ရသဆောင်းပါးစုံ မောင်အောင်မွန်

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၉)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၉)

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
မြန်မာ့ဘောလုံးရွှေခေတ်က တိုက်စစ်မှူး ကိုကိုကြီး အမှတ်တရ

(၁)
ဘောလုံးသမား ကိုကိုကြီး အမေရိကန်ပြည် လပ်စ်ဗေးဂတ်စ် နေအိမ်တွင် ၂၀၁၉ ခု၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့က ကွယ်လွန် သွားပြီဟု တစ်မြို့တည်းနေသူ ဆန်းထွန်းနီ Saan Ni ၏ Facebook တွင်ဖတ်လိုက်ရ၏။ ကျန်ရစ်သူ မိသားစုနှင့် သွားရောက် တွေ့ဆုံကာ ဓာတ်ပုံများနှင့် ရေးသားထားရာ လွန်ခဲ့သော နှစ် (၅၀) ကျော်ဆီသို့ ကျွန်တော့်စိတ်ပြန်ရောက်သွားပြီ။

(၂)
အကောက်ခွန်နှင့် တပ်မတော် (ကြည်း) တို့ ကန်သောပွဲ။

တောင်ဘက် ပြား (၃၀) တန်းက ကျွန်တော်သွားကြည့်၏။ ထိုနေ့ညနေက မိုးရွာသည်။ ထီဖွင့်ဆောင်းရာ ဟေ့ တောသား၊ မိုးစိုမှာကြောက်ရင် ဘောလုံးပွဲမကြည့်နဲ့ အော်သံကြားတော့မှ အားလုံးမိုးရွာထဲ ကြည့်နေကြသည် သတိထားမိ၏။

ကွင်းခြောက်မှသာ အကောက်ခွန်၏ ကစားကွက်လှလှနှင့် ခြေပေါ်ပြီး၊ ခုလိုဆိုတော့ တပ်မတော် (ကြည်း) အဖို့ တပန်း သာသည်။ သို့သော်လည်း ထိပ်တန်း (၂) သင်းမို့ ထိုပွဲကောင်းကို မိုးကမဖျက်နိုင်။ အကြိတ်အနယ် ကစားနေကြပုံ ကြည့်ရင်း ကျွန်တော်တကိုယ်လုံး စိုရွှဲနေသည်ကို သတိမရနိုင်ပါ။

အထူးသဖြင့် မြန်မာ့လက်ရွေးစင် ဂိုးသမားလှမောင်၊ နောက်တန်း တင်သောင်းနှင့် ကျော်သောင်း တို့၏ တပ်မတော် (ကြည်း) ဘက်သို့ အကောက်ခွန်တိုက်စစ်မှူး ကိုကိုကြီး ထိုးဖေါက် သွင်းသွားသော ထိုဂိုးကား သူ့ဇာတိ မော်လမြိုင်လေသံနှင့်ဆိုရသော် ကောင်းမှကောင်း လှမှလှ–။

ပွဲအပြီး ကြွက်စုတ်ဖြစ်ပြီး ပြန်လာရသည့်တိုင် ကျေနပ်အားရပါ၏။ ကိုကိုကြီးနှင့်ဆုံပါက ပြန်ပြောပြချင်ပါဘိ။ နှစ်(၅၀) ကျော် လာပြီ၊ မျက်စိထဲ မြင်ယောင်နေဆဲ။ သူကားမရှိတော့ပြီ။ သည်တော့လည်း သူ့ကိုသိလိုက် မီလိုက်သော ဘောလုံးချစ်သူများ နှင့် မသိလိုက် မမီလိုက်သော ယခုခေတ် လူငယ်များအတွက် ရေးရပါတော့မည်။

(၃)
၁၉၅၅ ခု၊ တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို နိုဝင်ဘာလ (၂၆) ရက်နေ့က ကစားကြရာ တနင်္သာရီ တိုင်းက မန္တလေးတိုင်းကို (၃) ဂိုး (၁) ဂိုး နှင့်နိုင်ပြီး ဗိုလ်စွဲသွား၏။ တနင်္သာရီတိုင်း၏ (၃) ဂိုးစလုံးကိုသွင်းသော ကိုကိုကြီး နာမည်ကြီးသွားပြီး သတင်းစာများတွင် ဂိုးသွင်းနေပုံ အသားပေးဖေါ်ပြ၏။

ထိုနှစ်မှာပင် ရန်ကုန်ပထမတန်းက နာမည်ကြီး အကောက်ခွန်အသင်း တိုက်စစ်မှူးဖြစ်လာပြီ။

နောက်နှစ် (၅၀) နီးပါးအကြာ၌ ထုတ်သော မြန်မာ့ဘောလုံးသမိုင်းမှတ်တမ်း စာအုပ်တွင်လည်း ရှေ့တန်းတိုက်စစ်မှူး ဆို သည်မှာ အခြေခံဘောလုံးသမားဘ၀ကစကာ ဂိုးသွင်းစွမ်းရည်ရှိရသည်ဟု Hattrick ကိုကိုကြီးအား ဂုဏ်ပြုရေးသား ထား သည်။

အကောက်ခွန်အသင်း တိုက်စစ်မှူးဖြစ်ြကသော စိန်ဖေ၊ ဆင်မြူရယ်၊ ဆန်နီတင်ထွန်းတို့ ကစားနေကြ၍ ကိုကိုကြီးသည် မြန်မာ့လက်ရွေးစင်အသင်း၌ တော်တော်နှင့် နေရာမရနိုင်သေးချေ။

၁၉၅၈ ခု၊ သြဂုတ်လတွင် ဧည့်သည်အိန္ဒိယလက်ရွေးစင်အသင်းကို (၂) ပွဲစလုံးနိုင်သည့်ပွဲ၌ ကိုကိုကြီးမြန်မာ့လက်ရွေးစင်အဖြစ် ကစားရပုံ ဓာတ်ပုံမှတ်တမ်းများရှိသည်။ စိတ်လှုရှားနေ၍ ရသင့်သောဂိုးများမရဟု ရေးသားကြ၏။ သို့သော် အချိန်ပြည့် ကစားရ၏။ အကောက်ခွန်အသင်း၌မူ ကိုကိုကြီး ဂိုးများစွာသွင်းရင်း Hattrick ရပြန်သည်။ 1959 1st SEAP Games ဘောလုံးပြိုင်ပွဲသို့ လိုက်ပါကစားခွင့်ရသည်။ ၂၂-၁-၅၉ နေ့က ဧည့်သည် မလေးရှားက ၄-၂ နှင့်နိုင်သောပွဲတွင် မြန်မာရသည့် (၂) ဂိုးစလုံးကို ကိုကိုကြီးသွင်း၏။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၁၉၅၉ ခု၊ အကောင်းဆုံးဘောသမားဆု ကိုကိုကြီးရသည်။

သည်လိုနှင့် လက်ရွေးစင် ဆက်တိုက်ဖြစ်လာသော ကိုကိုကြီးသည် ရှေ့တန်းတွင် ဗဟာဒူး၊ စတိုင်လ်တို့နှင့် အတွဲညီ နာမည် ကြီးလာပြီ။

ဂီတစာဆိုကိုကျော့မှူး ရေးစပ်ပြီး အငြိမ့်မင်းသမီး အမာစိန်သီဆိုသော ဘောလုံးပွဲသီချင်းသည် ပေါ်လစီမဟုတ်၍ ပြောင် မြောက်နာမည်ကြီးပြီး ဓာတ်ပြားပေါင်းများစွာရောင်းရ၊ လူတကာနှုတ်ဖျား၌ ရေပန်းစားခဲ့၏။ ထူးခြားသည်ကား သီချင်းမစမီ ဗဟာဒူးက စတိုင်လ်ကိုပေးတယ်– ကိုကိုကြီးဆီ ရောက်သွားပြီ–ရွှတ်ပြီ–ဂိုး ဟု ဘောလုံးပွဲမှ တိုက်ရိုက်အသံလွှင့်ပုံမျိုး ပါ ရှိခြင်းဖြစ်သည်။

(၄)
၁၉၅၉ ခု၊ အာရှလူငယ် ဘောလုံးပြိုင်ပွဲသို့လည်း ကိုကိုကြီးလိုက်ပါ ကစားခဲ့ရ၏။

ထိုနှစ် အောင်ဆန်းကွင်းပိတ် ပြိုင်ပွဲတွင်လည်း ကိုကိုကြီးတို့ အကောက်ခွန်အသင်း ဗိုလ်စွဲ၏။ မြန်မာပြည်သို့ ချစ်ရေးလာ ကစားသော ပွဲတိုင်း၌ မြန်မာ့လက်ရွေးစင် ကိုကိုကြီးပါဝင်ကစားခွင့်ရသည်။ ဂိုးသွင်းနိုင်သည်လည်းရှိ၊ ဂိုးသွင်းနိုင်သည် လည်းရှိ၏။

1961 2nd SEAP Games ရန်ကုန်မြို့တွင် ကျင်းပသည်။

ဘောလုံးနောက်ဆုံးဗိုလ်လုပွဲတွင် မလေးရှားက မြန်မာကို ၂-၀ နှင့်နိုင်ပြီး ဗိုလ်စွဲသွားရာ၊ ဂယက်ရိုက်ကုန်သည်။ ကိုယ့်မြေပေါ် တွင် မနိုင်ရကောင်းလားဟု မကျေမနပ်ဖြစ်ကာ ပြစ်တင်ပြောဆို ရေးသားကြသည်။ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဗဟာဒူး၊ ကိုကိုကြီး၊ ကျော်အေး၊ တင်ကြည်နှင့် ကျော်ဇောတို့အား ကောင်းစွာမကစားဟုဆိုကာ ပြည်တွင်း၌ (၃) နှစ် ဘောလုံးမကန်ရ စသဖြင့် ပြစ်ဒဏ်ချမှတ်ကြောင်း ကြေညာသည်။ ပေါ်ပင် သတင်းစာ တစ်စောင်က ကြယ် (၅) ပွင့်၌ ထိုဘောလုံးသမား (၅) ယောက် ဓာတ်ပုံ ခေါက်ဆွဲပန်းကန်လုံး အောက်က တူနှစ်ချောင်း ကာတွန်းဆွဲကာ မျက်နှာဖုံးကဖေါ်ပြ၏။

ထိုစွပ်စွဲချက်သည် တကယ်မှန်ပါ၏လော။

သူ့အနေနှင့်ကော ထိုသို့ပြစ်ဒဏ် ချမှတ်ခွင်ရှိပါ၏လော –စသဖြင့် အားကစားရေးသားသူ အချို့တို့က စောဒကတက်ကြသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စနစ်တကျ ကျယ်ပြန့်စွာ စုံစမ်းစစ်ဆေးပြီးနောက် မမှန်ကန်၍ ထိုပြစ်ဒဏ်များကို ပယ်ဖျက် လိုက်သည်။ ကစားမြဲ ကစားကြ၊ လက်ရွေးစင်ဖြစ်မြဲဖြစ်ကြ၏။

သို့သော်လည်း ဘောလုံးပွဲ၌ ငွေစားပြီး ကောင်းစွာမကန်ခြင်းကို ခေါက်ဆွဲစားသည်ဟူသော စကားတွင်လာ၏။

(၅)
မြန်မာ့လက်ရွေးစင်အသင်းတွင် ဗဟာဒူးက အသင်းခေါင်ဆောင်၊ ကိုကိုကြီး Vice Captain အဖြစ်တာဝန်ယူကြရသည်။

၁၉၆၃ ခု၊ သြဂုတ်လတွင် တရုတ်၊ မြောက်ကိုရီးယားနှင့် မြောက်ဗီယက်နမ်တို့တွင် ချစ်ကြည်ရေး သွားကစားသော မြန်မာ့ လက် ရွေးစင်အသင်းတွင် ကိုကိုကြီးသည် လှဌေးနှင့်အတူ လိုက်ပါသွား၏။ မြန်မာပြည်သို့ လာကစားသော တောင်ကိုရီးယား၊ အရှေ့ဂျာမနီ၊ ချက်ကိုစလိုဗေးကီးယား ကလပ်အသင်းတို့နှင့် ချစ်ကြည်ရေးပွဲများ ၁၉၆၄ ခု၊ အရှေ့ပါကစ္စတန် (ယခု Bangladesh) ဒါကာမြို့မှာ အာဂါခန် ဖလာားပြိုင်ပွဲသို့လည်း သွားကစားခဲ့ရသည်။

