စာအုပ်စင် ဝေဖန်ရေးရာ မောင်စွမ်းရည်

မောင်စွမ်းရည် – ကြက်သွန်ခင်းရဲ့အလယ် စာအုပ်ဝေဖန်ချက်

မောင်စွမ်းရည် – ကြက်သွန်ခင်းရဲ့အလယ် စာအုပ်ဝေဖန်ချက်

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉

ခေါင်းစဉ် – ကြက်သွန်ခင်းရဲ့အလယ် (ကိုယ်တွေ့ဝတ္ထုဆောင်းပါးများ)
ရေးသူ – မေမေမြင့်

မေမေမြင့်ဆိုတဲ့ ကလောင်ရှင်ဟာ ပညာရေးဝိဇ္ဇာ၊ မဟာဝိဇ္ဇာဘွဲ့ရ ကျောင်းအုပ်ဆရာမကြီးတဦး ဖြစ်ပါတယ်။ ၁၉၆၄ က ၂၀၀၀ ပြည့်နှစ်အထိ လုပ်သက် ၃၆ နှစ် လုံးလုံး ကျောင်းဆရာအလုပ်ပဲ တသက်လုံးလုပ်လာခဲ့တဲ့ ၀ါသနာ၊ စေတနာ၊ ဆရာမကြီးတဦး ဖြစ်ပါတယ်။ ကျောင်းဆရာတွေရဲ့ ဘ၀ကို ရေးကြတိုင်း စေတနာ၊ ၀ါသနာ၊ အကြင်နာ၊ အနစ်နာ ဆိုတဲ့ နာ ၃၊ ၄ နာကို ထဲ့ပြောကြလေ့ရှိပါတယ်။ တခြားဝန်ထမ်းတွေအကြောင်း ပြောကြရင် နာသုံးနာအကြောင်း ပြောသံမကြားရဖူး။ ဘာကြောင့် ဆရာတွေကျမှ ‘နာ’ ရသလဲ။

ကျနော်ကလည်း တသက်လုံး ကျောင်းဆရာလုပ်လာသူပါ၊ ဘွဲ့ နှစ်ထပ် သုံးထပ်နဲ့ တသက်လုံးလုပ်လာပေမယ့် ကျောင်းအုပ်အဆင့်အထိ တကြိမ်သာ ရာထူးတိုးခဲ့ဖူးပါတယ်။ တခါက ခုလို ညည်းညူဖူးတယ်။ “ကျောင်းဆရာဆိုတာ အသဲနာ၊ အသံနာ၊ အဆုတ်နာ ဆိုတဲ့ ဘ၀နာကြီးပါကွာလို့” ။ ဒါကို ကြားတဲ့သူငယ်ချင်းက အလွန်မြင့်မြတ်တဲ့အလုပ်ကို ကြက်သရေယုတ်အောင် မပြောပါနဲ့ကွာ၊ ၀ါသနာ၊ စေတနာ၊ အကြင်နာ၊ နာသုံးနာကို အနစ်နာခံပြီး လုပ်တဲ့ မြင့်မြတ်တဲ့ သူတော်စင်များရဲ့ အလုပ်ပါလို့ ၀င်ပြီး ဟန့်ဖူးပါတယ်။ မှန်ပါတယ်။ ကျနော်က အလွတ်ကျောင်းတွေ ပြည်သူပိုင်သိမ်းလို့ သောကောရောကော ကျောင်းဆရာဖြစ်သွားသူပါ။ မေမေမြင့်တို့က တကယ့်ကို စေတနာ၊ ၀ါသနာ၊ အကြင်နာနဲ့ တသက်လုံး မညည်းမညူ လုပ်ခဲ့သွားတဲ့ ကျောင်းဆရာမကြီးပါ။

အနစ်နာဆိုတဲ့ လေသံတလုံးမှ မပါဘဲ ကျောင်းဆရာမဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဂုဏ်ယူပြီး လုပ်ခဲ့ပုံတွေကို ရေးသားတင်ပြသွားတာမို့ နာသုံးနာကို ပြောင်းပြန်ပြောခဲ့ဖူးတဲ့ ကျနော်လို ကျောင်းဆရာမျိုးအတွက် မေမေမြင့်ရဲ့စာအုပ်ကို ဖတ်ရတာ မျက်နှာပူစရာကြီးပါ။

တကယ်တော့ ဒီစာအုပ်က ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ကြီးပါ။ သူ့အမေ အဖေ အကြောင်း၊ သူငယ်စဉ်က သူ့ကိုစာသင်ပေးခဲ့ကြတဲ့ ကျောင်းဆရာ ဆရာမတွေအကြောင်း၊ ကျောင်းတွေအကြောင်း၊ ဆရာတွေ ဆရာမတွေ အမည်၊ ကျောင်းသားကျောင်းသူတွေအမည်၊ မင်းစေတွေ တခါးစောင့်တွေအမည်လို ဟာက အစ အမှတ်တရ ထည့်သွင်းဖော်ပြသွားခဲ့တာပါ။ စာဖတ်ရင်းက ကိုယ်နဲ့မသိဖူးတဲ့ သာမန်လူတွေရဲ့ နာမည်တွေကို ရှုပ်လိုက်တာလို့ အောက်မေ့ရပေမယ့် ဖတ်ရင်းက ရင်းနှီးချစ်ခင် ပျော်ရွှင်မှုတွေ ခံစားလာရပါတယ်။ ဘယ်သူကဖြင့် ဟန်ကဘယ်လို၊ အသံကဘယ်လို စသဖြင့် ရေးသားတင်ပြထားတော့ ကိုယ့်ကျောင်းနေဘက်တွေ လုပ်ဖော်ကိုင်ဖက်တွေလို ခံစားရပါတယ်။

စာအုပ်ပါ အကြောင်းအရာတွေကို အကြောင်းအရာအလိုက်၊ အခန်းကဏ္ဍတွေ စနစ်တကျ ခွဲထားပါတယ်။ ၄ ပိုင်း၊ ၄ ကဏ္ဍ ခွဲထားတာပါ။ (၁) ကျေးဇူးမြင့်မိုရ် … တဲ့။ မိဘကျေးဇူး၊ ဆရာကျေးဇူးတွေကို ဖော်ကျူးထားတာပါ။ အထူးသဖြင့် ဆရာမကြီး ဒေါ်မေမေမြင့်ရဲ့ မိခင်ကြီးအကြောင်းဟာ တကယ့်အညာသူမိခင်ကြီးတဦးရဲ့ စံနမူနာပြ ရုပ်ပုံလွှာပါပဲ။ အညာသူကြီးတွေ အများစုက အောက်ပြည်မှာလို ရေသွင်းလယ်မှာ စပါးစိုက်ကြတာမျိုး မဟုတ်ဘဲ ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ ကြက်သွန်၊ ငရုတ် စတဲ့ ယာခင်းစိုက်ပျိုးသူ “တောင်သူယာသမား” တွေ ဖြစ်ကြပါတယ်။ တချို့ အညာသူကြီးတွေဟာ လင်ယောကျာ်းကို အိမ်မှုကိစ္စခိုင်းထားပြီး သူတို့က လှည်း၊ နွား၊ လူငှား၊ အလုပ်သမားတွေနဲ့ စိုက်ပျိုးရေးအလုပ်တွေကို ဦးဆောင်လုပ်ကိုင်ပါတယ်။ ဒေါ်မေမေမြင့်ရဲ့မိခင်ကြီးဟာ တသက်လုံး ကြက်သွန်စိုက်ပြီး သားသမီးတွေကို လူလားမြောက်အောင် ပညာသင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အညာဒေသ၊ ရေနံမြေထဲမှာ စီးဆင်းတဲ့ ယောချောင်းဘေးက ‘လမ်းရွာ’ ကို အခြေတည်လုပ်ကိုင်စားသောက်ကြတာ ဖြစ်ပါတယ်။ ယောချောင်းမှာ သဲသောင်ကြီးတွေကို မြေညှိ ထွန်ယက် စိုက်ပျိုးကြပါတယ်။ ကြက်သွန်တောင်ယာသမား မိခင်ကြီးရဲ့ ရုပ်ပုံလွှာ ပီသစွာ မှတ်တမ်းတင်ထားတာဟာ တစိတ်တပိုင်းသာ ဖြစ်ပေမယ့် မမေ့နိုင်စရာ ရုပ်ပုံလွှာပါ။ (စပ်မိလို့ ပြောရရင် ကျနော်ရဲ့ အညာသူမိခင်ကြီးနဲ့လည်း တထပ်တည်းလို တူနေပါတယ်။ ကျနော်တို့အဖေက အသေစောလို့ အမေက နွားတယှဉ်းနဲ့ လူငှားပြီး သားသမီးတွေ၊ မြေးတွေပါ ဘွဲ့ရအောင် ပညာသင်ပေးနိုင်ခဲ့ပါတယ်။)

(၂) ဒုတိယကဏ္ဍကတော့ ‘ကျောင်းရိပ်ဝန်းကျင်’ တဲ့။ ဆရာမအလုပ်ဝင်ခဲ့ရတဲ့ ကျောင်းတွေအကြောင်းကို အမိန့်စာကအစ အမှတ်တရတင်ပြထားတာတွေ ပါရှိပါတယ်။ ကျောင်းအများစုက အထူးသဖြင့် ကျေးလက်တောရွာတွေမှာ ‘ကိုယ်ထူကိုယ်ထ’တွေပဲ များပါတယ်။ ‘သူထူ ကိုယ်ထ’ ရတာ နည်းပါတယ်။ တချို့ရွာတွေများ မူလတန်း၊ အလယ်တန်း၊ ကအစ အထက်တန်းအထိ ကျောင်းဆောက်တာရော ဆရာငှားတာရော ကိုယ်ထူကိုယ်ထတွေချည်းပါပဲ။ ‘ဘုန်းကြီးကျောင်း’ ‘ဘကပညာရေး’ ဟာလည်း အရေးကြီးတာပဲ။ ဒါမျိုးက ဗမာပြည်မှာပဲ ရှိတာလား မသိပါ။ ဘုန်းကြီးကျောင်းတွေက အဆောက်အဦ ပရိဘောဂလည်း ပေးရုံမက ကိုရင်တွေ ဦးဇင်းတွေက စာသင်ပေးကြသေးတာ။ အချို့ဆို ထမင်းကျွေး၊ အ၀တ်အစား ဆင်ပေးသေးတာ။ ဗိုလ်နေ၀င်းက ‘ဘက’တွေ ဖျက်လိုက်တာ ကျေးလက်ပညာရေးမှာ တော်တော် အခြေယိုင်သွားစေပါတယ်။ ဘုန်ကြီးကျောင်းက ရိုးရာယဉ်ကျေးမှုလဲဖြစ် ခေတ်လဲမီအောင် ပေါင်းစပ်ထားတာမဟုတ်လား၊ အာဏာရှင်ကလည်း အာဏာပြစရာအကွက်ပဲ လိုက်ချောင်းနေပြီး ဖျက်လို ဖျက်ဆီးလုပ်ခဲတော့့ နာတာပေါ့။

(၃) တတိယကဏ္ဍကတော့ ‘ မေတ္တာစမ်းရေ’ တဲ့။ ဘုန်းတော်ကြီးသင် ပရဟိတကျောင်း တဲ့။ ဘုန်းကြီးတွေက ဦးဆောင်သင်ကြားတဲ့ကျောင်းမှာ မိဘမဲ့ကလေးတွေ ဆင်းရဲလို့ မိဘက ကျောင်းမထားနိုင်တဲ့ ကလေးတွေ၊ ရှမ်း ချင်း ကချင် ကရင် စတဲ့ တိုင်းရင်းသားလေးတွေကို ပညာသင်ပေးနေတဲ့ ကျောင်းပါ။ အစိုးရက ဆန်ဆီဆားပဲ စတာတွေ ထောက်ပံ့ပါတယ်။ ပုဂ္ဂလိကအလှူရှင်များလည်း ပါဝင်ပါတယ်။ မန္တလေး အရှေ့ဖျားက ဘီဘီအိုအေ ခေါ် ဗမာ ဗုဒ္ဓဘာသာ မိဘမဲ့အသင်းကျောင်းလို ပရဟိတရန်ကုန်ကျောင်းပါ။ မန္တလေးပရဟိတကျောင်းမှာ အရင်ကတော့ ဆံပင်ညှပ်၊ အုတ်ကြွပ်လုပ်၊ လက်သမားလုပ် စတဲ့ လက်မှုအတတ်ပါ သင်ပေးတာ တွေ့ဖူးတယ်။ အဲဒါမျိုးက ပိုပြီး အကျိုးများတာ တွေ့ရပါတယ်။ ဗမာပြည်မှာ ဗြိတိသျှအုပ်စိုးခါကစက ဖယ်ရာမင်းကြီးရဲ့ ပညာရေးအစီရင်ခံစာမှာ ဘုန်းကြီးကျောင်းပညာရေးကို အတော်လေး မျက်စိကျပုံရပါတယ်။ ခုခေတ်မှာလည်း ကျေးလက်တွေမှာ ဘုန်းကြီးကျောင်းတွေဟာ အရေးပါဆဲပဲဆိုတော့ သာသနာရေးဌာနနဲ့ ပညာရေးဌာန စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရင် မြန်မာကျေးလက်ပညာရေးမှာ ပိုအကျိုးထူးလာစရာ ရှိပါတယ်။ စနစ်မကျရင်တော့ ပရဟိတတွေမှာ အတ္တဟိတသမားတွေက အချောင်ဝင်နှိုက်တာ တွေ့ရမြဲပါ။ ပရဟိတကတော့ ဘုန်းတော်ကြီးတွေနဲ့ပဲ အံဝင်ခွင်ကျဖြစ်ပါတယ်။ ဒီခေတ်မှာ ရဟန်းခေတ်ပညာတတ် ဘီအေ ဘီအက်စ်စီတွေ အများကြီးရှိတာကို ဆရာဖြစ်သင် စာပေးစာယူတွေ တက်ခွင့်ပေးပြီး ဆရာအတတ် သင်လိုက်ရင် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘွဲ့မရသေးတဲ့ ရဟန်းဆရာတွေ ရှိနေရင် ရိုးရိုး ဘီအေ၊ ဘီအက်စ်စီ ဘွဲ့တွေလည်း စာပေးစာယူနဲ့ သင်ယူနိုင်ဖို့ အစိုးရနဲ့ ရပ်ရွာက ကူညီစီစဉ်ပေးရင်လည်း ပိုမို အဆင်ပြေနိုင်စရာ ရှိပါတယ်။ ဘကပညာရေး အဆင်မြင့်လာမှာ မလွဲပါဘူး။

(၄) နောက်ဆုံးကဏ္ဍ၊ စတုတ္ထပိုင်းကတော့ ‘အတွေးအမြင်၊ အတွေ့အကြုံ” ကဏ္ဍ တဲ့။ တကယ်တော့ အားလုံးကဏ္ဍတွေဟာ အတွေးအမြင်၊ အတွေ့အကြုံကဏ္ဍ တွေချည်းပါပဲ။ ဒီကဏ္ဍက တက္ကသိုလ်ကျောင်းသူဘ၀က အတွေ့အကြုံလေးတွေ ဖြစ်လို့ ဒုတိယပိုင်း ကျောင်းဆရာမ မဖြစ်ခင်ကဏ္ဍနဲ့ အကြုံးဝင်နေပါတယ်။ အဲဒီကာလမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေ အများဆုံးကာလ ဖြစ်မယ် ထင်ပါတယ်။ တကသမှာ သီချင်းရေးဆရာ မြတ်လေးနဲ့ စန္ဒရားချစ်ဆွေတို့ ဂီတအဖွဲ့ပေါင်းစည်းမိတဲ့ ကာလပေါ့။ မြတ်လေး၊ စန္ဒရားချစ်ဆွေ၊ မာမာအေး တို့က ပြင်ပကပေမဲ့ မြတ်လေးနဲ့တွဲပြီး တကသကို အများကြီး ကူညီခဲ့သူတွေ ဖြစ်ပါတယ်။ ကျောင်းထဲမှာ ဇာတ်စင်ကြီးတွေ ထိုးပြီး ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြ၊ ပြဇာတ်တွေ ကပြ၊ သီချင်းတွေ သီကျူးကြနဲ့ အလွန်စည်ကားမြိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီကာလမှာ ဒေါ်မေမေမြင့်က ကျောင်းသူဆိုတော့ ‘ခေတ်ကောင်းမှီတယ်’ ဆိုရမှာပေါ့။

ကျနော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့လည်း ရန်ကုန် တကသနဲ့ လှုပ်ရှားမှုတွေ ပူးတွဲလုပ်ဆောင်ပြီး ကျောင်းသားပွဲတော်၊ ကျောင်းသားအားကစားပွဲတော်၊ ပညာရေးနှီးနှောဖလှယ်ပွဲ စသည်ဖြင့် ဆက်တိုက် ကျင်းပနေတဲ့ကာလပေါ့။ မော်လမြိုင်ကောလိပ်နဲ့လဲ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်းရေးကြရင် တက္ကသိုလ် ကောလိပ် ကျောင်းပေါင်းစုံ ပူးတွဲလှုပ်ရှားမှုတွေကို ပြန်လည် လေ့လာ မှတ်တမ်းတင်ကြရမှာပေါ့။ ဒီကာလမှာ နိုင်ငံတကာကျောင်းသားတွေနဲ့ ဆက်သွယ်လှုပ်ရှားမှုလဲ ကျယ်ပြန့်ခဲ့ပါတယ်။ ချက်ကိုစလိုဗက္ကီးယား၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံများက ကျောင်းသားလူငယ်လှုပ်ရှားမှုများနဲ့လည်း ဆက်စပ်နေပါတယ်။ ၁၉၆၂ မတိုင်ခင် ဆိုတော့ တကသကိုဗဆွေလေးတို့၊ ကိုစိုးသိန်း၊ ကိုခင်အောင်တို့၊ ဗကသဇော်ဝင်းတို့ လှုပ်ရှားနေကြပြီ။ မန္တလေးမှာတော့ မုံရွာတင်ရွှေ၊ မောင်သာနိုးတို့ မောင်မိုးသူတို့ လှုပ်ရှားနေကြတဲ့ ကာလဖြစ်ပါတယ်။ တင်မိုး မောင်သိန်းနိုင် မောင်စွမ်းရည်တို့က ကလောင်ရှင်အသင်းလှုပ်ရှားမှုတွေဘက်မှာ ပိုမိုအားစိုက်နေကြပါတယ်။ ရန်ကုန်တက္ကသိုလ်မှာတော့ မင်းလှညွန့်ကြူး၊ ဦးကျော်ဦး၊ မောင်လင်းယုန် (ရှမ်းပြည်)၊ သိန်းသန်းထွန်း၊ ပန်းချီမောင်ငွေထွန်း၊ ထွန်းထွန်း(ဆေးသိပ္ပံ)တို့တတွေ စာပေအနုပညာဘက်မှာ ဦးဆောင် လှုပ်ရှားနေကြတဲ့ ကာလဖြစ်ပါတယ်။ ဂုဏ်ဝင်း၊ ကသာညွန့်ဝေ၊ နွယ်(စစ်တွေ)၊ နောင်တို့က အပြင်ရောက်ကုန်ကြပြီ ထင်တယ်။ ကျနော်တို့နဲ့ ပူးပေါင်း လှုပ်ရှားတော့ မပါကြတော့ဘူး။

အဲဒီကဏ္ဍမှာ ‘ဇွဲကပင်အလွမ်းပြေ’ ဆိုတဲ့ ခြေလျင်နဲ့ တောင်တက်အသင်းက အဖွဲ့သားတွေ ဆရာဆရာမကြီးတွေ ဦးဆောင်ပြီး ခရီးသွားကြတဲ့အကြောင်းကလဲ ခေတ်ကို ထင်ဟပ်တဲ့ ဆောင်းပါးတခုပါပဲ။ ခုခေတ်မှာဆို အဲသလိုလှုပ်ရှားမှု ခပ်ကြီးကြီးတွေ မရှိတော့ဘူး ထင်ပါတယ်။ လွမ်းစရာပါ။ ကျောင်းသူတွေနဲ့ ဆရာမကြီးတွေပဲ ပါကြပြီး ဆရာတွေနဲ့ ကျောင်းသားတွေ လုံးဝမပါတာ ကျောင်းသူ ၃၂ ယောက်တဲ့။ အုပ်ချူပ်သူ ဆရာမကြီး ၃ ယောက် တဲ့။ ဒီခရီးစဉ်ဟာ ခြေလျင်တောင်တက်အသင်းကြီးရဲ့ ပထမဦးဆုံး လှုပ်ရှားမှုတဲ့။ ၁၉၆၂ ခုနှစ်ကပါ။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး ကြာခဲ့ပြီဆိုတော့ ရာစုနှစ်ဝက်ကျော်ခဲ့ပြီမို့ ‘သမိုင်း’ ဖြစ်သွားခဲ့ပြီ ဆိုနိုင်ပြီပေါ့။

ခုဆိုရင် ဆရာမကြီးရဲ့ အသက်ဟာ ၈၀တွင်း ရောက်နေပြီ ဆိုတော့ လူတို့ရဲ့ အရွယ် သုံးပါးမှာ တတိယအရွယ် ရောက်နေပြီမို့ ကုသိုလ်ရှာရမယ့် အရွယ်ရောက်နေပါပြီ။ ဒါကြောင့် ဖြစ်ပျက်ကို မြင်အောင်ရှု့ဖို့ အားထုတ်နေရပါပြီ။ သူ့ဘ၀သမိုင်းလည်း မှတ်တမ်းတင်ပြီး သွားပြီဆိုတော့ ဆရာမကြီးအနေနဲ့ စိတ်ဖြောင့်ဖြောင့် တရားအားထုတ်နိုင်ပါပြီ။ ဆရာမကြီးအဖို့ ဒီစာအုပ်ဟာ ဒုတိယစာအုပ်ပါ။ ပထမတအုပ် ‘လွမ်းဖွယ်ဧရာ’ တဲ့။ ရေးသားထုတ်ဝေပြီးခဲ့ပါပြီ။ ဆရာမကြီး ဒေါ်မေမေမြင့်ရေးတဲ့ ကျောင်းဆရာဘ၀ တသက်တာမှတ်တမ်းလို့ ဆိုရမှာပါ။ ဆရာ ဆရာမတိုင်း မလွဲမသွေ ဖတ်သင့်ပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့လဲ မိမိတို့ရဲ့ သားသမီးတွေကို ပညာသင်ပေးနေကြတဲ့ ဆရာဆရာမဆိုတာ ဒီလိုပါဘား။ တကယ့်နာသုံးနာ စေတနာရှင်တွေပါလား ဆိုတာ နားလည်သိမြင်သွားအောင် ဒီစာအုပ်ကို မလွဲမသွေ ဖတ်သင့်ပါတယ်။ ကျောင်းသားကျောင်းသူတွေ အနေနဲ့လဲ ငါတို့ဆရာ ဆရာမတွေဆိုတာ ဒီလိုပါလားလို့ သဘောပေါက်အောင် ဒီစာအုပ်ကို ဖတ်သင့်ပါတယ်။ ကျနော်လည်း ကျောင်းဆရာပါ။ ဒီလိုစာအုပ်မျိုးကို ဒီတခါပဲ ကြုံဖူးပါတယ်။ စောစောက ဒီစာအုပ်မျိုး ဖတ်ခွင့်ရရင် ကောင်းမှာလို့ တွေးနေမိပါတယ်။

ဒီစာအုပ်အမှာစာ သုံးပုဒ် ပါရှိပါတယ်။ ပညာရေးတက္ကသိုလ်အငြိမ်းစား ပါမောက္ခ ဦးသန်းထွတ်ရဲ့အမှာ၊ စီစဉ်ထုတ်ဝေသူရဲ့ အမှာနဲ့ စာရေးသူတို့ အမှာ ဖြစ်ပါတယ်။ ကျနော်အကြိုက်ဆုံးကတော့ စီစဉ်သူရဲ့ အမှာပါပဲ။ ဒီစာအုပ်ကို အနှစ်ချုပ်ပြီး ညွှန်းထားတာ ဖြစ်ပါတယ်။ ပါမောက္ခကြီးအမှာကတော့ မြန်မာ့အမြင်၊ မြန်မာ့အတွေး၊ မြန်မာ့ပညာရေးကို အဓိကထားဆွေးနွေးကြဖို့ အချိန်တန်ပြီတဲ့။ မြန်မာ့အမြင် မြန်မာ့အတွေးဆိုတာ ဘယ်လိုဖြစ်မလဲ ဆိုတာ ပါမောက္ခကြီးက နည်းနည်းညွှန်းလိုက်ဖို့ ကောင်းတယ်။ မြန်မ့ာပညာရေးကို ဦးဘချို၊ ဦးဖိုးကျား၊ ဦးချို၊ ဦးကောင်း၊ ကင်းဘဲ၊ ဖယ်ယာ၊ ဦးသန့်၊ ဦးဖိုးလတ် စသည်ဖြင့် ရှေ့ပိုင်းဆရာကြီးတွေက တော်တော်လေး တွေးခဲ့ပြီးပြီ ထင်ပါတယ်။ ခုအခါ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဘယ်လို ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မလဲ ဆိုတဲ့ အပိုဒ်လည်း ထည့်သွင်း စဉ်းစားရမယ် ထင်မိပါကြောင်း။

မောင်စွမ်းရည်
၂၀၁၉ ဇန်န၀ါရီ ၂၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts