီကြာအော်က တကယ်နှမြောသော လေသံဖြင့် ဖွတ်ကလေးအား ပြောလိုက်လေသည်။
“လူရည်ချွန်တွေကလည်း ရိုက်စား လုပ်တတ်သလား ဆရာအော်ရဲ့ ၊ ကျုပ်က လူရည်ချွန်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အမှန်တရားပဲ လုပ်တတ်တယ် အောက်မေ့နေတာ။ ပြီးတော့ တချို့လူရည်ချွန်တွေက လူစဉ်စစ်က ဘာလို့ ဖားတွေဖြစ်ကုန်ရတာလည်း။ အဲဒါဆိုရင်တော့ “ဖားရည်ချွန်”လို့ ခေါ်ရတော့ မယ်ထင်တယ်။
အီကြာအော်က စိတ်ပျက်နေသော မျက်နှာဖြင့် ဖွတ်ကလေးအားကြည့်လိုက်ပြီး
“မင်းပဲ ဖွတ်ရည်ချွန်ဖြစ်အောင် လုပ်ပေတော့ကွာ” ဟူ၍ ရွဲ့ ပြီးပြောလိုက်လေသည်။
“ကျုပ်တော့ ဖွဘုတ်ကတစ်ဆင့် လူရည်ချွန်ဟောင်းတွေ တွေ့ဆုံတဲ့အကြောင်း ဗွီဒီယို ကြည့်လိုက်ရသေးတယ်။ ဆရာအော်လည်း လူရည်ချွန်ဟောင်းများအဖွဲ့ထဲ သွားပြီး ဂျွိုင်းလိုက်ရင် ကောင်းမယ် ထင်တယ်။” ဖွတ်ကလေးက အီကြာအော် စိတ်ဝင်စားမည်ထင်သည့် လူရည်ချွန်အဖွဲ့အကြောင်းကို စလိုက်သည်။
“ဟာ….မလုပ်ပါနဲ့ကွာ၊ အဲဒီထဲမှာ အကောင်တွေချည်းပဲကွ။ ငါကတော့ ပါမွှားမလို့ မသွားရဲပါဘူး ဖွတ်ကလေးရယ်”
“ဆရာကလည်း အားမငယ်ပါနဲ့၊ ဆရာအော့ဗိုက်က အဲဒီအဖွဲ့ထဲကဆရာသမားတွေနဲ့ နင်လားပါလားပဲ၊ ယှဉ်နိုင်ပါတယ်”
“မင်းကလည်းကွာ အလကားနေရင်း ငါ့ဗိုက်ကို ဘာလို့ ထိခိုက်ရတာလည်း” အီကြာအော်က အသက်ကလေးရလာသည်နှင့်အမျှ ရွှဲရွှဲလာသော သူ့ဗိုက်ကို သူပြန်ကြည့်၍ ဖွတ်ကလေးကို ဟောက်လိုက်သည်။ တစ်နေ့တစ်နေ့ ၀ိတ်ကျရန် လေ့ကျင့်ခဏ်းလုပ်မည်ဆိုသည့် အစီအစဉ်က နေ့ရွှေ့၊ ညရွှေ့ ရွှေ့ရွှေ့သွားသည်။ များမကြာမီက ရန်ကင်းဆူပါမာကက်သွားရင်း မှန်ထဲမှာ ရုတ်တရက်တွေ့သော ဗိုက်ရွှဲရွှဲတရုတ်အဖိုးအိုလေးတစ်ယောက်ကို ကိုယ့်ကိုယ်ကိုမှန်း နောက်မှသတိထားမိသည် မဟုတ်ပါလား။
“ဒါနဲ့ဆရာအော်ရေ….၊အရပ်ထဲမှာတော့ လူရည်ချွန်ဆိုတာ “မဆလာ”က မွေးထုတ်ထားတယ် ပြောနေကြတာပဲ”
ဖွတ်ကလေးက ခက်သေးရွာသားတို့ ထုံးစံအတိုင်း မကြားဖူးကြားဖူးဖြင့် ရမ်းတုပ်လိုက်လေ၏။
“ဘယ်ကလာ “မဆလာ”ရမှာလည်း ဖွတ်ကလေးရ၊ “မဆလ” ပါ။ အဲဒါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့  အတိုကောက်ပေါ့”
““မဆလ” ကမွေးထုတ်ပေမဲ့လည်း လူရည်ချွန်တွေထဲမှာ ကောင်းတဲ့သူတွေလည်းရှိပါတယ်။ အဖွဲ့တိုင်းမှာလိုပဲ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူတွေ ရှိမှာပေါ့ကွာ။ ရှစ်ရှစ်မျိုးဆက်ထဲမှာလည်း လူရည်ချွန်ဟောင်းတွေ ပါသကွ။ ဆရာစိုင်းခမ်းလိပ်ရေးတဲ့ စိုင်းထီးဆိုင်ရဲ့  “နွဲ့တင်အတွက် သီချင်း တစ်ပုဒ်”ဆိုတာ လူရည်ချွန်ဟောင်း ဒေါက်တာဒေါ်နွဲ့နွဲ့တင် အတွက်ရေးခဲ့တဲ့ သီချင်းပေါ့ကွ”
အီကြာအော်က သူ့ဖေးဘရိတ် အဆိုကျော် စိုင်းထီးဆိုင် သီချင်းကို ပြန်ပြောင်း သတိရစွာဖြင့် ဖွတ်ကလေးကို သိသမျှ တတ်သမျှ ပညာပေးလိုက်လေသည်။
“ဆရာတော် အရှင်ဆန္ဒာဓိကိုလည်း လူရည်ချွန်ဟောင်းတွေတွေ့ဆုံတဲ့ ဗွီဒီယိုထဲမှာ လူရည်ချွန်ဟောင်းတွေက သွားကန်တော့ကြတာ တွေ့လိုက်တယ် ဆရာအော်”
“အေးကွ….၊ ဆရာတော်က ၁၀ တန်းအောင်ကတည်းက သင်္ဃန်းဝတ်သွားတာ၊ ဆရာတော်ကတော့ တကယ့် လူရည်ချွန်ကွ။ အရမ်းလေးစားစရာကောင်းတယ်”
“ပြီးတော့ ဘယ်သူတွေ တွေ့လိုက်သေးလည်း”
“ကျုပ်တို့ ကျန်းမာရေးဝန်ကြီးဌာနက လူကြီးတော်တော်များများလည်း တွေ့လိုက်တယ်။ “တစ်တစ်”သတင်းစာတိုက် ပိုင်ရှင်ကြီးတောင် တွေ့လိုက်သေးတယ်”
“ဟုတ်လား၊ အေးကွာ လူရည်ချွန်ဟောင်းတွေ တကယ်ကို စုပေါင်းပြီး လူထုအတွက် တကယ်ကို အသွေးချွန်ကြရင်တော့ တိုင်းပြည်အတွက် တိုးတက်မှာပေါ့၊ အရေးကြီးတာကတော့ တို့တိုင်းပြည်မှာ တိုးတက်ဖို့ဆိုရင် “လူရည်အချွန်”တွေ မတက်လာကြဖို့တော့ အရေးကြီးတယ်ကွ”
အီကြာအော်က ခက်သေးရွာသားပီပီ ဆရာကြီးလေသံဖြင့် နားထောင်သူ တပည့်ကျော်ဖွတ်ကလေးရှိတုန်း အပြတ်အသတ် ရွှီးလေတော့သည်။
“ဆရာအော်ကတော့ လုပ်ပြန်ပြီဗျာ။ စကားလုံးအသစ်တွေ ထွင်နေပြန်ပြီ။ “လူရည်အချွန်” ဆိုတာက ဘာကြီးတုန်းဗျ”
တပည့်ကျော် ဖွတ်ကလေးက သူ့ဆရာ အီကြာအော်ထံမှ ထုံးစံအတိုင်း မဟုတ်တာ တစ်ခုခုတော့ ကြားရတော့မည်ဟု မျှော်လင့်ကာ မေးလိုက်လေသည်။
“လူရည်အချွန်”ဆိုတာက လူရည်အရမ်းလည်ပြီး နေရာရအောင်လုပ်၊ ကိုယ်ကျိုးချည်းပဲ ရအောင်လုပ်နေတဲ့ လူလည်တွေကို ပြောတာကွ။ လူရည်အချွန်တွေက ကိုယ့်အကျိုးရဖို့ဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်ဘူး။တိုင်းပြည်ကို အချွန်နဲ့ မနေတဲ့ လူရည်ချွန်အတုတွေပေါ့ကွာ”
“အခု တိုင်းပြည် ခေါင်းဆောင်တွေထဲမှာလည်း လူရည်ချွန်ဟောင်းတွေပါတယ် ပြောတယ်။ ဒုသမ္မတတောင် လူရည်ချွန်ဟောင်းဆိုလားပဲ ဆရာအော်ရဲ့ ”
“အေးကွ….၊ လူတစ်ဦး လူရည်တကယ်ချွန်သလား မချွန်သလား သမိုင်းက အဆုံးအဖြတ်ပေးမှာပေါ့ကွာ။ ဘယ်လိုနည်းနဲ့ချွန်သလည်းဆိုတာ လူတွေက မှတ်တမ်းတင်မှာပါ။ ရာထူးမရှိ၊ အသက်မရှိတော့တဲ့အခါကျမှသာ လူရည်ချွန်မချွန် ပိုပြီးသိသာမြင်သာမှာပေါ့ကွ”
အီကြာအော်က သွားလေသူများအကြောင်းကို တွေးမိ၍ တရားကျရင်းဖြင့် ပြောလိုက်သည်။
“ကျွန်တော့ဆရာအော် ချွန်မချွန် ကျွန်တော်ကတော့ သိပြီးသားပါဆရာအော်ရယ်”
ဖွတ်ကလေးက သူ့ဆရာကို ဖား၍မြှောက်လိုက်လေ၏။
“မင်းက ငါ့ကို အချွန်နဲ့ မနေပြန်ပြီ ဖွတ်ကလေး၊ မင်းလည်း “ဖွတ်အချွန်”ဖြစ်နေဦးမယ်
ထိုအခိုက်တွင် မီးဖိုချောင်မှ အိမ်ရှေ့သို့ ထွက်လာသော ဒေါ်အွန်မေးက ရုတ်တရက် ၀င်၍ပြောလိုက်လေသည်။
“ကိုအော်…..၊ ရှင့်ကို ကျုပ်က လူရည်ချွန်ဆိုပြီး တကယ်ချွန်မယ်အောက်မေ့လို့ ပြန်ကြိုက်ခဲ့တာ။ အခုတော့ ရှင်က တုံးလွန်းလို့ ကျုပ်တို့ ပင်ပင်ပန်းပန်းလုပ်နေရတာပေါ့။ “လူရည်တုံးအဖွဲ့” ဖွဲ့ရင်တော့ ရှင့်ဗိုက်နဲ့ ဥက္ကဌ ဖြစ်လောက်တယ်။
အီကြာအော်လည်း ပိသာလေးဖြင့် အထုခံရသော ငါးရံ့ တစ်ကောင်ကဲ့သို့ ထွန့်ထွန့်လူးသွားပြီး
“လူရည်တုံး”ဖြစ်တာက ပြသနာမဟုတ်ပါဘူးကွာ။ “လူရည်အချွန်”မဖြစ်တာတော့ ဂုဏ်ယူတယ်ကွ” အီကြာအော်က ကြံဖန်၍ ဂုဏ်ယူလိုက်လေသည်။
“အဲဒါဆိုရင်လည်း ကျုပ်တော့ လူရည်ချွန်သီချင်းကို ပြောင်းပြီး ဆိုလိုက်တော့မယ် ဆရာအော်”
ဖွတ်ကလေးက အရေးနိမ့်နေရှာသော သူ့ဆရာအီကြာအော်ကို စစ်ကူဖြည့်၍ အားပေးလိုက်သည်။
“ဘယ်သီချင်းလည်းကွ”
ကိုယ်တိုင် အဆိုကျော်မဟုတ်သော်လည်း ဂီတ၀ါသနာအိုး၊ ကာရာအိုကေမိုက်မလွှတ် မိုက်ခဲဆရာအော်တစ်ယောက် ဖွတ်ကလေးက “သီချင်း” ဆိုသဖြင့် စိတ်ဝင်စားသွားသည်။
”ဒီသီချင်းလေ ဆရာအော်ရဲ့ ….”
“ကြိုးစားသင်အံလေ့လာ
လူရည်အချွန် မောင်များ မဖြစ်အောင်သာလျှင် ကြိုးစားရဦးမှာ၊
ကြိုးစားကြပါ….၊
နိုးကြားကြပါ…၊
အချောင်ခေတ်မှာ ခေါင်းရှောင်ဖြစ်တာ
ချွန်တော်တို့ပဲ မဟုတ်လားဗျာ”
ဖွတ်ကလေးက “လူရည်အချွန်”များအကြောင်း အသံနေ အသံထားဖြင့် သီဆိုလိုက်လေ၏။
“ဟေ့ကောင်ဖွတ်ကလေး…၊မင်းတော့ကွာ…၊ ယုန်ကန်ဆေးရုံကြီးကနေ အလုပ်ပြုတ်ချင်နေပြီထင်တယ်။
ဤသို့ဆိုသော်ငြားလည်း အီကြာအော်တစ်ယောက် သူ့ဘက်က ထောက်ခံသောကြောင့် တပည့်ကျော် ဖွတ်ကလေးကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်သွားလေသတည်း။ ။
(တိုင်းပြည်အတွက် ရေမရောသော လူရည်ချွန် လူရည်မွန် စစ်စစ်များ ပေါ်ထွန်းလာပါစေဟု)
သဗ္ဗေသတ္တာကမ္မသကာ