ညာခြေနှင့်သာ ကန်သော ကိုကိုကြီးတို့နေရာတွင် ဘယ်ညာကန် နေရာပြောင်းပြီး ကန်တတ်သော အောင်ခင်၊ လှဌေး၊ ဘပု တို့ မြန်မာလက်ရွေးစင်အသင်းတွင်နေရာယူလာကြလေပြီ။ ဗဟာဒူးနောက်ပိုင်း လှဌေးက မြန်မာ့လက်ရွေးစင်အသင်း ခေါင်း ဆောင်ဖြစ်လာ၏။ အောင်ပွဲခံပြီး ပြည်တော်ပြန် ဘောလုံးသမားများ ပန်းကုံးများစွပ်ကြသည်။ တစ်ကြိမ်မှာတော့ ပျော် တတ်သော ကိုကိုကြီးသည် သူ့လည်ပင်းမှ ပန်းကုံးကို အမျိုးသမီးလေးအား ပြန်စွပ်ပေးလိုက်ပုံ သတင်းစာတွေထဲ ဓာတ်ပုံပါ လာ၏။

ကိုကိုကြီးသည် မိခင်အကောက်ခွန်အသင်းတွင်ကစားရင်း အကောက်ခွန်လူငယ်အသင်း အတွက်လည်း ကျရာတာဝန်ယူရ သည်။ အမြဲတမ်းလည်း ဘောလုံးကစားနေရသည်မဟုတ်၊ သူ့အား ခန့်ထားသော PO ရာထူးအရ နယ်များသို့လည်း သွားရောက်လုပ်ကိုင်ရသည်။ မိသားစုရေးရာ ကိစ္စရပ်များ အထူးသဖြင့် ကလေး (၃) ယောက် ပညာရေးအတွက် ကိုကိုကြီး သောကရောက်နေ၏။

ပညာကောင်းတတ်စေချင်သည့် ဖခင်၏ စေတနာနှင့်ဝေဒနာ။

(၆)
၈-၈-၈၈ အရေးအခင်းကာလဘက်ဆီသို့ နီးလာချိန်တွင် ကိုကိုကြီးသည် မိသားစုတစ်စုတည်း အတူရှိနေရေးကိုသာ ကြိုး ပမ်းရတော့၏။ ထိုအချိန်တွင် ခပ်စေစောကတည်းက ယောက္မ၏အကူအညီရယူပြီး သား (၂) ယောက်က အင်္ဂလန်တွင် ပညာသင်နေသည်။ သမီးလေးကလည်း အမေရိကန်သို့ ပညာသင်သွားရတော့မည်။

PO ရာထူးနှင့် လုပ်သက်နှစ် (၃၀) ပြည့်ကတည်းက ပင်စင်လျှောက်၏၊ မရ။ နောက်နှစ်များအကြာ ဘာခံစားခွင့်မှမယူ ထွက် ပါရစေဆိုလည်း မရ။

ခက်နေသည်က အကောက်ခွန်ဌာနတွင် မိမိတို့၏ ဆရာရင်းများနေရာ ရောက်လာသည့် စစ်ဗိုလ်ကြီးများကြောင့်ဟု ကိုကို ကြီးသိသည်။ တိုင်းပြည် ဘာဖြစ်လာမည်ကိုလည်း မခန့်မှန်းတတ်။ သား (၂) ယောက် ကျောင်းထွက်ပြီး ပြန်လာခဲ့ကြဟုလည်း မခေါ်ရက်။ အလုပ်ထွက်ခွင့်ပေးရင်တောင် နိုင်ငံခြားသွားခွင့်မပြုဟု စစ်ဗိုလ်ကြီးကဆို၏။

၈-၈-၈၈ အရေးအခင်းဖြိုခွင်းခံရပြီးနောက် အခြေအနေတွေကမရေမရာ။

ထိုအချိန်တွင် သူ့အတွက်ကံကောင်းဖို့ ဖြစ်လာ၏။ သူ့အဖြစ်ကို နားလည် စာနာသူကြီးနှင့် ကြုံလိုက်၍ အလုပ်ကလည်းထွက် သားသမီးတို့ရှိရာသို့လည်း သွားခွင့် ကိုကိုကြီးရခဲ့သည်ဟု သူကွယ်လွန်ပြီးနောက် စုံစမ်းသိရခြင်းပါ။

(၇)
၈-၈-၈၈ အရေးအခင်းကာလနောက်ပိုင်း ဘယ်သူတွေ ဘယ်ရောက် ဘယ်ပျောက် သေပြီလား ရှင်နေသေးလား မသိနိုင်ကြ တော့ပါ။ ဘောလုံးပွဲများ၌ မတွေ့ရတော့ပြီဖြစ်သော ကိုကိုကြီးကိုလည်း ကျွန်တော်တို့ အဘယ်မှာလျှင် သတိထားမိနိုင် ပါမည်နည်း။

Euro 2008 ပြိုင်ပွဲကာလ ကျွန်တော် ဥရောပသို့ခရီးထွက်ရင်း လန်ဒန်က ကိုကျော်စွာအိမ်တွင် ဘောလုံးပွဲကြည့်ကြသည့် လူစုထဲက ကိုအောင်ကိုက ကိုကိုကြီး အမေရိကန်တွင် နေထိုင်နေသည်ဟု ပြောပြ၏။ ကျွန်တော် ပြန်ရောက်လာတော့လည်း မစုံစမ်းမိပါ။ လွန်ခဲ့သော ဖေဖေါ်ဝါရီလ (၉) ရက်က ကွယ်လွန်သွားကြောင်း သတင်းရမှ စုံစမ်းပြီး ယခုလိုရေးသားနိုင်တာပါ။
ကိုယ်တိုင်လည်း မိသားစုဝင် (၄) ယောက် (၃) နိုင်ငံတွင် (၆) နှစ်ကြာ ကွဲကွာနေခဲ့ရ၍လည်း ကိုကိုကြီးအဖြစ်ကိ နားလည် စာနာပါသည်။ မြန်မာ့ဘောလုံး ရွှေခေတ်ဟု ဂုဏ်ယူနေကြသည့်ကာလ ဘောလုံးသမားများသည် ပြည်သူတို့၏ လက်ခုပ်သံ ကိုသာ ကြည်နူးကျေနပ်ခဲ့ကြသူတွေပါ။

ရေကြည်ရာ မြက်နုရာသို့ ထွက်လာကြခြင်းမဟုတ်ဘဲ ကိုယ့်အကြောင်းနှင့်ကိုယ် ကိုယ့်အခြေအနေနှင့်ကိုယ် အမိနိုင်ငံက ထွက်လာာကြရခြင်းကိုလည်း သတိရကြစေချင်ပါသည်။ အသက် (၈၃) နှစ်အရွယ်ရှိ ကျွန်တော်သည် ဘိုးစဉ်ဘောင်ဆက် နေခဲ့သည့် ဇာတိရွာတွင်သာ ပြန်ပြီးသေချင်သလို ကိုကိုကြီးလည်း မော်လမြိုင်မြို့မှာဘဲ ခေါင်းချချင်ပေလိမ့်မည်ဟုလည်း ကျွန်တော်ခန့်မှန်းမိ၏။ ကလေး (၃) ယောက် ပညာတတ်အခြေကျနေသည်ကိုမူ အခြားသော မြန်မာမိဖများနည်းတူ ကျေနပ် သွားပေလိမ့်မည်။

တနင်္သာရီတိုင်း၊ အကောက်ခွန်၊ မြန်မာလူငယ်၊ မြန်မာလက်ရွေးစင်၊ ၁၉၅၉ ခု၊ အကောင်းဆုံး ဘောသမားဆုရ ကိုကိုကြီးနှင့် လူချင်းမသိပါ။ ဘောလုံးချစ်သော ဘောလုံးသမားကိုချစ်သော ဘောလုံးပွဲက တိုက်ရိုက်အသံလွှင့်သော ဘောလုံးအကြောင်း စာရေးသောသူအနေနှင့်သာ ကျွန်တော်ရေးသားခြင်းဖြစ်ပါသည်။

ဓာတ်ပုံများဝေငှသော၊ ကျန်ရစ်သူ ကိုကိုကြီးဇနီး ဒေါ်ဘေဘီနှင့်ဆက်သွယ်ပေးသော ကိုဆန်းထွန်းနီ Saan Ni အားကျေးဇူး တင်ရှိကြောင်းပါ။

၂၀၁၉ ခု၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts