ကဗျာ

လေပြည်ချမ်းချမ်း ● နွေဦး

လေပြည်ချမ်းချမ်း ● နွေဦး
(မိုးမခ) မတ်လ ၂၈၊ ၂၀၁၈

အေးခဲနေတဲ့
မျှော်လင့်ချက်ကိုဖမ်းဆုပ်ပြီး
ကြွေရွက်တရွက်လို
ဆောင်းရာသီထဲ
ဘဝကိုခြွေချထားခဲ့တာ။

အေးခဲတိတ်ဆိတ်
အထီးကျန် …
လေနေတဲ့စိတ်တွေ
… သိပ်ဖျားခဲ့တယ်။

လဲ့လဲ့လေးဖြာတဲ့ နေခြည်
နူးညံ့သွေးချိုတဲ့နွေဦး
ဘာကိုမှချည်နှောင်
ထားလေ့မရှိတဲ့ ပွင့်လင်းမှု
နွေတူရိယာ
လေညင်းပျိုရဲ့တေးချွန်သံ ။

အကန်သတ်မဲ့
တန်ဖိုးကြီးအခမဲ့တွေမှာ
အအေးမိစိတ်အထုံးတွေ
စိတ်ကူးအတိုင်း
နေပူဆာလှုံကြည့်ရအောင် ။

ရင်ဘတ်ထိပြုံးတတ်ရင်
နှစ်အထပ်ထပ်
စိတ်အညှိအခိုးတွေ
ရာသီအရွေ့လေထဲ
လွင့်ပြေးသွားမယ်ထင်ရဲ့ကွယ်။

ငါ ဒီနေ့
အကြမ်းတမ်းဆုံး လောကဓံမှာ
အနူးညံ့ဆုံး ပြုံးတတ်ပြီ ။     ။

လေပြည်ချမ်းချမ်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts