ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၁

February 26, 2019


ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၁ 

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉

အရင်က ကြက်တွန်ရင် မိုးလင်းတဲ့ ရွာကလေးပေါ့ မောင်းထောင်းသံနဲ့ မျက်နှစ်သစ်တယ်။

အခုလည်း ကြက်တွန်မှဘဲ မိုးလင်းရတယ် ဒါပေမဲ့ ချက်အရက်ကလေးနဲ့ မျက်နှာသစ်တတ်လာပြီ။

အရင်ကတော့ နေ၀င်ရင် မိုးချုပ်တဲ့ရွာ ။ အခုတော့ ဆိုင်ကယ် အစုတ်လေးတွေ တဖုတ်တဖုတ်နဲ့  မိုးချုပ်လို့  ချုပ်မှန်းမသိတဲ့ ရွာကလေးဖြစ်လာတယ်။

ရွာလေးက အမိုး(အမေ) ခေါင်းချသွားတဲ့ ရွာလေးပါ၊ မွန်ပြည်နယ်ထဲမှာရှိတဲ့ ကရင်ရွာလေးပေါ့၊

အရင်ကတော့ သစ်တောတွေနဲ့ သိမ်းထုပ်ထားတဲ့ရွာကလေးပေါ့ ။ အခုတော့ သစ်တော ဝါးတောကြီးတွေ ပြုန်းလို့ ငှက်ပျောသီးအခွံနွှာလိုက်သလို ပေါ်လာတဲ့ တတန်းထဲရှိတဲ့ ရွာတန်းလေးဟာ နေရောင်အောက်မှာ အထင်းသားကိုယ်ဟန်ပြလို့ ။ အဲဒီရွာတန်းရှည်လေး တတန်းထဲကိုဘဲ အာရှလမ်းမဆိုတဲ့ ဂုဏ်ပုဒ်ကြီးတပ်ထားတဲ့ မြေလမ်းကြီးက ခွဲချလိုက်တာ လမ်းမကြီးကို မျက်နှာမူနေရတဲ့ အိမ်ကလေးတွေဟာ ဖုန်လုံးကြီးတွေ တလိပ်လိပ်နဲ့ ၊ ချောင်းဆိုးရင်ကြပ်ရောဂါဟာ ရွာကလေးကို မဖိတ်ဘဲ ရောက်လာတယ်။

အိမ်လေးတွေက ချောင်းသံ တဟွတ်ဟွတ်၊ ဆေးပေးခန်းလေးကလည်း ချောင်းသံ တဟွတ်ဟွတ်၊ ဘုန်းကြီးကျောင်းကလည်း ချောင်းသံ တဟွတ်ဟွတ်၊ စာသင်ကျောင်းလေးကလည်း ချောင်းသံတဟွတ်ဟွတ်နဲ့ ။ ဒါကနွေရာသီ အချိန်ကို ပြောတာ၊ မိုးရာသီဆိုရင်တော့ အဲ့ဒီလမ်းမကြီးက ရွံ တွေ ဗွက်တွေကြားမှာ ဆိုင်ကယ်တွေ လူတွေ ဘတစ်ပြန် ကျားတပြန် ရုန်းကန်ကြရပြန်ရောတဲ့။

ရွာလယ်က အာရှလမ်းမပေါ်မှာ နွေရာသီဆို သစ်ကားတွေ၊ ၀ါးကားတွေ၊ ကုမ္ပဏီပိုင်ကားတွေ၊ စစ်တပ်ရိက္ခာသယ်တဲ့ကားတွေ၊ ကေအဲန်ယူပိုင်ကားတွေ လွန်းထိုးသလို ထိုးနေကြတာ
သစ်ကား၊ ၀ါးကားတွေကတော့ တနေ့ တမျိုး မရိုးအောင် လွန်းထိုးနေကြပေမဲ့ ရွာထဲက အိမ်တွေကို လိုက်ကြည့်တော့ ထမင်းစား စားပွဲတောင်မှ ကောင်းကောင်းမရှိကြဘူး။ ရွာသားတွေကလည်း ဆိုင်ကယ်စုတ်လေးတွေ ဖုတ်ဖုတ်နဲ့  ဂုဏ်လုပ်နေကြတာ သူတို့  ခြေထောက်တွေကို လှမ်းကြည့်လိုက်ရင် ဖိနပ် မရှိသူတွေ များတယ်။

အိမ်ခြေ (၇၀) ကျော်ရှိတဲ့ရွာမှာ အိမ်ဆိုင်လေးက (၇) လုံးရှိတယ် ဆယ်အိမ်ကို ဈေးဆိုင်လေးတလုံးနဲ့  စီးပွားရေးတိုးတက်မှုနှုန်းတွေ မြန်နေသလိုလို ။ နွေအခါမှာ ပေါ်လာတတ်တဲ့ အကြော်တဲလေး တလုံးကတော့ ရွာလယ် လမ်းမကြီးဘေးမှာရှိတယ်။

မနက်စောစောဆို ဗူးသီးကြော်၊ ကြက်သွန်ကြော်၊ ပုဇွန်ခွက်ကြော်၊ မြင်းခွာရွက်ကြော် စတဲ့ အကြော်ပူပူနွေးနွေးကို တခု ကျပ် ၁၀၀ ဈေးနှုန်းချိုသာစွာနဲ့ ဒီအကြော်ထဲလေးက ထုတ်လုပ်တယ်။ ခြံထဲသွားဖို့  (၃)ခု၊ ရွှေတွင်းဆင်းဖို့ (၄)ခု၊ စိုက်ခင်းဆင်းဖို့  (၅)ခု – ဆိုတဲ့ အသံတွေနဲ့ ရွာသူရွာသားတွေရဲ့ နေ့  သစ်ဟာ အဲ့ဒီအကြော်ဆိုင်လေးက စတယ်။

ရွာက အိမ်ဆိုင်လေးတွေဆီကို ဘဲဥ ၂ လုံး၊ ငါးပိ တဆယ်သား၊ ကွမ်းရွက် ၂၀၀ ဖိုး၊ ကပ်ခွာ တခု ဆိုတဲ့ အသံတွေနဲ့  ရောက် ရောက် လာတတ်တာက ကလေးလေးတွေများ တယ်။

သူတို့လေးတွေကို ကျောင်းနေလားလို့ မေးရင် နေတယ်လို့ ဖြေတာ များတယ်။
နံမည်ဘယ်လိုခေါ်လဲမေးတော့  …
မောင်သူရအောင် …
မပပ၀င်းခင်တဲ့  …
ဘာလူမျိုးလဲ မေးတော့ ကရင်လူမျိုးတဲ့။ ကရင်စကားပြောတတ်လား … မေးတော့ မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့  ။ ကိုယ်နဲ့ ကလေးတွေရဲ့ အမေးအဖြေကို မနေသာတဲ့ ဆိုင်ရှင်က အခုလို ရှင်းပြတယ်။

ဘယ်လိုပြောပြရမလဲ၊ ကံ့ကော်ပန်းကပဲ စရမလား၊ စာသင်ကျောင်းကဘဲ စ ရမလားဘဲတဲ့ …
ရွာက အရင်ကမူလတန်းကျောင်း အခုမှ အစိုးရတ၀က် ရွာကတ၀က်နဲ့ အလယ်တန်းကျောင်းဖြစ်လာတာ … တဲ့။  ရွာက ကရင်ရွာ၊ ကရင်ကျောင်း ဆိုပေမဲ့ ဆရာ၊ ဆရာမတွေက မြို့ကလာကြတဲ့ ဗမာဆရာ၊ ဆရာမ တွေတဲ့ … ။
ကရင်ရွာက ကရင်ကလေးတွေဆိုတော့ ကရင်စကားဝဲတာပေါ့။
“လန်းလန်းဆန်းဆန်း ကံ့ကော်ပန်း “ လို့  ဆရာမ က သင်ပေးတယ်။
ကလေးတွေက “လန်လန် ပျံပျံ ကန်တော်ပန်း” လို့  ဆိုကြတယ်။
ဆရာမ သင်တယ်၊ သူတို့ ကလည်း ဆိုတာဘဲ၊ သင်သင် ဆိုဆိုနဲ့ ဘဲ  …ကျောင်းကပြန်လာရင် ခြေသလုံးမှာ အရှိုးရာတွေ ပါပါလာတယ်။
တိုတိုဘဲ ပြောရရင်တော့ နှစ်နဲ့ ချီကြာလာတော့လည်း ကရင်ကလေးတွေလည်း ကရင်သံ မ၀ဲတော့ဘူး။
‘စော’ တို့  ‘နော်’ တို့ လည်း ‘မောင်’ တို့  ‘မ’ တို့ ဖြစ်လာတာဘဲတဲ့။

ကရင်ကလေးလေးတွေ ကရင်လို မ၀ဲတော့ဘူး။
ကရင်ရွာကလေးလည်း ကရင်လို မ၀ဲတော့ဘူး။

ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခိုင်မာကျော်ဇော, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

Archives