Overseas Burmese ခေတ်ပြိုင်အတွေ့အကြုံ

Saung Luu – Struggle Outside

ရုန်းရင်း ဆန်ခတ်

ဆောင်းလူ

အောက်တိုဘာ ၁၁၊ ၂၀၁၃

+++++

လွဲတာမှ .. မနက်ကတည်းက .. ။ ဘာစကားမှမပေါက်လို့ … ထမင်းမှာစားတာ .. ကောက်ညှင်း ကြက်ဥပဲ လွေးလိုက်ရတယ် …။ ပန်း ကန်းထဲက ကြက်ဥကြော် … ခြောက်ကပ်ကပ် ..။ လမ်းဘေးဆိုင်ဆိုတော့ သဲတရှပ်ရှပ်နှင့် …။

စိတ်နဲ့ကိုယ်နဲ့ မကပ် ..။ မကြေညာပဲ ကုန်ဈေးနှုန်းကို တက်ပစ်လိုက်သည်။ ကြေညာလည်း သိမည်မဟုတ် ..။ သူများနိုင်ငံထဲ ခိုးကြောင် ခိုး ၀ှက်ဝင်နေသည်ကိုး …။ အခွန်မပေးရသည်ကိုက ကံကောင်းလှသည်ပင်။

သောက်နေကျအရက်တွေ ဈေးတက်လာတော့ အရက်မသောက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ် ..မှားနေပြီ …။ ထမင်းတနပ်လျှော့ လိုက်တာ ပိုအဆင်မပြေမည်။

ခုတလော စိတ်တို့သည် ပိတ်လိုက် ..ဖောင်းလိုက် …။ ကုန်ဈေးနှုန်းတွေ တက်ရတဲ့အထဲ .. မယား ကွန်ပျူတာကို စိတ်လိုလက်ရ ထုထဲ့ လိုက်တာ အယ်ရာနှင့်အတူ ဘုရင့်ခေါင်း (မှတ်ချက်။ ဂျော့ခေါင်းများမဟုတ်ပါ) တွေ ပေါ်လာသည်။ လတ်တလောတော့ မယားအား ချော့မော့ကာ မိမိကွန်ပျူတာမှတဆင့် မော်နီတာနောက်တလုံးဖြင့် ကွန်ပျူတာတခြမ်းအား မျှဝေထားလိုက်သည်။ သူလုပ်ချင်သည် ကြည့် ချင် သည်ရှိရာ .. မောက်စ်ကိုင်ပြီး လှည့်ပေးလိုက်ရင် ပီတိတွေ ဖြာနေသည်။ ဒီလကုန်ရင်ဖြင့် ထောင်ဂဏာန်းလောက်တော့ စွန့်လွှတ်သင့် စွန့်လွှတ်ရမည်။ နို့မဟုတ်က ကုန်ဈေးနှုန်းသည်ကား အစိုးမရ …။

သူများနိုင်ငံထဲ ခိုးကြောင် ခိုးဝှက်ရှိစဉ်အခါ . ဟိုကြောက်ရ ..ဒီကြောက်ရနှင့် …။ ခု တရားဝင် ပွင့်ပွင့်လင်းရှိလာပြန်တော့လည်း ရင်ကော့ ခေါင်းမော့မှုသည် ခဏမျှသာ။ …တနှစ် တနှစ် စာရွက်ပေါ်ရိုက်ရမည့် တံဆိပ်တုံးဖိုး ခုနှစ်သိန်း ရှစ်သိန်း (လေး ငါး ရှစ်ရာ) အတွက် ရတက် မအေးရပြန် ..။ မယားအတွက်ပါ ထည့်တွက်ပြန်လေတော့ တနှစ် ဆယ့်ငါးသိန်းခန့်..။ ကိုယ့်နိုင်ငံနေတုန်းက ယောင်လို့တောင် မတွေ့ဘူး … ။ ယောင်လို့တောင် မကိုင်ဘူး ..။ ခုလည်း ထူးသည်တော့ မဟုတ်။

နောက်လတွင် ရင်ဆိုင်ရမည့် ကြွက်နားရွက် တပ်ဆင်ထားသည့် အင်မီဂရေးရှင်း မမအား .. ခုတလော ညည အိမ်မက်တွေ မက်နေတတ်သည်။ အင်မီဂရေးရှင်းရှေ့ ရေမကျော်ပါစေနဲ့…။

ခုတလော ဆက်သွယ်မှုဧရိယာထဲပျောက်နေလွန်းလို့ လုပ်ဖော်ကိုင်ဖက်တွေပင် ငြိုငြင်လာသည်။ မဖြစ်သေး .. နက်ဖြန်တော့ နို့ဆီခွက် တလုံး ခါးချိတ်သွားမှ သင့်မည်။ နို့ဆီခွက်သည်ပင် အနားတွင်အဆင်သင့်မရှိ ..။ ခက်ပြီ ..။

ဘ၀သည် ပျော်စရာမကောင်း ..။ စိတ်လိုလက်ရရှိမှသာ နှလုံးသားကို ရှစ်ခေါက်ချိုးမျက်နှာဖြင့် အာပြေ နှစ်သိမ့်တတ်လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts