အီကြာအော်
ဧပြီ ၁၈၊ ၂၀၁၃
ဖွတ်ကလေးတစ်ယောက် တောက်တခေါက်ခေါက်နှင့် အီကြာအော်၏ အိမ်သို့ ပေါက်ချလာသည်။
“ဒီကောင်တွေ မကောင်းဘူးဗျ”
“ဘယ်ကောင်တွေလည်း ဖွတ်ကလေးရဲ့ ”
“ဂျပံရွာသားတွေပေါ့ဗျာ၊ ကျုပ်တို့ အမေပုကိုများ ရုပ်ကိုဆိုးတယ် ပြောနေကြတယ်”
အမေပု တစ်ယောက် ခက်သေးရွာမှ ဂျပံရွာသို့ အလည်ရောက်နေသည် မဟုတ်ပါလား။
“ကျုပ်တို့ အမေပုလောက် လှပကျော့ရှင်းပြီး ခက်သေးရွာက ဖက်ချင်မယ်တွေတောင် အရှုံးပေးရတာကို သူတို့က ရုပ်ဆိုးတယ်ပြောတာ တော်တော်ကို စိတ်ဆိုးစရာကောင်းတယ်”
ဖွတ်ကလေးက မကျေမချမ်း ထပ်ပြောသည်။
“ဟေ့ကောင် ဖွတ်ကလေး မင်းက ဖက်ချင်နေလို့ “ဖက်ရှင်မယ်” တွေတောင် “ဖက်ချင်မယ်” ဖြစ်ရရှာတယ်”
“ဆရာအော်တောင် တခါတုန်းက ဖက်ချင်တယ် ပြောပြီးတော့”
အီကြာအော်က ဒေါ်အွန်မေးရှိရာ မီးဖိုချောင်ဘက်သို့ အသာကလေး လက်ညှိုးထိုးပြီး ကြားသွားဦးမယ်ဟူသော အမူအရာဖြင့် ဖွတ်ကလေးကို သတိပေးလိုက်သည်။
“ဒါနဲ့ ဘယ်တုန်းက အမေပုကို ရုပ်ဆိုးတယ် ပြောတာလည်း” ဟု အီကြာအော်က အံ့သြတကြီးဖြင့် မေးလိုက်သည်။
“အမေပု သူတို့ရွာကို ရောက်ရောက်ချင်း အလံတွေကိုင်ပြီး “ရုပ်ကိုဆိုး၊ ရုပ်ကိုဆိုး ” ဆိုပြီး အော်ကြတာလေ”
အီကြာအော် သဘောပေါက်သွားသည်။
“ဟေ့ကောင် ဖွတ်ကလေးရဲ့ ၊ မင်းကလည်း တယ်ပြီးခက်ပါလား၊ “ယိုးကိုဆို” ဆိုတာဂျပန်လို “ကြိုဆိုပါ၏” လို့ ပြောတာကွ၊ အဲဒါကြောင့် အမေပုက ပညာ ကောင်းကောင်းသင်ကြ၊ ဘာသာစကားတွေ အမျိုးမျိုးတတ်အောင် လုပ်ကြလို့ ပြောတာ…….၊ ဗဟုသုတ နည်းတော့ ယုံထင်၊ ကြောင်ထင်၊ ဖွတ်ထင်ဆိုတာ ဒါမျိုးပေါ့ကွာ”
ထုံးစံအတိုင်း နည်းနည်းသိလျှင် များများ ဆရာလုပ်တတ်သော ခက်သေးရွာသားတို့ထုံး နှလုံးမူ၍ ကြားဘူးနားဝ မတောက်တခေါက် ဂျပံစကားဖြင့် သူက ဖွတ်ကလေးကို ဆရာကြီး လုပ်လိုက်သည်။
“ဆရာအော် အဲဒါဆိုရင် “ကော်နီ ချီးဝါး” ဆိုတာ ဘာကို ပြောတာလည်း”
“ဟေ့ကောင် ဖွတ်ကလေး ငါ့ကော်နီလေးကို မထိနဲ့ကွ”
ကော်နီကား အီကြာအော်၏ အချစ်တော် ခွေးကလေးပင် ဖြစ်သည်။ အီကြာအော်ကား အနီးအနားတွင် ကလေးများမရှိသောကြောင့် ကော်နီကို အချစ်တွေ ပုံထားသည်။ ကော်နီကလည်း အီကြာအော်နားက တဖ၀ါးမှမခွာ အမြီးတနန့်နန့်နှင့် နေလေ့ရှိသည်။ ယခုလည်း အီကြာအော် အိုးခွက် ပန်းကန်များ ဆေးကြောနေချိန်တွင် အနားက မခွာတော့။
“မင်းကလည်းကွာ လုပ်ပြန်ပီ၊ “ကော်နီ ချီးဝါး” မဟုတ်ပါဘူး၊ “ကော်နီး ချီးဝါး” ဆိုတာ ဂျပံလို နေ့လည်မှာ “ဟဲလို” ဆိုပြီး နှုတ်ဆက်တာပေါ့ကွ”
“ကိုစိုင်း မစု” နဲ့ “စုကိုချီ” ဆိုတာတွေကရော ဘာတွေလည်း ဆရာအော်”
ဖွတ်ကလေးမေးမှ အီကြာအော်လည်း သေသေချာချာ စဉ်းစားရသည်။
“မင်းဟာတွေကလည်း အချစ်ဇာတ်လမ်း ဇာတ်ဝင်ခန်းကျနေတာပဲ”
“ကိုဇိုင်း မတ်စု” ဆိုတာ “အများကြီး”၊ “စုကိုရှီ” ဆိုတာ “နည်းနည်း” ကိုပြောတာ”
“အရီး ခါးတို့” ဆိုတာလည်း ပြောနေကြတာ ကြားတယ်”
“အရီး ခါးတို့” မဟုတ်ပါဘူကွာ “အာရီး ဂတို့” ဆိုတာ “ကျေးဇူးတင်တယ်” လို့ပြောတာ၊ ဒါပေမဲ့ မင်းအရီး အွန်အွန်ကိုတော့ ခါးသွားမတို့လေနဲ့ ကျေးဇူးမတင်ပဲ သူ့ခါးကို တို့ရင် ယောင်ပြီး မင်းကို ငြုတ်ကျည်ပွေ့နဲ့ မွှေလိမ့်မယ်”
“မင်းတို့က ဂျပံစကားဆိုရင် “ဆုရှီး” လောက်ပဲ သိတာကိုးကွ”
“ဒါနဲ့ ငါကြားဘူးတဲ့ ဆုရှီး ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြရဦးမယ်”
“လုပ်ပါဦး ဆရာအော်ရဲ့ ”
“ခက်သေးရွာ နေပူတော် ရပ်ကွက်တစ်ခုက ဘဘကြီးတစ်ယောက် အကြောင်းပေါ့…….၊ ဘဘကြီးက တပည့်တပန်းတွေအများကြီးနဲ့…..၊ တစ်နေ့တော့ သူ့တပည့်တွေ အသုံးမကျလို့ ဆဲပြီး “မင်းတို့ စု ချီးပဲ စား” လို့ ဆူတာကို တပည့်တွေက မှတ်ထားသတဲ့….၊ အဲဒါ နေပူတော်သား တပည့်တစ်ယောက်က မှတ်ထားပြီး တခြားသူတွေကို ပြန်ပြောပြတယ်၊ နေပုတော် ပင်းမနားသား စစ်စစ်တွေက စကားပြောရင် “ရှ” နဲ့ “ချ” ကို မပီကြဘူး၊ “ရှောက်သီး” ဆိုရင် “ချောက်သီး”၊ “ချစ်တယ်” ဆိုရင် “ရှစ်တယ်” လို့ ဆိုလေ့ရှိတယ်၊ အဲဒီတပည့်က တခြားသူတွေကို ပြန်ပြောပြတယ်၊ “ဟေ့ကောင် ငါတို့ ဘဘဂျီးက ဆုရှီး စားခိုင်းတယ်” ဆိုပြီးတော့ပေါ့၊ တစ်နေ့ကျတော့ နိုင်ငံဂျားပြန် တပည့် တစ်ယောက်က ဘဘဂျီးကို ဖားပြီး သံတော်ဦး တင်တယ်လေ၊ ဘဘကြီး ဆုံးမတဲ့ အတိုင်း နိုင်ငံဂျားရောက်တော့ ဆုရှီးကို မနည်းရှာပြီး အ၀စားခဲ့တဲ့အကြောင်း ဖားတို့ထုံးအတိုင်း လျှောက်တာပေါ့…..၊ဘာပြောကောင်းမလည်း ဘဘဂျီးက ထပ်ဆဲတာ ခံရတာပေါ့….. ”
“ဟားဟားဟား…”
ဖွတ်ကလေးတစ်ယောက် ဆုရှီး ဇာတ်လမ်းကိုကြားပြီး အူတက်တောင် ရီလေတော့သည်။
ထိုအခိုက်တွင် မီးဖိုချောင်မှ ရှောင်တခင် ထွက်လာသော ဒေါ်အွန်မေးက ကြားသွားပြီး
“ကိုအော်…….၊ ရှင်…..ဒီ မဟုတ်က ဟုတ်က ဆုရှီး ဇာတ်လမ်းကို ပြောပြန်ပြီလား၊ ခိုင်းထားတဲ့အတိုင်း ပန်းကန်တွေတော့ ပြီးအောင် မဆေးဘူး၊ တော်……. အဲဒီလို လေပဲများနေလို့ တော်နဲ့အတူ ဂျပံရွာမှာ ပန်းကန်အတူ သွားဆေးခဲ့တဲ့ အချိုရည်နဲ့လုပ်စားတဲ့ ခိုနီကိုဂျော်ဂျော်တောင် ဆေးရုံတွေ ဘာတွေ လှူနိုင်တဲ့ အချိန်မှာ ရှင်က ပန်းကန်ပဲ ဆက်ဆေးနေရတာ”
အီကြာအော်လည်း အရှိုက်ထိသွားပြီး “မင်းက ဘဘဂျီးတို့နဲ့ ပေါင်းတာမှ မကြိုက်တာကိုးကွ၊ ငါကတော့ ပေါင်းတော့ ပေါင်းချင်သား” ဟှု ရင်နာနာဖြင့် စိတ်ထဲမှ တိတ်တိတ်လေးပြောကာ နောက်ဆုံးပန်းကန်ကို ဆေးရင်း လက်စသတ်လိုက်သည်။
“ခိုနီတွေက ဆုရှီး……. သိပ်ကြိုက်ကြတာလေ” ဟု အီကြာအော်က ပင်းမနားသား လေသံဖြင့် ရွဲ့ ၍ ပြောလိုက်လေသည်။
ထိုအခါတွင် ဖွတ်ကလေးက ရာသီဥတု မကောင်းမှန်း သိသဖြင့် နှုတ်ဆက်၍ ထွက်သွားတော့သည်။
“အရီး ခါးတို့…. ကျေးဇူးပဲ ဆရာအော် နဲ့ အရီးအွန်ရေ၊ ကျွန်တော် ယုန်ကန်ဆေးရုံမှာ အလုပ်ရှိလို့ သွားလိုက်ပါဦးမယ်”
ဖွတ်ကလေး တစ်ယောက် ဆေးရုံကြီးဘက်သို့ ခြေဦးလှည့်ရင်း ဒီတစ်ခါ ယုန်ကန် ဆေးရုံအသစ် ဆောက်ရန်အတွက် အကူအညီပေးရန် ဂျပံဂျီးများ လာလျှင်တော့ဖြင့် “ရုပ်ကိုဆိုး” ဟု ကြိုဆိုလိုက်ပြီး၊ “ကော်နီ ချီးဝါး”ဟု နှုတ်ဆက်လိုက်မည်။ ယုန်ကန်ဆေးရုံကြီးမှ ဆရာသမား အုပ်ကလေး နှင့် အုပ်ကြီးများ ကိုတော့ နှစ်ကူးမှာ “စုချီး” အဲ…. “ဆုရှီး” ကျွေးပြီး ကန်တော့လိုက်ရင် ကောင်းမလား တွေးမိကာ တစ်ယောက်တည်း ကြိတ်ပြီး ပြုံးမိလေတော့သတည်း။ ။
သဗ္ဗေသတ္တာ ကမ္မသကာ