သူတို့အာဘော်

အမ္ဗနဒီကျော်စွာ ● အယ်ဒီတာတို့၏ အသံများ

အမ္ဗနဒီကျော်စွာ ● အယ်ဒီတာတို့၏ အသံများ
(မိုးမခ) မတ်လ ၂၈၊ ၂၀၁၈


မျက်မှောက်ခေတ်တွင် အယ်ဒီတာတို့ကြုံတွေ့နေရသော အခက်အခဲများမှာကား ကဗျာစာမူပို့သူများကို ပြန်လည်ဖြေရှင်း ပေးနေရသောပြဿနာများလည်း ပါဝင်လေသည်။ စာပေလောကထဲသို့ ကလောင်သစ်များအဖြစ် ဝင်ရောက်လာသော လူငယ်ကလောင်သစ်များအများစုသည် ၂၀၀၀ ခုနှစ်ရှေ့ပိုင်းမှ ဆရာ/မများကဲ့သို့ အခက်အခဲ သိပ်မရှိကြတော့ပါဟုပြော လျှင် လွန်အံ့မထင်ပါ။ ထိုခေတ်ထိုကာလကများဆီက အယ်ဒီတာများကို အလွန်ချစ်ကြောက် ရိုသေသမှု ရှိခဲ့ကြရ၏။ စာမူပို့ ဖို့ကိုပင် မဝံ့မရဲဖြင့်ပို့ခဲ့ကြရသလို အယ်ဒီတာကိုမျက်စိရှေ့တွင် မျက်ဝါးထင်ထင် တွေ့နေရပါသော်လည်း မခေါ်ဝံ့ မခေါ်ရဲ  နှုတ်ဆက်ခြင်းအမှုကို အလွယ်တကူမပြုရဲခဲ့ကြသော ခေတ်ဖြစ်သည်။

ယခုခေတ်သည်ကား ထိုသို့မဟုတ်တော့ပြီ။ မဂ္ဂဇင်းဂျာနယ် နေ့စဉ်သတင်းစာတို့ကို စာတိုက်မှ စာမူပို့သောသူများလည်း အရင်ကနဲ့စာလျှင် နည်းပါးလာလေပြီ။ Email များပေါ်လာခဲ့ပြီ။ Facebook ၊ Viber များ ပေါ်လာခဲ့လေပြီ။ အင်တာနက် အလွယ်တကူ တိုက်ရိုက်သုံးနိုင်သော ဆင်းမ်ကဒ်များ၊ ဟန်းဆက်များကို အလွယ်တကူရရှိလာခဲ့လေပြီ။ ထိုသို့ အင်တာနက် အွန်လိုင်းကို အလွယ်တကူအသုံးပြုနိုင်လာခြင်းကလည်း စာပေလောကနှင့် သတင်းလောကကိုတိုက်ရိုက် ကောင်းကျိုး ဆိုးကျိုးများကို သိသိသာသာရှိလာစေခဲ့ပြီ။ ကောင်းကျိုးကတော့ စာရေးသူ ကဗျာရေးသူ လူငယ်ကလောင်သစ်များ နာမည် ရှိပြီးသော ဆရာ/မများ အားလုံး အွန်လိုင်းပေါ်ရောက်လာကြကာ စာပိုရေးဖြစ်ကြခြင်း၊ ပရိသတ်နှင့် တိုက်ရိုက်ထိတွေ့ခွင့်ရ ခြင်းအယ်ဒီတာများနှင့် တိုက်ရိုက်ဆက်သွယ်ခွင့် စကားအပြန်အလှန် မြန်ဆန်စွာ သတင်းရင်းမြစ်ကအစ လွယ်ကူလာခြင်း ဖြစ်ပါသည်။

အထူးသဖြင့် လူငယ်များစာရေးဖြစ်လာကြပြီး ကလောင်သစ်များအဖြစ် အများအပြား ပေါ်ထွက်လာခြင်းသည်လည်း ကောင်းသော အလားအလာပင်ဖြစ်ပါသည်။ သို့သော် လူငယ်ကလောင်သစ်အချို့သည် ဘယ်မဂ္ဂဇင်းဘယ်ဂျာနယ် ဘယ် သတင်းစာတိုက်များတွင် မည်သူက အယ်ဒီတာချုပ်၊ မည်သူက အယ်ဒီတာတာဝန်ကိုယူထားသည်၊ မည်သူက တာဝန်ခံ အယ်ဒီတာလုပ်နေသည် စသည်ဖြင့် သိအောင် စုံစမ်းထားသူများမှာ နည်းပါးလာသည်ဟု အယ်ဒီတာများက ပြောဆိုသံများရှိ ပါသည်။ အမှန်တကယ်လည်း ဘယ်တိုက်တွင် အယ်ဒီတာမည်သူဖြစ်သည်၊ တိုက်၏ပေါ်လစီမှာ မည်သို့ဖြစ်သည် မည်သည့် ကဏ္ဍများပါရှိသည်၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ဝတ္ထုတို/ရှည် အခန်းဆက်ကဏ္ဍများ ရှိ/မရှိ၊ မြန်မာရနံ့ကဏ္ဍများ ပါ/မပါ စသည်တို့ကိုတော့ အနည်းနှင့်အများသိရှိအောင် လေ့ထားထားသင့်သည်ဟု အယ်ဒီတာများက ပြောစမှတ်ပြုကြသည်။ သို့မှသာ စာမူပို့မည့် စာမူပိုင်ရှင်သည် ငါက မည်သည့်ကဗျာအမျိုးအစားရေးတတ်သည်၊ မည်သည့်အက်ဆေးအမျိုးအစားကို အားသန်သည်၊ မည်သည့်ဆောင်းပါးများကို အရေးများသည် စသည်ဖြင့် ကိုယ့်ရေးဟန်နှင့်လိုက်ဖက်သော လိုက်လျောညီ ထွေရှိသော အယ်ဒီတာမဂ္ဂဇင်းဂျာနယ် စာစောင် သတင်းစာ စသည်တို့ကို အလွယ်တကူရွေးချယ်ပေးပို့နိုင်လိမ့်မည်ဖြစ်ပါ သည်။ မိမိရေးဟန်နဲ့ တိုက်အားလုံးနဲ့ အံဝင်ခွင်ကျဖြစ်မည်တော့ မဟုတ်ပါ။ တိုက်များကလည်း မိမိတို့တိုက်၏ စံနှုန်းများ ပေါ်လစီများဖြင့် စာဖတ်ပရိသတ်များ၏ တောင်းဆိုမှုများအရ သွားနေရသည်ဖြစ်ရာ စာမူပို့သူ ဆရာ/မတို့၏ အကြိုက်ကို အစဉ်သဖြင့် လိုက်လျောညီထွေလုပ်ပေးနေနိုင်ဖို့ကလည်း မလွယ်ကူလှပါ။ စာရေးသူများ စာပေဖန်တီးသူများကသာ မိမိ ရေးဟန်က ဘယ်လိုရှိသည်၊ ဘယ်တစ်ပုဒ်ကဘယ်ဟန်ရှိသည်၊ ဘယ်တိုက်က ဘယ်လိုအထာရှိသည် စသည်ဖြင့် တွက် ချက်ခန့်မှန်းကာ မိမိရေးဟန်နှင့် တိုက်၏ပေါ်လစီ၊ စာဖတ်သူပရိတ်သတ်တို့၏ စာဖတ်အားတို့ကို ချိန်ဆကာ စာမူများကို ရွေးချယ် ပေးပို့ရပေလိမ့်မည်။ တိုက်၏ပေါ်လစီနှင့် မလိုက်ဖက်သော မကိုက်ညီသော မဆီလျော်သော စာမူများကိုပို့မိသော အခါ အယ်ဒီတာများဘက်ကလည်း ရွေးချယ်ရခက်၊ ပယ်ရခက် အလွန်ခက်ခဲသောပြဿနာများကို ရင်ဆိုင်ကြရလေသည်။

ထို့ပြင် အယ်ဒီတာတို့၏ Facebook များမှ စာမူပေးပို့ခြင်းများသည် အယ်ဒီတာများ၏ ကြီးမားသောပြဿနာများထဲတွင် ပါ ဝင်လေသည်။ စာမူပို့လို့ရသေးလား၊ အချိန်မီသေးလား၊ ဖောင်ပိတ်ဖို့နီးပြီလား၊ ဘယ်တော့ဖောင်ပိတ်မှာလဲ၊ ကျွန်တော့်စာမူ ကောင်းလား၊ အဆင်ပြေလားပါမှာလား၊ ဘယ်တော့ပါမှာလဲ၊ ဘယ်အပါတ်စဉ်ထဲမှာပါမှာလဲ၊ အဆင်ပြေရင် သုံးပေးပါနော် ဆိုသောမေးခွန်းများ၊ ကွန်မင့်များသည် အလွန်ဖြေရှင်းရခက်သောအရာများပင်ဖြစ်သည်ဟု အယ်ဒီတာများဘက်ကလည်း ပြောကြားမှုများရှိပါသည်။ မဂ္ဂဇင်းများကို စာမူပို့မည်ဆိုလျှင် အနည်းဆုံး သုံးလပုံမှန် လေးလနှင့် ခြောက်လ အများဆုံး တစ်နှစ်ခန့်၊ ဂျာနယ်များကိုပို့မည်ဆိုလျှင် အနည်းဆုံး တစ်လ၊ ပုံမှန်သုံးလ၊ အများဆုံး ခြောက်လခန့် နေ့စဉ်သတင်းစာများကိုစာမူပို့မည်ဆိုလျှင် အနည်းဆုံး နှစ်ပတ်၊ ပုံမှန် တစ်လ၊ အများဆုံး သုံးလခန့် စာမူပို့သူဆရာ/မများဘက်က သီးခံစောင့် ဆိုင်းနိုင်ကြဖို့ရန် ကြိုတင်ကာ သဘောပေါက်နားလည်ထားလျှင် ပိုမိုကာအဆင်ပြေပါလိမ့်မည်။ အယ်ဒီတာများဘက်တွင် လည်း စာမူရွေးချယ်ရာတွင် မဂ္ဂဇင်းများတွင် သုံးအုပ်စာ နှစ်အုပ်စာ ကြိုတင်ပြင်ဆင်ထားမှုများ၊ ဂျာနယ်များ၊ စာစောင်များ သတင်းစာများတွင် ကြိုတင်ပြင်ဆင်ထားရသည်များ ရှိကြပါသည်။ စာတိုက်မှဝင်လာသောစာမူများ၊ Mail မှဝင်လာသော စာမူများ၊ တိုက်ကိုကိုယ်တိုင်လာပို့သောစာမူများ စသည်ဖြင့် နေ့စဉ်နှင့်အမျှ ရောက်ရှိနေသော ထောင်ချီနေသောစာမူများ ကို နိုင်နင်းအောင်ဖတ်နေရသည်။ စာမူများကိုဖတ်ပြီးသောအခါ တိုက်နှင့်လိုက်ဖက်သော အဆင်ပြေသော ပေါ်လစီနှင့်ကိုက် ညီသောစာမူများကို အကြမ်းအဖြစ် ပရင့်ထုတ်ရ၏ ထို့နောက် ပရုဖ်ဖတ်ရသည်။ မည်သည့်အပတ်စဉ်တွင် ထည့်သင့်သည် မည်သည့်လတွင် ထည့်သင့် မထည့်သည်များကို စသည်ဖြင့် စီစဉ်ရသည်။ စာမူများကိုရွေးချယ်ပြီးသောအခါ ဖောင်ပိတ်ရ သည်။ စာမူများနှင့်တွဲသုံးရန် ပန်းချီများကာတွန်းများ သရုပ်ဖော်ပုံများကို ပန်းချီဆရာများ၊ ကာတွန်းဆရာများ၊ သရုပ်ဖော်ပုံ များ အပ်ရသည်။ မဂ္ဂဇင်း ဂျာနယ် စာစောင် နေ့စဉ်သတင်းစာ မည်သည့်အရာဖြစ်စေ လေးအောက်အပြင်အဆင်လုပ်ရသည်။ ဖောင့်ဆိုဒ်များ ချိန်ညှိရသည်။ တူးစီ ဖိုးစီ ကာလာများ ချိန်ညှိရသည်။ မျက်နှာဖုံးအပြင်အဆင် အတွင်းအပြင်အဆင် စ သည်ဖြင့် ကြော်ငြာများအလှအပရေးရာများ၊ ကျန်းမာရေးဗဟုသုတ၊ သုတရသ၊ ကဗျာအက်ဆေး၊ ဆောင်းပါးဝတ္ထုတို/ရှည် သတင်းအတိုအထွာများ၊ ဗေဒင်ယတြာဟောစာတမ်းများ၊ အယ်ဒီတာထံပေးစာစသည်ဖြင့် ကဏ္ဍစုံအောင် စီစဉ် ထည့် သွင်းပြီး စာအုပ်တစ်အုပ် ဂျာနယ်တစ်စောင် သတင်းစာတစ်စောင်ဖြစ်လာရန် ထွက်မည့်ရက်ထက် အနည်းဆုံး နှစ်ရက် ပုံမှန် သုံးရက် အများဆုံးတစ်ပါတ် အဆင်သင့်ဖြစ်နေအောင် စီစဉ်ထားရှိရပါသည်။ သတင်းရင်းမြစ်များသည် ခိုင်မာမှု ရှိ/မရှိ၊ သုံးစွဲရမည့်ဓါတ်ပုံများသည် မှန်/မမှန်၊ အွန်လိုင်းပေါ်တွင် ပျံနှံ့နေခြင်း ရှိ/မရှိ၊ စာမူများသည် ကော်ပီများ ဟုတ်/မဟုတ်၊ ကလောင်တူများ ရှိ/မရှိ၊ နိုင်ငံရေးထိခိုက်မှု ရှိ/မရှိ၊ အစိုးရဌာနများနှင့် ပြဿနာတစ်ခုဖြစ်လာနိုင်သည် မဖြစ်လာနိုင် စာဖတ်ပရိသတ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သည်၊ ကောင်းသည် ဆိုးသည် စသည်ဖြင့် အားလုံးသောတာဝန်ယူမှု တာ ဝန်ခံမှုများသည် အယ်ဒီတာအဖွဲ့၏ ဦးခေါင်းပေါ်တွင်တင်ရှိလာမည်ဖြစ်သောကြောင့် ထောင်နှုတ်ခမ်းနင်းကာ ဓါးသွားပေါ်တက်ကာလမ်းလျှောက်နေသူများမှာ အယ်ဒီတာများ ဖြစ်သည်ဟုပြောလျှင် မမှားနိုင်ပါ။

အချို့အယ်ဒီတာများ၏ ခင်မင်ရင်းနှီးသူသူငယ်ချင်းမိတ်ဆွေများသည် သူငယ်ချင်းအယ်ဒီတာက လူငယ် လူသစ်များကို စာမူ ရွေးမိသောကြောင့် အသိမိတ်ဆွေများကို တစ်ခါတစ်လေ စာမူမရွေးမိသောကြောင့် မိတ်ဆွေခန်းပြတ်မည်၊ လမ်းတွေ့ လျှင် မခေါ်၊ နှုတ်မဆက်၊ လက်မပြအခြေအနေများအထိ အထင်မမြင်မှားကာ စိတ်ငြိုငြင်မှုများကိုခံရခြင်း၊ စောင်းမြောင်းထေ့ ငေါ့ခံရခြင်း ပြဿနာများဖြင့် ရင်ဆိုင်ကြံတွေ့နေရသည်များကို စာဖတ်သူများ စာပေဖန်တီးသူ ဆရာ/မများသိရှိနားလည် ပေးနိုင်ကြပါစေရန် တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
အမ္ဗနဒီကျော်စွာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts