ခေတ်ပြိုင်အတွေ့အကြုံ

Nyi Saw Lwin – Happy Community in Burma

ပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်း

ညီစောလွင်၊ စက်တင်ဘာ ၁၉ ၊ ၂၀၁၃

            မူလတန်းကျောင်းသားဘ၀မှာ အမှတ်ရနေတဲ့ ဆရာတွေ ရှိတယ်။ တယောက်က ကရင်တိုင်းရင်းသူ ဆရာမ ဒေါ်ကြည်ကြည်ခင်တဲ့။ ကရင်ပြည်နယ်ထဲ နယ်မြို့လေးတမြို့ကနေ ကျနော်တို့ ရွာကလေးမှာ တာဝန်ကျတယ်။ စာသင်လည်း ကောင်း၊ စေတနာလည်း အလွန်ကောင်းပါတယ်၊ ကျောင်းသား ၆၀ ၀န်းကျင် ကို တယောက်တည်း နေ့ဘက်မှာ ဒိုင်ခံသင်၊ ညဦးပိုင်းအထိ သူ့အိမ်ကို ခေါ်ပြီး စာတွေသင်၊ ပုံပြင်တွေ ပြောပြ၊ အင်မတန် ချစ်စရာကောင်းတဲ့ ဆရာမ၊ စာသင်တာတွေကို မမှတ်မိတော့ပေမယ့် သူပြောပြတဲ့ သား ၅၀၀ မွေးတဲ့ မိခင်တယောက်၊ နောက်တော့ သားတွေ အားလုံး ရဟန္တာတွေ ဖြစ်သွားလို့ မိခင်ကြီးက သားငါးရာကို ဆွမ်းကပ်တဲ့ ပုံပြင်ကို တစွန်းတစ မှတ်မိနေတုန်းပါပဲ။

ဆရာမပြောင်းသွားတဲ့အခါ လိုက်ပို့တဲ့ လမ်းမှာ ဆောင်းတွင်း မနက်ခင်း နှင်းတွေ ဝေေ၀၊ လယ်ကန်းသင်းတွေပေါ်မှာ တန်းစီရင်း ဆရာမနောက်ကို လိုက်ကြ၊ တချို့က မျက်ရည်လယ်ရွဲနဲ့ပေါ့၊ တနှစ်လောက်အထိ ကျောင်းသားတွေနဲ့ ဆရာမတွေ စာအဆက်အသွယ် မပျက်ပါဘူး။ နောက်တော့ ဆရာမအိမ်ထောင်ကျတယ်လို့ကြားတယ်။ သိပ်မကြာခင်မှာပဲ အစာအိမ် ရောဂါနဲ့ ဆုံးသွားတယ်လို့ ကြားရတယ်၊ ငယ်ငယ်ရွယ်ရွယ်၊ အသက် ၃၀ ၀န်းကျင်မှာပဲ ဆုံးသွားရှာပါတယ်။

နောက်တယောက်ကတော့ သုံးတန်းနှစ်မှာ ဆုံတဲ့ ဆရာ။ ရုတ်တရက်ဆိုတော့ နာမည်တော့ မမှတ်မိတော့ပါဘူး။ လူပုံက ပုပု၊ မွန်သံ ၀ဲဝဲနဲ့ ကျောင်းသားမိဘတွေနဲ့ လေပေးဖြောင့်တဲ့ ဆရာပါ။ ဘုန်းကြီးကျောင်းမှာ နေရတယ်။ ဘုန်းကြီးကျောင်းမှာပဲ စားရတယ်၊ ညဘက်ဆိုရင် ယောင်္ကျားလေးတွေကို ခေါ်ပြီး စာကျက်ခိုင်းတယ်။ တခါတလေ ဘုန်းကြိေးကျာင်းဝင်းထဲက သစ်ပင်အောက်မှာ သင်ရတယ်၊ ပိုလွတ်လပ်၊ ပိုပျော်စရာကောင်းပါတယ်။

မှတ်မှတ်ရရ စာမေးပွဲနီးတဲ့ တရက်မှာ ကျနော့်တို့ကို စာခေါ်ကျက်ရင်း ကျနော့် ခေါင်းအုံးကို မီးလောင်ပါလေရော၊ ညော်နံ့ရတဲ့ ဆရာက သူ့အိပ်ယာကနေ ထ လာပြီး မီးကိုလည်း ငြိမ်း၊ ကျနော့်ကိုလည်း နှိုးရတယ်။ ဆရာက ကျနော့်ကို အတော်လျှမ်းတဲ့ကောင်လို့ အမြဲပြောတယ်။ သုံးတန်းအောင်လို့ မိဘတွေက ကျနော့်ကို တောကျောင်းကနေ မြို့ကျောင်းကို ပြောင်းတော့ ဆရာက စိတ်မသက်မသာနဲ့ ခွင့်ပြုခဲ့တယ်။ အဲဒီဆရာကြောင့်ပဲ ကျနော်မြို့ကျောင်းရောက်လည်း စာမညံ့ခဲ့ပါဘူး။

လေးတန်းကျောင်းသားဘ၀မှာ ထူးခြားတဲ့ ဆရာတယောက်က သံဂေါ်လီလို့ပဲ သူ့ကို ခေါ်ကြတယ်။ နာမည်အရင်းတောင် ကျနော် မသိပါဘူး။ ဘာကြောင့် ခေါ်မှန်းလည်း မသိပါဘူး၊ အခုနေခါ ပြန်စဉ်းစားကြည်တော့ ငယ်ငယ်က ဆိုးပေခဲ့လို့လားလို့ စဉ်းစားမိတယ်။ ထားပါတော့၊ သူက ကျောင်းအုပ်ပါ၊ မနက်ဆိုရင် ကျောင်းကို အချိန်မှီ ရောက်လာတယ်၊ ကျောင်းတွေမှာ မနက် ၈ နာရီဆိုရင် နိုင်ငံတော် သီချင်းဆိုရတယ်၊ နိုင်ငံတော်အလံကို အလေးပြုရတယ်၊ ပြီးရင် ဘုရားရှိခိုးရတယ်။ တခြား ဘာသာဝင်တွေကတော့ သူတို့ဖာသာ အဆင်ပြေသလို နေပေါ့၊ ရှိခိုးတဲ့အချိန်ကလည်း ခဏပါ၊ ပြီးရင် ဆရာကြီးက မင်္ဂလာသုတ် အလင်္ကာကို ဆိုခိုင်းတယ်၊ အသံနေ အသံထားမကျရင် သူက ရှေ့က တိုင်ပေးတယ်။ ပြီးမှ စာသင်တယ်၊ ဆရာကြီး အလုပ်က ဒါပဲ၊ ညနေကျတော့မှပဲ ၀ီစီ တလုံးနဲ့ ကျောင်းသားတွေကို ဘောလုံးကန်တာ သင်ပေးတယ်။ ဆရာကြီး လက်ထွက် မြို့နယ်လက်ရွေးစင် ဘောလုံး သမားတွေ နှစ်တိုင်း ထွက်တယ်။ တပည့်တွေကို အကဲခပ်တဲ့နေရာမှာ၊ သိပ်တော်တဲ့ ဆရာတွေပါ၊ ဘော်လုံးဘက်မှာတော်တဲ့ တပည့်ကို ဘောလုံးဘက်ကိုပို့၊ ပညာဘက်မှာ တော်တဲ့ တပည့်ကို ပညာဘက်မှာ အာရုံစိုက်ဖို့ အားပေးတဲ့ ဆရာပါ၊ သင့်ရာအပ်ပို့ ဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာတွေပါ။

လေးတန်းမှာ မှတ်မိတဲ့ နောက်ဆရာမတယောက်က ဒေါ်ညွန့်ညွန့်ဌေးတဲ့။ အဲဒီတုန်းက ကျနော်တို့တွေ ကျောင်းဆောင်မလောက်လို့ ဟိန္ဒူ ဘုရားရှိခိုကျောင်းဝင်းထဲက ဓမ္မာရုံလို နေရာမှာ သင်ရတယ်။ နောက်တော့ ကျောင်းသား မိဘတယောက်ရဲ့ အိမ်ကပြင်ကို ပြောင်းရပြန်တယ်။ အပျိုကြီး ဆရာမ ဒေါ်ညွန့်ညွန့်ဌေးက အတန်းပိုင်လည်း ဟုတ်၊ ဘာသာရပ်အားလုံးရဲ့ ဆရာမလည်း ဟုတ်တယ်၊ ထူးခြားတာက သချာင်္ ဘာသာအတွက် စာအုပ်တွေ၊ ခဲတံတွကို မသုံးခိုင်းဘူး။ တခြား ဖတ်စာတွေမှာတော့ သုံးပါတယ်။ သချာင်္ကို ကျောက်သင်ပုန်းပေါ်မှာပဲ အကြိမ်ပေါင်းများစွာ တွက်ရတယ်။ တတန်းလုံးကိုလည်း သင်တယ်၊ တယောက်ချင်းကိုလည်း သင်တယ်။ နားလည်အောင်သင်တယ်၊ နောက် ပြန်ကြည့်စရာ မရှိဘူးမဟုတ်လား။ အတော် စွန့်စားရတဲ့ ကိစ္စပါ၊ ဒါပေမယ့် ဆရာမက သူ့မူနဲ့ သူပဲ၊ ယုံကြည်မှုအပြည့်နဲ့ သင်ခဲ့တယ်။ လေးတန်းမှာ ကျနော်တို့ တန်းလုံးကျွတ်အောင်တယ်လို့ မှတ်မိနေတယ်၊

အဲဒီတုန်းက ကျူရှင်ဆိုတာ မရှိပါဘူး။ မိဘတွေက ဆရာမတွေကို စေတနာနဲ့ လက်ဆောင်သဘောမျိုး ပေးတာလောက်ပါပဲ၊ ငါးပိပေးတယ်။ တခါတလေ ကောက်ညှင်းဆန်တွေ ပေးတယ်၊ တခါတလေ မီးပူတိုက်ဖို့ မီးသွေးအိတ်တွေပေးတယ်။ ဒါပါပဲ။ ငွေစကားမပြောတဲ့ ဆရာမ၊ ဆရာမတွေနဲ့ မဆုံခဲ့တာလား၊ ဒါမှမဟုတ် အဲဒီတုန်းက ဆရာဆရာတွေရဲ့ ဂုဏ်သိက္ခာ ထိန်းသိမ်းကြသလား ကျနော် မပြောနိုင်ပါ။ ကျနော်တို့ ကံကောင်းတာက ကလေးဘ၀မှာ ဆုံရတဲ့ ဆရာဆရာမတွေဆီက စေတနာနဲ့ မေတ္တာတွေကိုပဲ ကျနော်တို့ ခံစားခဲ့ရတယ်။ ကျောင်းသားတွေရဲ့ အနာဂတ်ကို အမြဲတမ်း ဦးစားပေးတဲ့ ဆရာဆရာမတွေနဲ့ပဲ ဆုံခဲ့ရတယ်။

အဲဒီအချိန်က မြန်မာ့လူ့အဖွဲ့အစည်းကလည်း အခုလောက် ရုပ်ဝထ္ထုတွေအပေါ် အပြိုင် အဆိုင်ဖြစ်ကြ၊ မနာလို ဖြစ်ကြတဲ့ လူ့အဖွဲ့အစည်းလည်း မဟုတ်သေးပါဘူး။ တောကျောင်းမှာ နေတုန်းကဆိုရင် ၀ါတွင်းကာလ ရက်ကြီးခါကြီးဆိုရင် အိမ်တွေမှာ မုန့်တွေ လုပ်ကြ၊ အပြန်အလှန် လဲစားကြ၊ လရောင်အောက်မှာ မုန့်ဖက်ထုပ်ကို ပန်းကန်အပြည့်ထည့်ပြီး တအိမ်တက်ဆင်း လိုက်ပို့ခဲ့တာ မှတ်မိနေပါတယ်၊ ဆရာမအိမ်ကို အပြေးတပိုင်းနဲ့ သွားခဲ့တာကို ပြန်မြင်ယောင်နေပါတယ်။ အခုတော့ အဲဒီ ချစ်စရာယဉ်ကျေးမှုတွေ နေရာမှာ ငွေကိစ္စတွေ လွှမ်းမိုးသွားပြီလို့ ထင်ပါတယ်။ လွမ်းမောစရာ၊

ပြန်စဉ်းစားကြည်တော့့ ကျနော်တို့က နောက်ဆုံးမျိုးဆက်ပါပဲ၊ ချစ်စရာဓလေ့ရဲ့ အမြီးဖျားလေးကို မီခဲ့တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အလယ်တန်း အထက်တန်းရောက်တဲ့အခါမှာ ကျူရှင်တွေ ပေါ်လာတယ်၊ အထက်တန်းရောက်တဲ့အခါမှာ အတန်းပိုင်ဆရာမဖွင့်တဲ့ ကျူရှင်ကို တက်နေရပြီလေ၊

ဝါတွင်းဆိုရင် ကျောင်းသားတွေဆီက ငွေတွေ အဆမတန် ကောက်ပြီး အတင်းကန်တော့ခိုင်းတဲ့ ယဉ်ကျေးမှု အသစ်တခုက ထွန်းကားစပြုလာတယ်၊ လူတွေ ပိုကျပ်တည်းလာလို့လား၊ တန်ဖိုးတွေ ပြောင်းလဲသွားလို့လား၊ ကမ္ဘာ့လူ့အဖွဲ့အစည်းက ပြောင်းလဲသွားလို့လား၊ အားလုံးကြောင့်လို့ ဖြစ်မယ်လို့ ထင်ပါတယ်၊ တကယ်တော့ မဆလ ခေတ်ဆိုတာကလည်း လူတွေ စီးပွားရေးအရ ကျပ်တည်းပါတယ်။ ဒါပေမယ့် ဆရာတွေရဲ့ အနစ်နာခံတဲ့ စိတ်တွေက အကောင်းပကတိ တွေ့ခဲ့ရသေးတယ်။ အခုတော့ ယဉ်ကျေးမှုက ပြောင်းပြန်ဖြစ်သွားပြီလို့ဆိုရမှာပေါ့၊ စနစ်ကြီးက လူတွေကို ပြဌာန်းတယ်မဟုတ်လား။

မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရတဲ့ ၁၉၉၁ ခုနှစ်မှာ ကျနော် လေးတန်းအောင် တယ်ဆိုတော့ အာဏာသိမ်းပြီး သုံးနှစ်လောက်အကြာမှာပေါ့၊ နောက်ပိုင်း နှစ်တွေမှာတော့ မြန်မာ့လူ့အဖွဲ့အစည်းတခုလုံး ချစ်စရာ ကောင်းတဲ့ အစဉ်အလာတွေ၊ ဓလေ့တွေ၊ ကျင့်ဝတ်တွေ၊ စာနာထောက်ထားမှုတွေ အားလုံး ရေစုန်မျောသွားတော့တယ်။ အခုပြန် စဉ်းစားတော့ အလွန်နှမျော၊ ၀မ်းနည်းစရာ၊ လွမ်းစရာကြီးပါ..။

မျိုးဆက်သစ်တွေအနေနဲ့ ခေတ်မီပညာတွေ တတ်ဖို့လိုပါတယ်၊ လူချွန်လူကောင်း သီချင်းထဲကလို ကမ္ဘာနဲ့ ရင်ပေါင်တန်းတဲ့ မျိုးဆက်တွေ လိုပါတယ်၊ တချိန်မှာ အဖိုးတန်တဲ့ မြန်မာ့ ဓလေ့ထဲ စာနာမှု၊ အနစ်နာခံမှု၊ ရက်ရောမှု၊ ကိုယ်ချင်းစာတရား စတဲ့ မူလတန်ဖိုးတွေကို အထင်မသေးဖို့လိုပါတယ်။ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ် အဟောင်းတွေလို့ မထင်စေချင်ပါဘူး။ ဘူတန်ကစပြီး တကမ္ဘာလုံး ဆွေးနွေးနေကြတဲ့ တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) ဒီသဘောပဲလို့ နားလည်မိပါတယ်။ ဘာပဲပြောပြော အခုတော့ ကျနော်တို့ဆီမှာ၊ ကျနော်တို့ မိသားစုမှာ၊ ကျနော်တို့ အသိုင်းအ၀ိုင်းမှာ ရုပ်ဝထ္ထုတွေ အရင်တုန်းထက် ပိုများလာတယ်။ ပိုရှုပ်ထွေး လာတယ်လို့ ဆိုနိုင်ပါတယ်၊ ဒီလိုပဲ နောက်ထပ် လိုအပ်ချက်တွေကလည်း မရေမတွက် နိုင်အောင်ပါပဲ၊ ဘယ်တော့မှလည်း ပြည့်စုံမယ်လို့ မထင်ပါဘူး။ ကျနော်တို့ တကယ်မပျော်နိုင်ကြပါဘူး။ မပျော်ရွှင်တဲ့ လက်တွေ့ဘ၀ကို ရုန်းကန်ရင်းနဲ့ လူတိုင်းလိုလို ငယ်ငယ်က ချမ်းမြေ့ဖွယ် ဘ၀တွေကို လွမ်းဆွတ်မိနေကြမှာပဲ။ တမ်းတမိကြမှာပါပဲ။ အဖြေက ရိုးရှင်းပါတယ်၊ တကယ်စစ်မှန်တဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ရခဲ့တဲ့ ရိုးရိုးသားသား အချိန်တွေက ကျနော်တို့ စိတ်တ်နှလုံးတွေထဲမှာ နက်နက်ရှိုင်းရှိုင်းကိန်းအောင်းနေခဲ့တာကြောင့်ပဲ တွေးမိပါတယ်။

(ကျေးဇူးရှင် ဆရာများသို့ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts