သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဖက်ဆစ်တွေရှုံးခဲ့တယ်


 

ငြိမ်းချမ်းအေး – ဖက်ဆစ်တွေရှုံးခဲ့တယ်

(မိုးမခ) မတ်လ ၂၇၊ ၂၀၁၅

ပြန်ကြားရေးဝန် ဗိုလ်ရဲထွဋ်ကို နိုင်ငံတကာလူထု ပရိသတ်ရှေ့မှာ အရှက်တကွဲ ဖြစ်အောင် တကိုယ်တော် ဆန္ဒပြဝံ့ခဲ့တဲ့ သတင်းသမားကို ဂုဏ်ပြုစကားဆိုချင်ပါတယ်။  ဒီနေ့ တော်လှန်ရေးနေ့မှာ ဒီမိုကရေစီပညာရေးတိုက်ပွဲဝင် ဗကသကျောင်းသား/သူများနဲ့ ဝန်းရံပြည်သူများ ပြန်လည်လွတ်မြောက်ရေး၊ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခဲ့မှု ရှုတ်ချ ဆန့်ကျရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူ တပြည်လုံးက ပြည်သူနဲ့ကျောင်းသားအပေါင်းကိုလည်း ဂုဏ်ပြုချင်ပါတယ်။  အဖမ်းခံပြီးတော့ကို ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားတွေ၊ ဝန်းရံကြသူတွေရဲ့ ဇွဲ၊ စိတ်ဓာတ်၊ သတ္တိနဲ့ မဆုတ်မနစ် စူးနစ်မှုကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက (၁၉၄၅) ခု၊ မတ်လ (၁၇) ရက်နေ့၊ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်မြောက်ဘက်က ကွက်လပ် (တော်လှန်ရေးပန်းခြံ) မှာ ဖက်ဆစ်တော်လှန်ရေး အတွက် တပ်ထွက်မိန့်ခွန်းမြွက်ကြားတော့ အဆုံးသတ်မှာ ထည့်ဆိုခဲ့တယ်။

“..ဗမာ့ရန်သူကို ချေမှုန်းကြ၊

အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ..

ဒါဘဲ..။”

မျက်မှောက်ခေတ်မှာ မြန်မာများ အပါအဝင် ဗမာပြည်မှာ မှီတင်းနေထိုင်နေသူ လူမျိုးစု တိုင်းရင်းသား အပေါင်းရဲ့ ဘုံရန်သူ ဟာ ပြည်ပ မှာ မရှိ၊ အနောက်တံခါးမှာ မရှိ၊ အရှေ့အရပ်မှာလည်း မရှိ၊ ဘင်္ဂါလား မဟုတ်၊ တရုတ်လည်း မဟုတ်၊ ပြည်တွင်း တိုင်းပြည် အလယ်ကောင် ကျတ်ပြေး အရပ်မှာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေး၊ စစ်အုပ်စု အကျိုးစီးပွားနဲ့ အာဏာ ထာဝရ မပျက်စီး တိုးပွားရေး ဖော်ဆောင်နေတဲ့ စစ်တပိုင်း အစိုးရ၊ စစ်လွှတ်တော် နဲ့ စစ်ဖွဲ့စည်းပုံသာ ဖြစ်ပါတယ်။  ဗိုလ်ချုပ်စကား ဗမာ့ ရန်သူ၊ အနီးကပ်ဆုံး ရန်သူဆိုတာဟာ ဂျပန်ဖက်ဆစ်နဲ့ အင်္ဂလိပ်အရင်းရှင်ရဲ့ ဆိုးသွမ်း ယုတ်မာလှတဲ့ အမွေဆိုးတွေကို နှစ်ဆတိုး ခံယူနေတဲ့  လက်ရင်းတပည့်စစ်စစ် အာဏရှင်စနစ်ဆိုးနဲ့ သူ့ရဲ့ ဒေါက်တိုင် စစ်တပ်၊ ရဲ အဖွဲ့အစည်းတွေပါပဲ။

ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ နှစ် (၇၀) ပြည့်မှာ.. ကျင့်ဝတ်တာဝန်သိတတ်သူ တိုင်းသူပြည်သား အပေါင်း ကျယ်ကျယ်လောင်လောင် ဟစ်ကြွေး၊ အားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တနိုင် ဝိုင်းဝန်း ဖို့ လိုနေပါတယ်။

ဖက်ဆစ်တွေကို တော်လှန်ကြ.. တော်လှန်ကြ..၊

ဖက်ဆစ်တွေ ရှုံးခဲ့တယ်.. ရှုံးခဲ့တယ်..၊

တော်လှန် လူထု၊ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား..

နိုင်ခဲ့တယ်.. နိုင်ခဲ့တယ်..၊

နာဇီ ဖက်ဆစ်၊ ဂျပန် ဖက်ဆစ်၊ အီတလီ ဖက်ဆစ်..

စစ်ဝါဒီ အားလုံး ရှုံးခဲ့တယ်.. ရှုံးခဲ့တယ်..။

ဗမာပြည်က စစ်ဖက်ဆစ်တွေလည်း ဧကန်မုချ တနေ့ ကျရှုံး ဗုန်းဗုန်လဲကျမှာ အမှန် ဖြစ်တယ်။  ဓမ္မနဲ့ ဆန့်ကျင်သူ ဝါဒ၊ စနစ်၊ လူ အားလုံး ကျဆုံးရမှာ ဓမ္မတာ ဖြစ်ပါတယ်။

ဦးဝင်းတင်ရဲ့ ‘ကဏန်းမျက်စိ’ ကို သတိရကြပါ။

မြင်းမိုရ်တောင်ကြီးလည်း ဇီး(ဆီး)စေ့ သေးသေးလေးတွေနဲ့ တက်ညီလက်ညီ ဝိုင်းပေါက်ရင် ဖြိုနိုင်တယ်။  အာခိလိစ်မှာ အားနည်းတဲ့ ခြေဖနောင့် ရှိတယ်၊ မာကျောတဲ့ ကိုယ်ထည်ရှိတဲ့ ကဏန်းကောင် မှာ အကဲဆတ်၊ အထိအပါး နည်းနည်းမှ မခံနိုင်တဲ့ မျက်စိ ရှိတယ်၊ စစ်အာဏာရှင်တွေမှာ လူထုကြောက်ရောဂါ ရှိတယ်။

အာဏရှင်တွေ တည်ဆောက်ထားတဲ့ သံမဏိ ကန့်လန့်ကာတွေဟာ ပြည်သူ့အား (People Power) နဲ့ တွေ့တဲ့အချိန်မှာ ထိခိုက် ကွဲရှ ပျက်စီးလွယ်တဲ့ ဖန်ပေါင်းချောင်တွေသာ ဖြစ်ကြောင်း သမိုင်းအဆက်ဆက်က သက်သေပြုပြီး ဖြစ်ပါတယ်။

ဖက်ဆစ်တွေရဲ့ သာယာဝတီ လူ့ငရဲစခန်းရှေ့မှာ မတ်လ (၂၆) ရက်နေ့က မြင်ခဲ့ရတဲ့ ရဲရင့်တဲ့ မိခင်တွေရဲ့ သောကဗျာပါရ၊ မျက်ရည်စတွေကလည်း ကြည့်ရက်စရာမရှိဘူး။

(BBC Jonah Fisher ရဲ့ တရားရုံးရှေ့က သတင်းတင်ဆက်မှုကို ဒီမှာ ကြည့်နိုင်ပါတယ်။  http://www.bbc.co.uk/news/world-asia-32062264)

ဒါပေမဲ့ ဒီမြင်ကွင်းတွေက အနိုင်မခံ၊ အရှုံးမပေး၊ အားမပျက်တဲ့ လူထုအင်အားတွေကို စုစည်းစေတယ်။  ဓမ္မကိုဖော်ဆောင်၊ အဓမ္မကို ယုံယုံကြည်ကြည် တိုက်ဖျက်နေကြကြောင်း ပုံပေါ်လွင်နေတယ်။  မတ်လ (၁၀) ရက်နေ့မှာ အာဏာရှင် လက်ကိုင်တုတ်တွေရဲ့ နံပါတ်တုတ်ဒဏ်ကို အသက်လု ရုန်းခဲ့ရသူ ကျောင်းသားလူငယ်လေးတွေက လက်ထိတ်ခံလျက် လက်ရုံးတွေဆန့်ပြီး ပြနေကြတယ်။  လူကြီးတွေ လက်ပိုက်ကြည့်နေချိန်မှာ သူတို့လေးတွေက ဖက်ဆစ်တွေကို တော်လှန်ကြလို့ လက်ရုံးဆန့် အချက်ပြနေသလိုပါပဲ။

အခုအခါ.. တိုင်းပြည်ရဲ့ တော်လှန်ရေး ပယ်လင်ပြင်မှာ

ဖိနှိပ်သူများရဲ့ ရက်စက်မှု အပေါင်း မုန်တိုင်းလှိုင်းထန်နေတယ်။

ဒီအချိန်မှာ…

ကယ်တင်ရှင်.. မေခလာ..ကို.. မတမ်းတနဲ့..၊

ကိုယ်တိုင်သာ လွတ်အောင်ရုန်း ကူးခပ်ကြလေကွယ်..။

ကယ်တင်ရှင်မရှိ၊ နတ်ဘုရား မကိုးကွယ်၊

သူရဲကောင်း အားမကိုး၊ မင်းလောင်းမမျှော်၊

ခေါင်းဆောင်ဆိုတာ မရှိ၊

လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်၊

ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး

စစ်အာဏာရှင် သံမဏိနှောင်ကြိုးကို

ပြည်သူဟာ ကိုယ့်လက်နဲ့ကိုယ် ဖြေရုန်းထွက်ဖို့

ကိုယ်ထူပြီး ကိုယ်ထဖို့

အသင့်ဖြစ်နေပါပြီ..။

အကောင်းမြင်၊ အမြင်ကောင်း နှင်းဆီပက်ဖျန်း မျက်မှန်စိမ်းတပ်သူများ (၂၀၁၅) ရွေးကောက်ပွဲမျှော်ချင်သပ ဆိုရင် မျှော်နိုင်ပါတယ်။  စစ်ကျွန်နစ်သထက် နစ်ဖို့ အပြင် တခြား မရှိပါ။

ခေါင်းဆောင်တွေ လူထုအားကိုး ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင် ဆိုခံထိ၊ သမိုင်းအပြစ်တင်ခံရင်း ကိုယ့် သမိုင်း ကိုယ် ရေးကြပါလိမ့်မယ်။

မဖောက်ပြန်၊ မပြောင်းလဲတဲ့ လူထု၊ ကျောင်းသား ကလည်း ကိုယ့်သမိုင်း ကိုယ်ရေးနေကြပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းလို ဖက်ဆစ်တော်လှန်ရေးအတွက် “ရဲဘော်တို့ကို ကတိပေးထားတဲ့ အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်” ရှေ့က ဦးဆောင်ဆိုမယ့် သာတူညီမျှ ခေါင်းဆောင် မရှိပေမယ့် မျိုးဆက်သစ် လူငယ် အင်အားကို တည်မှီ လူထုက ဝန်းရံရင်း စစ်ဝါဒီဖက်ဆစ်တွေကို ဗမာ့မြေပေါ်က အပြီးတိုင် မောင်းထုတ်ချိန် တန်နေပါပြီ။

မှတ်ထားကြပါ။

စစ်ဝါဒီ ဖက်ဆစ်တွေရှုံးခဲ့တယ်၊ အခုလည်း မုချ ရှုံးပါဦးမယ်။  ညီညွတ်သော တော်လှန်အင်အားစုကိုသာ တည်ဆောက်ကြပါ။

(၇၀) နှစ်မြောက် စစ်ဝါဒီဖက်ဆစ်တော်လှန်ရေး အောင်ပွဲနေ့မှာ တော်လှန်သော ကျောင်းသားပြည်သူအပေါင်းကို ဦးညွတ်လိုက်ပါတယ်။

ငြိမ်းချမ်းအေး

မတ် ၂၇၊ ၂၀၁၅

 

(ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts