Op-Ed Tu Maung Nyo

နောက်ဆက်တွဲ ဇယားတွေပဲ ပြင်၊ အခြေခံမူတွေ မထိနဲ့ မပြင်နဲ့ (Tu Maung Nyo)

နောက်ဆက်တွဲ ဇယားတွေပဲ ပြင်၊ အခြေခံမူတွေ မထိနဲ့ မပြင်နဲ့

တူမောင်ညို။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်
 “နောက်ဆက်တွဲဇယားတွေပဲပြင်၊ အခြေခံမူတွေ မထိနဲ့မပြင်နဲ့”လို့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကဗြောင်ပြောလာပြီ။ 
ဒီဇင်ဘာလ ၁၂ ရက်နေ့၊ အစိုးရပိုင်သတင်းစာများ (မြန်မာ့အလင်း/ကြေးမုံ)၌  “အမျိုးသားညီလာခံ တက်ရောက်လေ့လာခဲ့သူ တစ်ဦး” အမည်ဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ စဉ်းစားစရာအချက်များ” ဆိုသည့်ဆောင်းပါး ပါရှိလာသည်။
အစိုးရပိုင် သတင်းစာဆောင်းပါး၏ အာဘော်ဆိုသည်မှာ မည့်သည့်နာမည်တပ်ပြီး၊ မည်သူပဲ ရေးသားသည်ဖြစ်စေ အစိုးရ၏ သဘောထားထင်ဟပ်ချက် သို့မဟုတ် အစိုးရ၏အာဘော်ပင်ဖြစ်သည်။ ထို့အပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ”အတွက် လက်တွေ့လုပ်ငန်း ညွန်ကြားချက်လည်းဖြစ်ပုံရသည်။ 
 ထိုဆောင်းပါးသည် “ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ” ၏ ဒီဇင်ဘာ ၈ ရက်သတင်းထုတ်ပြန်ချက် (၃/၂၀၁၃) နှင့်ရှေ့ဆင့်နောက်ဆင့်ပေါ်ထွက်လာခဲ့ခြင်းလည်းဖြစ်သည်။ ထိုသတင်းထုတ်ပြန်ချက်တွင် အကြံပြုချက်ပေါင်း ၂၅၁၅ ချက်ပါ ရှိပြီး၊ ယင်းအချက်များအနက် ၂၀၀၈အခြေခံဥပဒေပါ  အခန်း ၁၅ ခန်း အလိုက်အကြံပြုထားရာတွင် အခန်း(၁)“နိုင်ငံတော်အခြေခံမူများ” နှင့် ပတ်သက်ပြီး အများဆုံးအကြံပြုထားသည်ကို တွေ့ရသည်။ အချက်ပေါင်း ၅၉၀ ပါရှိပါသည်။ 
“အခြေခံမူတွေ မထိရ/ မပြင်ရ”ဟု ဆိုသဖြင့်အပေါ်ယံသာပြင်ကြရတော့မည်။ 
ဤသို့ဆိုလျှင် “ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး” လုံးပမ်းနေသူများအဖို့ “၂၀၀၈ အခြေခံဥပဒေ”ကို မိတ်ကပ်လိမ်း အလှခြယ်ပေးဖို့သာဖြစ်ပေတော့မည်။
            အနိမ့်ဆုံးအားဖြင့် ပြောရလျှင် “ပြင်ဆင်ရေး” ဆိုသည်မှာ “၂၀၀၈အခြေခံဥပဒေ” တွင်ပါရှိနေသော ဒီမိုကရေစီစံချိန်စံညွန်း မပြည့်ဝသည့်အခြေခံမူများကို ပီပီပြင်ပြင်၊ ထိထိရောက်ရောက်ပြင်ဆင်ရေးဖြစ်ရမည်။  ထိုသို့ ပြင်ဆင်နိုင်ခြင်းမပြုနိုင်လျှင် ပြင်ဆင်ရေးဟု မခေါ်ထိုက်ပါ။ခေါ်လို့မရပါ။ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအကြိုက် “၂၀၀၈အခြေခံဥပဒေ”ကို “အရောင်တင်အလှခြယ်ပေးခြင်း သို့မဟုတ် အတုအယောင် ပြင်ဆင်ရေး” ဟုသာ ခေါ်ရပါလိမ့်မည်။ 
ယခုအနေအထားမှာလည်း “အခြေခံမူတွေပြင်ဆင်ရေး” ကို ပီပီပြင်ပြင်၊ ထိထိရောက်ရောက်ကြိုးပမ်းလျှင် ထိုသို့ကြိုးပမ်းသူ၊ ကြိုးပမ်းသည့်ပါတီ၊အဖွဲ့အစည်းသည်။ သမ္မတ(ဗိုလ်) ဦးသိန်းစိန်၊ လွှတ်တော်နာယက (ဗိုလ်)ဦးရွှေမန်းတို့ပြောနေသည့် စကားတွေအတိုင်း ဆိုလျှင်  “အစွန်းရောက်သူ/ ထိပ်တိုက်ရင်ဆိုင်သူ” ဆိုသည့် ဆိုင်းဘုတ်အတပ်ခံရဖို့ သေချာသလောက်ရှိနေပါပြီ။
 ထိုသို့ “အခြေခံမူတွေ” ထိပါးလာပြီဆိုလျှင် ကာချုပ် ဗိုလ်မင်းအောင်လှိုင် ကလည်း ပုဒ်မ ၂၀ (စ) ကို “လ-သုံးလုံး”  စိတ်ဓါတ် နှင့်အညီ “၂၀၀၈ အခြေခံဥပဒေ” ကို ကာကွယ်ပေလိမ့်မည်။ 
ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးဆိုသည်မှာ အရင်းစစ်လိုက်လျှင် “၂၀၀၈ အခြေခံဥပဒေ၏ အနှစ်သာရ ပြုပြင်ပြောင်း လဲဖို့သာဖြစ်သည်။“၂၀၀၈အခြေခံဥပဒေ” ၏ အနှစ်သာရဆိုသည်မှာ စစ်အုပ်စုအဆက်ဆက်၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွား များကို ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့ရေးသာလျှင်ဖြစ်နေသည်။ ဤအနှစ်သာရကိုမပြင်ဆင်၊ မပြောင်းလဲနိုင်သမျှ စံချိန်စံညွန်းနှင့်ကိုက်ညီ သော ဒီမိုကရေစီသည် ပေါ်ထွန်းလာလိမ့်မည်မဟုတ်ချေ။ 
“အမျိုးသားညီလာခံ တက်ရောက်လေ့လာခဲ့သူတစ်ဦး” ဆိုသူမှာ သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင် ဦးသောင်းညွန့် ဖြစ်လိမ့် မည်ဟုယူဆပါသည်။ ဦးသောင်းညွန့်သည် အောက်တိုဘာလအတွင်းက အစိုးရပိုင်ရုပ်သံမှနေ၍ “ဥပဒေစကားဝိုင်း” တင်ဆက်ခဲ့သူ၊ စစ်တပ်ပိုင် မြဝတီသတင်းစာမှနေ၍ “၁၉၄၇ ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှိုင်းယှဉ်လေ့လာခြင်း” ဆောင်းပါးရေးသားခဲ့သူလည်းဖြစ်သည်။
 အဆိုပါဆောင်းပါးသည် “ဥပဒေစကားဝိုင်း”နှင့် “၁၉၄၇၊၁၉၇၄၊၂၀၀၈ အခြေခံဥပဒေ ၃ ခု နှိုင်းယှဉ်လေ့လာခြင်း”ဆောင်းပါး တို့၏ နောက်ဆက်တွဲပင်ဖြစ်သည်။ 
ထို့အပြင် “နောက်ဆက်တွဲဇယားတွေပဲပြင်၊ အခြေခံမူတွေ မထိနဲ့ မပြင်နဲ့” ဆိုသည့် ဆောင်းပါး၏သဘောထားအာဘော်သည် ဒေါ်အောင် ဆန်းစုကြည်နှင့်ဒီချုပ်မှ မေတ္တာရပ်ခံနေသော “၄ပွင့်ဆိုင်တွေ့ဆုံရေး”  တောင်းဆိုချက်ကို အကြောင်းပြန်ကြားလိုက်ခြင်း  ဖြစ်လိမ့်မည်ဟုထင်ပါသည်။ 
သို့ဖြင့်“ပြင်ဆင်ရေးသို့မဟုတ်အသစ်ရေးဆွဲရေး”သည် “နောက်ဆက်တွဲဇယားတွေပဲပြင်၊ အခြေခံမူတွေမထိနဲ့မပြင်နဲ့” ဆိုသည့် အစိုးရသဘောထား၊ အာဘော်နှင့်ထိပ်တိုက်တွေ့နေပြီ။ မည်သို့ရှေ့ဆက်မည်နည်း။
           
ညွန်း
– အမျိုးသားညီလာခံတက်ရောက်လေ့လာခဲ့သူတစ်ဦး – “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ စဉ်းစားစရာ အချက်များ”
မြန်မာ့အလင်းသတင်းစာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်။ စာမျက်နှာ ၆

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts