Op-Ed

Ko Aung Hmine – No More 2008 Nargis Constitution

ကျိန်စာသင့် နာဂစ် ၂၀၀၈ ဖျက်သိမ်းပစ်
ကိုအောင်မှိုင်း၊ အောက်တိုဘာ ၁၇၊ ၂၀၁၃
တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးတွေ  တကယ့်တိုင်းရင်းသားတွေကိုကို်ယ်စားပြုတဲ့ခေါင်းဆောင်တွေ ဥပဒေပညာရှင်တွေ တတ်သိ ပညာရှင်တွေ ပါတီအဖွဲ့ အစည်းတွေ ပြောရရင်တော့ဗျာ တတိုင်းတပြည်လုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန်လို့ ပြောရပါ လိမ့်မယ် ဘယ်သူမှ ဒီ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကို မကြိုက်ကြပါဘူး။ အပြင်းအထန်ကိုဆန့်ကျင်နေကြတာပါ။ ဂျပိုး သူခိုး တွေလို မဲလိမ်မဲခိုးကိစ္စတွေက အကာအကွယ်ရဘို့၊ တိုင်းပြည်ကိုရောင်းစားပြီး သောက်သောက်လဲချမ်းသာနေတဲ့ကိစ္စတွေက အကာအကွယ်ရဘို့၊ လူထုအပေါ်အလွန်အကျွံလုပ်ခဲ့မိတာတွေက အကာအကွယ်ရဘို့ဆိုတာလောက်ကိုဘဲ စဉ်းစားပြီး လူဆိုး လူမိုက်တယောက်ရဲ့  စဉ်းစားမှု အတွေးအခေါ်နဲ့  ငါ့မှာသေနတ်ရှိတယ် ဘယ်သူမှဂရုမစိုက်ဘူးဆိုပြီး လုပ်ခဲ့ရေးခဲ့ အတည်ပြုခဲ့ တဲ့ ဒီ၂၀၀၈ ဖွဲ့ စည်းပုံကိစ္စဟာတော့ ကျနော့်တဦးချင်းအမြင်အရပြောရရင် စစ်အုပ်စုရဲ့  တိုင်းပြည်အပေါ် အလွန်ယုတ်မာပက် စက်တဲ့ သမိုင်းဝင်အမဲကွက်ကြီးလို့ပြောချင်တယ်။
ဖွဲ့စည်းအုပ်ချူပ်ပုံစည်းမျဉ်းဆိုတာ တဦးတယောက် အစုအဖွဲ့ တခုကိစ္စမဟုတ်ပါဘူး။ တတိုင်းပြည်လုံးရဲ့  အနာဂါတ်ကိစ္စပါ။ သိသိကြီးနဲ့ လိမ်နေတာတွေ ကိုယ်ကျိုးစီးပွါးတခုတည်းအတွက်ကြည့်ပြီး ဇွတ်မျက်စိမှိတ် ပြောနေတဲ့ကိစ္စတွေ လျှော့ကြဘို့ မေတ္တာရပ်ခံချင်တယ်။ ဒါဟာနိုင်ငံသားအားလုံးရဲ့ ဘုံ အကျိုးစီးပွါးဆိုတာကို ပြောချင်တယ်။ညောင်နှစ်ပင်တုန်းက အလေး အနက်မထားမိလို့ဘဲဖြစ်ဖြစ် အပေါ်အောက် ကြောက်ရလို့ဘဲဖြစ်ဖြစ် အဲဒီအမှားဟာ တနိုင်ငံလုံး အနာဂါတ်ကို ဖျက်ဆီးပစ် နိုင်တဲ့ကိစ္စဆိုတာ အသေအချာလေ့လာစေချင်တယ်။ လေးလေးနက်နက်လဲပြောစေချင်တယ်။ ကိုဌေးဦးတယောက် ပြန် လေ့လာနေတယ်လို့ပြောတာ ကြိုဆိုရမဲ့ကိစ္စဖြစ်တယ်။ သူ့လိုဘဲ အခြားပုဂ္ဂိုလ်တွေလဲ အဲဒီတုန်းက ပြီးပြီးရော လုပ်ခဲ့မိတာ တွေကို တိုင်းပြည်မျက်နှာကြည့်ပြီး ပြန်လေ့လာဆင်ချင်စေချင်တယ်။လေ့လာပြီးရင်လဲ တိုင်းပြည်အနာဂါတ်အတွက်ဆိုလို ချင်တာက နောင်လာနောင်သားတွေအတွက် ကောင်းတဲ့စကားတွေ ကောင်းတဲ့အမွေတွေထားခဲ့စေချင်တယ်။
ဒီနေရာမှာ စစ်တပ်ကမျိုးဆက်သစ်ခေါင်းဆောင်ဆိုသူတွေကို မေတ္တာရပ်ခံချင်တယ်။ စစ်တပ်ကဗိုလ်ချူပ်တွေ အများစုဟာ ကိုယ့်အတွက်တဘို့ထဲကြည့်လုပ်ခဲ့ကြလို့ တိုင်းပြည်ပျက်ခဲ့တာဖြစ်တယ်။ အမျိုးသားဂုဏ်သိက္ခာ  နှစ်ပြားမှမတန်အောင်ဖြစ် ခဲ့ရတာတွေကို သတိပြုစေချင်တယ်။သင့်တင့်တဲ့ မျှတတဲ့လောက အမြင်ရှိစေချင်တယ်။ မတော်လောဘဟာ အခုလဲပူလောင် နေမှာဖြစ်သလို နောင်သံသရာအထိလဲ ဆက်ပူလောင်စေမှာဖြစ်ပါတယ်။ ဦးသန်းရွှေဟာ ဘီလီယျံပေါင်းများစွာ ချမ်း သာ နေတယ်ဆိုတာ လူတိုင်းအသိပါ။ ဒါပေမဲ့ သူ့ရင်ထဲက ပရိဒေ၀မီးဟာ ပြင်းပြင်းထန်ထန်ကို ပေါက်ကွဲနေမှာဖြစ်တယ်။ ဒေါ်လာ နှစ်သိန်းကျော်တန်ပြိုင်ကားစီးပြီး ရမ်းချင်တိုင်းရမ်းခွင့် ကြမ်းချင်တိုင်းကြမ်းခွင့် ရနေတဲ့မြေးလေးဆိုသူအတွက်လဲ ပူပင်သောက ရောက်နေမှာ အမှန်ပါ။ သေချာတာကတော့ သူမရှိတဲ့နောက် သူ့မိသားစုတွေဘ၀ဟာ မသေချာမရေရာဘူးဆိုတာ သူအသိ ဆုံး ဖြစ်မှာပါ။ တိုင်းပြည်မှာ မိဘမဲ့ကလေးတွေ တောင်းရမ်းစားသောက်နေရတဲ့ ကလေးတွေသိန်းဂဏန်းအချို့ ရှိနေပြီး မူလ တန်း အဆင့်မှာတင် ကျောင်းထွက်လိုက်ရတဲ့ ကလေးတွေက ၆၀%အထိရှိလာနေတဲ့ ဗမာပြည်အနာဂါတ်ဟာ သိတ်ကို မဲ မှောင်လွန်းအားကြီးတယ်လို့ဘဲ ပြောပါရစေဗျာ။
ဘယ်သူတွေမှာတာဝန်ရှိသလဲ။ ကျနော်အနေနဲ့ ပွင့်ပွင့်လင်းလင်း အမှန်ကိုမကွယ်မ၀ှက်ပြောရရင် ဗမာ့တပ်မတော်လို့ခေါ်တဲ့ စစ်တပ်မှာတာဝန်အရှိဆုံးလို့ပြောချင်တယ်။ လူအများစု ဘယ်သူတဦးတယောက်မှ စိတ်မချမ်းသာတဲ့ လမ်းကို ဘာလို့ဆက် လျှောက်ချင်နေကြတာလဲ။ ငတေတွေလား ဒါမှမဟုတ် တဘို့ထဲ သမားတွေလား။ စဉ်းစာရမဲ့အချိန်မဟုတ်တော့ပါဘူး။ဆုံးဖြတ် ရတော့မဲ့ အချိန်လို့ဘဲ ကျနော်တော့ ရှင်းရှင်းလင်းလင်းမြင်မိတယ်။ ဗမာပြည်လူညွန့်တုံးခဲ့ရတာဟာ အဓိက စစ်တပ်ရဲ့ လော်လီ မှုကြောင့်ဆိုတာ ဘယ်သူမှညင်းလို့မရတဲ့ကိစ္စပါ။ ဒါကြောင့် စစ်တပ်အနေနဲ့  လမ်းမှန်ကို ပြန်တည့်ပေးဘို့ ကနေ့ တပ်မတော် မျိုးဆက်သစ်ခေါင်းဆောင်တွေမှာ လုံးဝတာဝန်ရှိပါတယ်။ တပ်မတော်သားအားလုံးမှာလဲ တာဝန်တွေ ကိုယ်စီရှိကြပါတယ်။ ဒီ ၂၀၀၈ ဖွဲ့ စည်းပုံဟာ ကျနော်တို့ တိုင်းပြည်အတွက် တကယ့်ကို  ဒုက္ခနွံနစ်စေမဲ့ မီးဟုန်းဟုန်းတောက်စေမဲ့ ကျိန်စာဆိုးကြီးပါ။ အဓိကကတော့ စစ်တပ်နဲ့  လူထုကြားထိပ်တိုက် တွေ့ ကိုတွေ့ ရမဲ့ ကျိန်စာဆိုးကြီးပါ။ စစ်တပ်ကပစ်လို့ လူထုတွေ သေကြရဦး မှာပါ။စစ်တပ်ရဲ့ မျိုးဆက်သစ် ခေါင်းဆောင်ဆိုသူတွေလဲ သမိုင်းကွေးပြီး ဦးသန်းရွှေလို လူတောမတိုး သူတောမတိုး လူအများ ရဲ့ ရွံ့ ရှာမုန်းတီးမှုကို ခံကြရဦးမှာပါ။ ၂၀၀၈ဟာ ဒီလမ်းကြောင်းကို သွားဘို့ ရှေ့ရှုနေတာဖြစ်ပါတယ်။
တိုင်းချစ်ပြည်ချစ်စိတ် တပြားသားလောက်ပါတယ်ဆိုရင်ကို ကနေ့ ကျနော်တို့ ၂၀၀၈ကို ပြင်ဘို့ ပြောင်းဘို့ စလုပ်ကြရမှာပါ။ နောက်မကျသေးပါဘူး။ သမိုင်းတရားခံဆိုတာ ကိုယ်တယောက်ထဲဖြစ်ရတာမဟုတ်ဘဲ သားစဉ်မြေးဆက်ခံကြရတဲ့ကိစ္စလို့ ဘဲပြောပါရစေ။ သေချာတာတခုက ဦးသန်းရွှေဟာ သူ့မိသားစုလုံခြုံရေးအတွက် အသေအချာကိုပြင်ဆင်နေမယ်ဆိုတာ နား လည်လို့ရတဲ့ကိစ္စလဲဖြစ်ပါတယ်။ ဘယ်ကာလအထိ သူကာကွယ်နိုင်မလဲ။ ဘယ်ကာလထိ သူ့သြဇာတွေသုံးနိုင်မလဲ။ ဒါတွေ ဟာ အတော်ကို အကန့်အသတ်ကြီးတဲ့ကိစ္စလို့ဘဲ ပြောချင်တယ်ဗျာ။ သူသိပ်အသက်ကြီးနေပါပြီ။ မကြာခင်မှာ ဦးနေ၀င်းဖြစ် သလို လူမလေးခွေးမခန့် အဖြစ်တွေနဲ့ တွေ့ရတော့မဲ့ကာလက သူ့အတွက်အတော်နီးနေပါပြီ။ သူ့ကိုကာကွယ်လို့ ကိုယ်ပါဒုက္ခ ရောက်ရမယ်ဆိုရင်တော့ လက်ရှောင်မဲ့လူတွေချည့်ဘဲလို့ ကျနော်ထင်တယ်။ စစ်အုပ်စုတွေဟာ များသောအားဖြင့်ခေါင်က စပြို လေ့ရှိတတ်ပါတယ်။ ကနေ့ စစ်အုပ်စုသစ်ကျင့်သုံးနေတဲ့ ပုံစံဟာ ဖိုကနောက်ဆိုင်နိုင်ငံရေးဖြစ်ပါတယ်။ စစ်ဗိုလ်ချူပ်ဟောင်းတွေ စစ်ဗိုလ်ချူပ်သစ်တွေ နောက်ကြံ့ဖွံ့ ကလူဆိုးလူမိုက် လူရမ်းကားတွေရယ်ကို ဖိုခနောက်ဆိုင်ပြီး ၂၀၀၈နဲ့  ဦးသန်းရွှေထိမ်းထား  တာပါ။
၂၀၀၈ ဖွဲ့ စည်းပုံအုပ်ချူပ်ပုံအမိန့်တခုလုံးဟာ  အနှစ်သာရအားလုံးကိုထုပ်ပြီး အပေါ်ယံသဏ္ဍာန်တွေနဲ့  ပုံဖေါ်ထားတာပါ။ ဒါကို တူးဖို့ဆွဖို့ကလဲ စစ်တပ်နဲ့ထိတ်တိုက်တိုးမယ်ဆိုတာကို ဒလံအမျိုးမျိုးကတဆင့်ဝါဒတွေဖြန့်၊ ကြံ့ဖွံ့ က လူမိုက်ထိပ်သီးတွေက လည်း လူမိုက်စကားတွေနဲ့ ခြိမ်းခြောက်၊အခွင့်အရေးလေးနဲနဲရတာနဲ့  တပ်မတော်ကြီးနဲ့ ပူးပေါင်းမယ်ဆိုတဲ့ အတိုက်အခံပုဂ္ဂိုလ် ဆိုသူတွေကလည်း ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ မျက်စတွေခြေစတွေနဲ့ ဟိုပစ်ဒီပစ် ဟိုဟစ်ဒီဟစ်။ လက်နက်ကိုင်အဖွဲ့အစည်းအချို့  က ခေါင်းဆောင်ဆိုသူအချို့ လဲ အပစ်အခတ်ရပ်စဲရေး ထောင်ခြောက်ထဲမှာ မော်တော်ကားတင်သွင်းခွင့်ကို ၀ိုင်ရဲရဲလေး အောက်မှာ အမွှေခံလိုက်ကြရလို့ အ ကုန်ကြပါရော။ ကိုအောင်မင်းတို့ကလဲ ထင်တိုင်ကြဲ၊ ဗုံးတွေကလဲ တဒိုင်းဒိုင်းကွဲ။ဗမာ့ တပ်မတော် အမှတ် ၂ အစွမ်းပြပြီထင်တယ်။ ဒါကြောင့် ချည်ပြီးတုပ်ပြီး ၂၀၀၈ လို့ ကင်ပွန်းတပ်နေကြတာပါ။
တပ်မတော်အမှတ် ၂ ဆိုလို့ တပ်မတော်အမှတ် ၂ စစ်ဆေးရုံလို့ထင်နေဦးမယ်။ကျနော်ဆိုလိုတာ ကနေ့ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့အဖျက်လုပ်ငန်းတွေကို စနစ်တကျစီစဉ်ဆောင်ရွက်နေတဲ့အဖွဲ့ ကိုပြောတာပါ။ စစ်တပ်ဆိုတဲ့ အနက်အဓိပ္ဗါယ်ကို ကြည့်ရင် စနစ်တကျစုစည်းထားတဲ့လူအင်အားရှိရမယ်။ အမိန့်ပေး အမိန့်ယူစနစ်ရှိရမယ်။ တိုက်ခိုက်ရေးပညာကို စနစ်တကျ သင်ယူထားရမယ်။ တိုက်ခိုက်ရေးလက်နက်တွေကို စနစ်တကျ အသုံးချတတ်ရမယ်။ အမိန့်စီးဆင်းမှုနဲ့ ရိက္ခာထောက်ပံ့မှုစနစ် ရှိရမယ်။ စသဖြင့်ခိုင်လုံတဲ့ အကြောင်းအချက်တွေရှိရမယ်။ ဗြောင်နေတယ် တပ်ဖျောက်နေတယ်ဆိုတာ အခြေအနေအရဖြစ် ပါတယ်။ဂျပန်တော်လှန်ရေးကာလတုန်းကလဲ ဗမာ့တပ်မတော်ဟာ တပ်ဖျောက်ပြီး ပျောက်ကြားတိုက်ခဲ့ဘူးပါတယ်။အခုလဲ ဒီပဲရင်းကထဲကအစွမ်းပြလာတဲ့ အကြမ်းဖက်အုပ်စုဟာ မြန်မာနိုင်ငံမှာ အထင်အရှား စနစ်တကျရှိနေတယ်ဆိုတာ မူဆလင် အရေးအခင်းမှာ အထင်အရှား ဖေါ်ပြလာတယ်။ယူနီဖေါင်းမ၀တ်တာကလွဲပြီး လှုပ်ရှားမှုအားလုံးဟာ စစ်တပ်တတပ်ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအတိုင်း စနစ်တကျရှိနေတာတွေ့ ရတယ်။ဖြုန်းကနဲပေါ်လာပြီး မူဆလင်တွေကို သတ်တယ်ဖြတ်တယ် အိမ် တွေကို မီးရှို့ တယ်။နောက်ချက်ခြင်းပျောက်သွားတယ်။နောက်မြို့တမြို့မှာလဲ လှုပ်ရှားမှုကဒီအတိုင်းပါဘဲ။ ဖြုန်းကနဲပေါ်လာပြီး မူဆလင်တွေကို သတ်တယ်ဖြတ်တယ် အိမ်တွေကို မီးရှို့ တယ်။ နောက်ချက်ခြင်းပျောက်သွားတယ်။ တပ်ဖျောက်သွားတယ်။ ခြေသိမ်းခြေရုပ် အတော်ပိရိတယ် ဆိုပေမဲ့ ခြေရာလက်ရာတွေတော့ အနဲနဲ့အများဆိုသလို ကျန်ခဲ့တာပါဘဲ။ ဒီလူတွေရဲ့ လှုပ် ရှားမှုကိုကြည့်ရင် စစ်တပ်ဖွဲ့ တဖွဲ့ ရဲ လှုပ်ရှားမှုအတိုင်းပါဘဲ။ စစ်ပညာလဲသင်ထားကြပုံရပါတယ်။ ရိက္ခာနဲ့ထောက်ပံ့ကြေးလဲ အသေအချာရပုံရှိပါတယ်။ ဒါကြောင့်သူတို့ကို တပ်ဖျောက်ထားတဲ့ တပ်မတော်လို့ ကျနော်သတ်မှတ်လိုက်ပြီး တပ်မတော် အမှတ် ၂လို့သုံးလိုက်တာပါ။
၂၀၁၅ မတိုင်မီ သူတို့အစွမ်းကုန်လှုပ်ရှားကြပါလိမ့်ဦးမယ်။
အေးဗျာ ကျနော်တို့နိုင်ငံကတော့ ထူးထူးဆန်းဆန်း ဖွဲ့စည်းအုပ်ချူပ်ပုံကြီးနဲ့ ထူးထူးဆန်းဆန်း စစ်တပ်ကြီး ၂တပ်ရှိနေတာ ကြောက်ခမန်းလိလိပါဘဲ။
၂၀၀၈ဖွဲ့ စည်းပုံကိုပြင်ဘို့ ကျနော်တို့လူထုလှုပ်ရှားမှုတွေကို အားကိုးရပါမယ်။လူထုကို အသေအချာ ရှင်းပြရပါမယ်။ လူတိုင်း တဦးချင်းစီပါ ပါဝင်ပါတ်သက်မှုရှိနေအောင်ဆောင်ရွက်ရပါမယ်။ လေ့လာ တွေ့ရှိချက်တွေအရ ၂၀၀၈ဖွဲ့ စည်းပုံရဲ့  ၄၀%ကျော် ဟာ အသစ်ပြန်ရေးဆွဲဘို့လိုမှာဖြစ်သလို ၃၀%ကျော်ဟာ ပြင်ဆင်ဖြည့်စွက်ဘို့လိုမှာ ဖြစ်ကြောင်းတွေ့ရမှာဖြစ် ပါတယ်။လူထု အကျိုးစီးပွါးကို ကာကွယ်ဘို့ထက် စစ်အုပ်စု အကျိုးစီးပွါး (ဗိုလ်ချူပ်တစုရဲ့ အကျူိုးစီးပွါး) ကို ကာကွယ်ဘို့ရေးထားတာဖြစ်ကြောင်း အခိုင်အမာ တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံမှာ အခန်းပေါင်း ၁၅ ခန်းပါရှိတာတွေ့ရပြီး၊ အခန်းတိုင်းမှာ ဥပဒေသဘောသဘာဝ နဲ့ မကိုက်ညီမှုတွေ (မိမိကိုယ်မိမိအလွန်အကျွံကာကွယ်ချင်တဲ့စိတ်ကြောင့်၎င်း၊ အခြားသူတဦးတယောက်အား မလိုမုန်းတီးမှု လွန်ကဲခြင်းကြောင့်၎င်း၊ ဥပဒေသဘောမဆောင်တောာ့ဘဲ အမိန့်ကဲ့သို့ဖြစ်သွားရခြင်းများ ) အများအပြားတွေ့နေရပါတယ်။ ပုဒ်မပေါင်း ၄၅၇ ခုရှိသည့်အနက် ၃၅၀နီးပါးကို အသစ်ပြန်ရေးဆွဲဘို့လိုမှာဖြစ်ပြီး ၂၀၀ နီးပါးကို မဖြစ်မနေ ပြင်ဆင်ဖြည့်စွက်ဘို့ လိုမှာဖြစ်ပါတယ်။ဆိုလိုတာက ၄၀%ကျော်ကို အသစ်ရေးဆွဲသင့်ပြီး ၃၀%ကျော်ကို မဖြစ်မနေ ပြင်ဆင်ဖြည့်စွက်ဘို့လိုတာဖြစ် ပါတယ်။
သမ္မတကလဲပြည်သူဆန္ဒကိုအမြဲဦးထိပ်ပန်ဆင်ပြောလေ့ရှိတာတွေ့ရပါတယ်။ တကယ်လို့ လူထုကြီးကဆန္ဒရှိမယ်ဆိုရင်နေထိုင် မကောင်းတဲ့ကြားက သမ္မတတာဝန်ကိုဆက်လုပ်ပေးပါမယ်လို့ဆိုတယ်။ လွတ်တော်ဥက္ကဌကလဲ လူထုရဲ့အဆုံးအဖြတ်ကို အ လေးအနက်ထား ပြောကြားလေ့ရှိတာတွေ့ရပြီး၊ ကြံ့ဖွံ့ ပါတီခေါင်းဆောင်ဆိုသူများကလည်း လူထုအကျိုးရှိမယ်ဆိုရင် ဘာမဆို လုပ်လို့ရကြောင်းပြောနေကြပြန်တယ်။ ကိုယ့်ကိုကိုယ်အတိုက်အခံလို့ ခံယူထားတဲ့ ဒီချူပ်ကလဲ လူထုဆန္ဒခံယူဘို့ပြောထားပြန် တော့ ကျနော်တို့တိုင်းရင်းသားညီအကိုတွေရဲ့ ဆန္ဒတွေဟာ အတော်ကိုအရေးးကြီလာပါတယ်။လား လား သူတို့ကတော့ပြတ် သားတယ်။
ဖြစ်နိုင်ရင်အသစ်တောင်ရေးချင်ကြကြောင်းအတိအလင်းပြောနေကြပါပြီ။ဒီတော့ဗျာ အားလုံးက ပြည်သူ့ဆန္ဒ ဦးစား ပေးပြောနေကြချိန်ဆိုတော့ ပြည်သူ့ဆန္နခံယူမှုသာအဓိကဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။         
 (၁၅ရက်၊အောက်တိုဘာလ၊၂၀၁၃ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts