သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – ဆရာမြတ်ထန် (သို့မဟုတ်) ချယ်ရီမဂ္ဂဇင်း၏ ဥယျာဉ်မှူး

ဆရာမြတ်ထန် သို့မဟုတ် ချယ်ရီမဂ္ဂဇင်း၏ ဥယျာဉ်မှူး
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၄၊ ၂၀၁၃

ကျွန်တော်သည် ဗိုလ်မှူးကြီးတင်မောင် သို့မဟုတ် ဆရာမြတ်ထန်ကို ချယ်ရီ မဂ္ဂဇင်း မထုတ်ဝေခင်ကပင် သိကျွမ်းခဲ့သည်။ ကျွန်တော် အမှတ်မမှားပါက ချယ်ရီမဂ္ဂဇင်းကို  ၁၉၈၄ခု၊ သြဂုတ်လတွင် စတင်ထုတ်ဝေသည်ဟု ထင်ပါသည်။ ကျွန်တော့်အား ဆရာမြတ်ထန်နှင့် စတင်မိတ်ဆက်ပေးသူမှာ ကွယ်လွန်သူ ဆရာလင်းယုန်မောင်မောင် ဖြစ်သည်။ မိတ်ဆက်ပေးသည့် နေရာမှာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၇လမ်း၊ အမှတ် ၁၈ဝရှိ ချင်းတွင်းစာပေတိုက်တွင် ဖြစ်သည်။ ထိုစဉ်က ချင်းတွင်းစာပေတိုက်တွင် ဆရာလင်းယုန်မောင်မောင်၏ ‘ဟိုချီမင်း’၊ ဆရာတိုက်စိုး၏ ‘ဂျူဗလီဟော မြင်ကွင်း’၊ ဆရာမြတ်ထန်၏ ‘တောင်ပြာတန်းမှာ ပွင့်သောပန်း’၊ ‘ပြုံးလ’ဲ့၊ ‘မျှော်ရပါသော်ကော မြသီတာ’၊ ‘လွမ်းတေးကိုသိသာ သီပါလေတော့’ စသည့် စာအုပ်များကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဗိုလ်မှူးကြီးတင်မောင်ကို ကျွန်တော်တို့က နှုတ်ကျိုးကာ ‘ဗိုလ်မှူး’ ဟုပင် ခေါ်ကြသည်။ ဗိုလ်မှူးနှင့် မသိ၊ မတွေ့ခင်ကာလက ‘ဗိုလ်မှူးကြီး’ ဟူသော အရှိန်အဝါ ဂုဏ်ဒြပ်ကြောင့် ခပ်တည်တည် ခပ်တန်းတန်းနေမည်ဟု ကျွန်တော်အနေနှင့် ထင်ခဲ့မိပါသည်။ သို့သော် ဗိုလ်မှူးနှင့် လက်ပွန်းတတည်း ရင်းနှီးစွာ ပြောဆိုဆက်ဆံရသောအခါမှ အထင်နှင့်အမြင်မှာ တခြားစီဖြစ်နေပါတော့သည်။
ဗိုလ်မှူးသည် ကျွန်တော်တို့ကို စာရေးဆရာ ပေါက်စကလေးများကို မြေတောင်မြှောက်ပေး၍ အားပေးကူညီသည်။ ထုတ်ဝေခဲ့သမျှ ဗိုလ်မှူး၏ စာအုပ်တိုင်းကိုလည်း ကျွန်တော့်အား လက်မှတ်ရေးထိုး၍ မေတ္တာလက်ဆောင် ပေးလေ့ရှိသည်။ ကျွန်တော်လိုချင်သော စာအုပ်များကိုလည်း ကြုံလျှင်ကြုံသလို ဝယ်ပေးခဲ့သည်။ ထို့ပြင် ကျွန်တော်ရေးသားထားသော ဆောင်းပါးအတိုအထွာလေးများကိုလည်း ပြုပြင်တည်းဖြတ်ပေး၍ လမ်းညွှန်ပြသပေးသည်။

ထိုစဉ်က ကျွန်တော်သည် သင့်ဘဝမဂ္ဂဇင်း၊ တိုင်းရင်းမေဂျာနယ်၊ သောကြာစာစောင်၊ ဒို့ကျောင်းသားစာစောင်တို့၌ ကြိုးကြားကြိုးကြား စာတိုပေစလေးများ ရေးသားလျက်ရှိသည်။ 
ဗိုလ်မှူးသည် အသားဖြူဖြူ၊ခန္ဓာကိုယ် သွယ်သွယ်နှင့် ဥပတိရုပ်ဖြောင့်၍ မျက်နှာထားချိုသည်။ စစ်သားပီသသော ရုပ်လက္ခဏာရှိသော်လည်း စကားပြောရာတွင် တိုးညင်းညင်သာလှသည်။ ကျွန်တော်နှင့် ဗိုလ်မှူးမှာ သားအဖအရွယ်ဖြစ်သော်လည်း ကျွန်တော်တို့ကို လူငယ်များနှင့် စကားပြောရာတွင် ဗိုလ်မှူးသည် ‘ခင်ဗျား’၊ ‘ကျွန်တော်’ ဟူသော နာမ်စားများကိုသာ အသုံးများသည်။ ဗိုလ်မှူး၏ ထူးခြားချက်မှာ ဟာသဥာဏ်ရွှင်ခြင်းပင်။ စာရေးဆရာ၊ ကဗျာဆရာကြီးငယ်မရွေး အားလုံးကို ညီအစ်ကိုချင်းတမျှ ချစ်ခင်လေးစားစွာ ဆက်ဆံသည်။ စာပေလောက၌လည်း မွေ့လျော်နေပုံရသည်။ စာရေးဆရာတို့၏ အခက်အခဲကိုလည်း ဗိုလ်မှူးသည် သူတတ်နိုင်သမျှ အမြဲအကူအညီပေးလေ့ ရှိသည်။ ထိုအချက်ကလေးများကြောင့်လည်း အားလုံးကို သူ့ကို ချစ်ခင်လေးစားကြသည်။ ကျွန်တော်သည် ဗိုလ်မှူးကို အနီးကပ်ထိတွေ့ ဆက်ဆံရသောအခါမှစ၍ တစ်စတစ်စ တိုး၍ လေးစားကြည်ညို ချစ်ခင်လာခဲ့မိသည်။
သို့ကလို ချင်းတွင်းစာပေတိုက်သို့ အဝင်အထွက်များလာရာမှ ဗိုလ်မှူးနှင့်ပို၍ ခင်မင်ရင်းနှီးခဲ့ပြီး သံယောဇဉ်တွယ်လာခဲ့မိသည်။ ထို့နောက် ကျွန်တော်သည် ‘စာဆိုနှင့် သူ့အဆို’ စာအုပ်ကလေး တစ်အုပ် ထုတ်ဝေရန်အတွက် စာရေးဆရာ၊ ကဗျာဆရာများ၏ သူတို့၏ စာပေအပေါ် အတွေးအမြင်လေးများကို စုဆောင်းလျက်ရှိရာ ဗိုလ်မှူးကိုလည်း စာပေအပေါ် သူ့အတွေးအမြင်စာမူတစ်ခုကို ရေးပေးဘို့ တောင်းဆိုခဲ့သည်။ ဗိုလ်မှူးသည် ချက်ချင်းကတိပေး၍ တရက်နှစ်ရက်အတွင်း အပြီးရေးသားပေးခဲ့သည်။ ဗိုလ်မှူး၏စာပေ အပေါ်အတွေးအမြင်ကား အောက်ပါအတိုင်း ဖြစ်သည်။
‘စာဆိုနှင့် သူ့အဆိုအမိန့်’ကို ရေးပေးပါလို့ ဆိုလာသည်။ ကြီးကျယ်လွန်းပါသည်။
ကိုယ့်မှာ အဆိုအမိန့် ပေးနိုင်လောက်အောင် အရည်အချင်းရှိမရှိ။ အဲဒါကို စဉ်းစားမိတော့ လက်တွန့်မိရပါသည်။ သို့ပေမယ့် တစ်ခုခုတော့ ရေးမှ –
ရေးစရာတွေက များလှသည်။
သို့ပေမယ့် စာရေးဆရာ အမည်ခံနေသူမို့ စာပေအကြောင်းထဲက တစ်ခုခုကိုပဲ ရေးသင့်သည်ဟု ထင်သည်။
ဒီလိုဆိုပြန်တော့ စာပေအကြောင်းနှင့် ပတ်သက်လို့ ကျွန်တော် သိသည်က ဝိုးတဝါး။
မြတ်ထန်သည် စာပေပညာရှင် တစ်ဆူမဟုတ်ပါ။
အဲဒီလို ခွဲခွဲခြားခြား ပြောရတာကတော့ ထိုအချက်ကို အချို့တို့က လွဲမှားစွာ ယူဆနေကြသည်လို့ ထင်သောကြောင့် ဖြစ်ပါသည်။ 
ကျွန်တော်တို့လို ဝတ္ထုရေးဆရာတွေကို ပညာရှင်ကြီးတွေ အောက်မေ့ပြီး စာဆိုတော်ရာသီမှာ လေးလေးစားစား ဖိတ်မန္တကပြုကြသည်။ မီးရထားအထက်တန်းတွဲကြီးများဖြင့်တစ်မျိုး၊ လေယာဉ်ပျံဖြစ်တစ်ဖုံ၊ မော်တော်ကားတွေဖြင့်တစ်နည်းပင့်ဆောင်သွားကြသည်။မြို့နယ်ကိုရောက်တော့ အိမ်ကြီးအိမ်ကောင်းတို့တွင် တင်ကြသည်။ ဆီဦးထောပတ်တို့ဖြင့် ပြွမ်းသော နတ်သုဒ္ဓါတမျှ စားကောင်းသောက်ဖွယ်တို့ဖြင့် လိုလေသေးမရှိ ဧည့်ခံကျွေးမွေးကြသည်။ တစ်ခါတစ်ရံ အဖျော်ယမကာများပင် ပါလိုက်သေး။
ကျွန်တော်တို့က အဲ့ဒီမှာ ဘာတွေများ ဆိုခဲ့၊ မိန့်ခဲ့ကြပါသလဲ။ အများသိတော်မူကြတဲ့အတိုင်း တကယ့်စာပေပညာရှင်ကြီးများ အနည်းငယ်မှအပ၊ ကျွန်တော်တို့ တော်တော်များများက ပရိသတ်မငြီး ငွေ့ကြစေဖို့၊ မပျင်းကြစေဖို့ ရယ်ရွှင်ဖွယ်ကလေးတွေကို ညှပ်ကြရသည်။ တစ်ခါတလေ သီချင်းကလေးများကိုပင် သီဆိုပြခဲ့ကြသည်။ ကျန်တာကတော့ ဟိုအကြောင်း သည်အကြောင်း။ ကံကောင်းရင်ဖြင့် သိမှတ်စရာကလေးတွေ ကြိုးကြားကြိုးကြား ပါတတ်သည်ပေါ့။
ကျွန်တော်ကတော့ တခြားလည်း မပြောတတ်လို့မို့၊ ကျွန်တော်သိတဲ့ ကျွန်တော့်စာအုပ်များ အကြောင်းကိုပဲ ပြောသည်။
ဘယ်ဝတ္ထုက ဘယ်လိုစတင်ပေါက်ဖွားလာသည်။ ဘယ်လိုရည်ရွယ်ချက်ဖြင့် ရေးသည်။
မှန်ပါသည်။ ကျွန်တော်တို့ ဝတ္ထုရေးနေကြသူတွေသည် ဝတ္ထုတစ်ပုဒ်ကိုရဖို့ အချိန်များစွာယူပြီး စဉ်းစားကြရသည်။ ရပြန်တော့ အဖက်ဖက်မှ အဖန်ဖန်စိစစ်၏။ ပြီးမှ ကလောင်ကို ကိုင်ကြသည်။ ကျွန်တော်ကတော့ အဲ့ဒီလိုပဲ ရေးတတ်ပါသည်။
တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်၌ ပေါ်ပေါက်နေသော ပြဿနာတစ်ရပ်ကို တင်ပြချင်လို့ ရေးသည်။ သည့်ထက်မပိုပါ။
ယင်းနောက် ဆရာအောင်ပြည့်နှင့် ပူးတွဲ၍ ချယ်ရီ မဂ္ဂဇင်း အမှတ် ၁ ကို ၁၉၈၄ခုနှစ်၊ သြဂုတ်လတွင် စတင်ထုတ်ဝေသည်။
ချယ်ရီမဂ္ဂဇင်း အယ်ဒီတာချုပ်မှာ ဆရာမြတ်ထန်၊ အုပ်ချုပ်ရေးမှူးမှာ ဦးသိန်းလွင်ဖြစ်ပြီး တာဝန်ခံအယ်ဒီတာမှာ ဆရာအောင်ပြည့် ဖြစ်သည်။
ချယ်ရီ မဂ္ဂဇင်းမှာ အရောင်စုံ၊ အသွေးစုံ၊ လက်ရာစုံ၊ အနှစ်သာရစုံ၊ အကြောင်းအရာစုံ ဖြစ်သည်။ ဗိုလ်မှူးသည် သူပျိုးထောင်ခဲ့သော ချယ်ရီ မဂ္ဂဇင်းကို ‘အကောင်းတကာ့စုံ’ မဂ္ဂဇင်းတစ်စောင်ဖြစ်အောင် အဆင့်ဆင့်တိုး၍ ကြိုးစားလုပ်ဆောင်နေဆဲ ချယ်ရီမဂ္ဂဇင်းအမှတ် ၅၁ကို ထုတ်ဝေရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် နာမကျန်းဖြစ်ကာ ၁၉၈၈ခု၊ ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ သူမွေ့လျော်သော စာပေလောကနှင့် ရင်းနှီးခင်မင်သူ အားလုံးကို လက်တွဲဖြုတ်ကာ စိတ်ချလက်ချ ကျောခိုင်းထွက်ခွာသွားခဲ့လေပြီ။
ဗိုလ်မှူးကွယ်လွန်သွားပြီးနောက် ဗိုလ်မှူး၏ ဘဝအတ္ထုပ္ပတ္တိအကျဉ်းကို ပြန်လည်စောင်းငဲ့၍ ကျွန်တော် တွေးမြင်ကြည့်လိုက်မိသည်။
ဗိုလ်မှူးကို ၁၉၂ဝပြည့်နှစ်၊ ဧပြီလ ၁ရက်နေ့တွင် အဖ ဦးစံဖေ၊ အမိ ဒေါ်ဇော်တို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဦးတင်မောင် ဖြစ်သည်။
ရန်ကုန်စိန်ပေါ (ယခု အထက (၆) ဗိုလ်တထောင်) ကျောင်းမှ ၁ဝတန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ (ဥပဒေသိပ္ပံ အထက်တန်း) တက်ရောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာပင် ဘူမိဗေဒဘာသာရပ်ဖြင့် ဒုတိယနှစ် သင်တန်းသားအဖြစ် သင်ကြားနေဆဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာ၍ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)သို့ ဝင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် လည်းကောင်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီအိုင်အေ)တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၁၉၄၂ခုတွင် မင်္ဂလာဒုံရှိ ဗိုလ်သင်တန်း ပထမပတ်သို့ တက်ရောက်ပြီး၊ ၁၉၄၃ခုနှစ်တွင် ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်၊ ဂျပန်စစ်ပညာသင်ကျောင်းသို့ ဆက်လက်တက်ရောက်ခဲ့ရသည်။ ယင်းနောက် ဗမာ့တပ်မတော်တွင် ဆက်လက်အမှုထမ်းခဲ့ရာ ၁၉၅၁ခုနှစ်တွင် ဗိုလ်သင်တန်း ကျောင်းအုပ်ကြီးအဖြစ် အမှုထမ်းခဲ့ရပြီး၊ ၁၉၅၂ခုတွင် အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ စစ်သံမှူးအဖြစ် ၄နှစ်ခန့် သွားရောက် အမှုထမ်းခဲ့ရသည်။
တစ်ဖန် မြန်မာနိုင်ငံသို့ ၁၉၅၅ခုနှစ်တွင် ပြန်လည်ရောက်ရှိလာသောအခါ တပ်မဟာ (၇) မြစ်ကြီးနား၊ တပ်မဟာ (၃) ဘားအံ၊ တပ်မဟာ (၉) ကျိုင်းတုံ၊ တပ်မဟာ (၁၂) မအူပင်တို့တွင် တပ်မဟာမှူးအဖြစ် တာဝန်ထမ်းခဲ့သည်။
၁၉၆၀ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရက စည်သူဘွဲ့ချီးမြှင့်ပေးအပ်သည်။ ၁၉၆၁ခုတွင် ဗိုလ်မှူးကြီးအဆင့်မြင့် တပ်မဟာမှူး၊ တပ်မဟာ (၁၂) တပ်မင်းအဖြစ်မှ အငြိမ်းစားယူခဲ့သည်။
အငြိမ်းစားယူပြီးနောက် တောင်ကြီးမြို့တွင်နေကာ စာရေးခြင်း၊ စာဖတ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ပန်းချီဆွဲခြင်းတို့ဖြင့် မွေ့လျော်နေရာက စာပေလောကသို့ တစ်စတစ်စ အခြေချလာခဲ့သည်။ ထို့နောက် စာပေလောကသို့ ‘မြတ်ထန’် ကလောင် အမည်ခံ၍ ဝင်ရောက်ခဲ့သည်။
လူသတ်ရဲတိုင်း၊ အသေခံရဲတိုင်း သတ္တိမခေါ်နိုင်သကဲ့သို့ မိမိစွဲလမ်းတပ်မက်သူတစ်ဦး၏ အချစ်ကို အနိုင့်အထက် လုယက်တိုက်ခိုက်ရယူခြင်းကို သတ္တိဟု မခေါ်ထိုက်၊ သတ္တိဟူသည်မှာ မွန်မြတ်သော ကိုယ်ကျိုးမငဲ့သော စစ်မှန်သော၊ သန့်စင်သော အကျင့်အကြံသာလျှင် ဖြစ်ထိုက်သည်။ မည်သို့ မွန်မြတ်ရမည်၊ မည်သို့ ကိုယ်ကျိုး မငဲ့ရမည်၊ မည်သို့ စစ်မှန်ရမည်၊ မည်သို့ သန့်စင်ရမည်တို့ကို ဗမာ့တပ်မတော်ဆေးတပ်မှ ဆရာဝန် ဗိုလ်ကြီးသက်မွန်နှင့် ခင်ခင်လေးတို့အား မဏ္ဍိုင်ပြု၍ ဇာတ်အိမ်ဖွဲ့ကာ သားသမီးကောင်း၊ ယောက်ျားကောင်း၊ ဆေးဝန်ထမ်းကောင်းပီသသည့် အမျိုးသားနှင့် လိမ္မာရေးခြားရှိ၍ သစ္စာရှိ မိန်းမကောင်းပီသသော အမျိုးသမီးတို့၏ စစ်မှန်သောမေတ္တာကို ရေးဖွဲ့ထားသည်။ ‘နှောင်းတမြေ့မြေ့’ ဝတ္ထုရှည်ဖြင့် ၁၉၆၉ခုနှစ်အတွက် စာပေဗိမာန်စာမူ ဝတ္ထုရှည် ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထိုစာမူကို ၁၉၇ဝပြည့်နှစ်တွင် စာအုပ်အဖြစ် စာပေဗိမာန်အဖွဲ့က ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထိုအချိန်မှစ၍ မြတ်ထန် ကလောင်အမည်သည် စာပေလောက၌ ထင်ရှားကျော်ကြားလာခဲ့သည်။
သို့သော် ဗိုလ်မှူး၏ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်စာမူမှာ ၁၉၃၉ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝက ရေးခဲ့သော ဝတ္ထုတိုဖြစ်သည်။ အဆိုပါ ဝတ္ထုတို့ကို ဒီးဒုတ် ဂျာနယ်တွင် ဖော်ပြခံရသည်။ တပ်မတော်သားဘဝ တစ်လျှောက်တွင်လည်း ဆောင်းပါး၊ ဝတ္ထု၊ စာတိုပေစများ အခါအားလျော်စွာ ရေးခဲ့သေးသည်။
မြတ်ထန်ကလောင်အမည်ဖြင့် ရေးသားခဲ့သော ဗိုလ်မှူး၏ ဝတ္ထုများမှာ
(၁) နှောင်းတမြေ့မြေ့ (၁၉၇၀)
(၂) မုန်းသည် ပြုံးသည် ချစ်ရပါသည် (၁၉၇၀)
(၃) နှောင်ကြိုးငယ် ငင်သောကြောင့် (၁၉၇၂) (၁၉၇၇)
(၄) ကြင်နာပါတယ် မောင့်ကို (၁၉၇၂)
(၅) သူတို့ဘဝ၊ သူတို့ရဲ့ အလှ (၁၉၇၂)
(၆) ဘဝဇာတ်ကြောင်း နှင်ပါလေဦး (၁၉၇၃)
(၇) မမကေသီ (၁၉၇၃)
(၈) မေတ္တာစမ်းနှင့် ပန်းအကြွေ (၁၉၇၃)
(၉) ပြန်မပြောချင်သော ဇာတ်လမ်းတစ်ပုဒ် (၁၉၇၄)
(၁၀) မမွှေးသောပန်း (၁၉၇၅)
(၁၁) ချစ်သောမမ (၁၉၇၅)
(၁၂) မောင်နဲ့သာဆိုရင် (၁၉၇၅)
(၁၃) လှိုင်းပုတ်သံ (၁၉၇၆)
(၁၄) သွေမဖယ် ရွှေနွယ်ရိုးရယ် (၁၉၇၇)
(၁၅) စပယ်ဖြူ ပန်သူနှင့်လေး (၁၉၇၈)
(၁၆) တောင်ပြာတန်းမှာ ပွင့်သောပန်း (၁၉၇၈)
(၁၇) ပြုံးလဲ့ (၁၉၇၈)
(၁၈) မျှော်ရပါသော်ကော မြသီတာ (၁၉၇၉)
(၁၉) လွမ်းတေးကိုသာ သီပါလေတော့ (၁၉၇၉)
(၂၀) ကြင်နာပါတယ် မောင့်ကို (၁၉၇၉)
(၂၁) နှင်းတွေဝေတုန်းက (၁၉၇၉) (ဗညားအောင် အမည်ဖြင့်)
(၂၂) သုံးတောင်ပြည့် ခန်းသာလယ်မှာ (၁၉၈၀)
(၂၃) ခွန်ဆျန် (၁၉၈၀)
(၂၄) အိပ်မက်ကမ္ဘာသို့ တစ်ခေါက် (၁၉၈၀)
(၂၅) အိပ်မက်ထဲက ကိုယ့်ချစ်သူ (၁၉၈၁)
(၂၆) မောင်မောင့်ကို အချစ်ဆုံး (၁၉၈၁)
(၂၇) မပန်းပွင့် (၁၉၈၁)
(၂၈) ဟိုကောင်မလေး ညိုတိုတို (၁၉၈၂)
(၂၉) ပေးအပ်ခြင်းသည်သာ (၁၉၈၂)
(၃၀) ချစ်ရလွန်းသူတစ်ယောက် (၁၉၈၃)
(၃၁) အိုဘယ့်စစ်သည်အိုနှင့် အခြားဝတ္ထုတိုများ (၁၉၈၃)
(၃၂) ပန်းနီနီကိုမှ ပန်ခဲ့သူ (၁၉၈၄)
(၃၃) မုန်းရသူမို့ ချစ်ရပါသည် (၁၉၈၄) စသည်တို့ ဖြစ်သည်။
ဗိုလ်မှူးကြီး (ဟောင်း) တင်မောင် အမည်ဖြင့် ရေးသားခဲ့သော စာအုပ်များမှာ –
(၁) ဂျပန်ခတ် စစ်ပညာတော်သင်တစ်ဦး (၁၉၇၁) (၁၉၇၃)
(၂) တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် (၁၉၇၃) (၁၉၇၅) (၁၉၈၇) (၁၉၉၉)
(၃) မုန်တိုင်းလွန်သော် (၁၉၇၄) စသည်တို့ ဖြစ်သည်။
မြတ်ထန်အမည်ခံ ဗိုလ်မှူးကြီးဟောင်း တင်မောင်သည် ၁၉၇၅ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)ကို ရရှိခဲ့ပြီး၊ ၁၉၈၆ခုနှစ်တွင် နိုင်ငံတော်ကောင်စီက အပ်နှင်းသော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)ကို ရရှိခဲ့သည်။
ဗိုလ်မှူးသည် (အသက် ၆ဝကျော်မှ အချစ်ဝတ္ထု၊ အိမ်ထောင်ရေးနောက်ခံဝတ္ထု၊ ဘဝအမောဝတ္ထု၊ အချစ်အလွမ်းနှင့် စွန့်စားခန်းဝတ္ထုများကို နုနုလှလှ ရွရွကြွကြွရေးနိုင်ခဲ့သလို၊ သမိုင်းနောက်ခံဖြစ်ရပ်မှန်၊ ဘဝတစ်ကွေ့မှတ်တမ်းများကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်လေသည်။

မည်သို့ဆိုစေ လူငယ်လူရွယ်တို့၏ သဘောသဘာဝကို နားလည်စာနာတတ်သည့် စိတ်သဘောထားဖြူစင်သော၊ တိုင်းပြည်အကျိုးကို တစ်ထောင့်တစ်နေရာမှ ဆောင်ရွက်ခဲ့သော ဗိုလ်မှူးသည် တမလွန်ဘဝ၌ လည်းကောင်း၊ မြတ်သောတစ်နေရာ၌ ချမ်းမြေ့စွာ နားခိုနေမည်မှာ မလွဲပင်။ ဗိုလ်မှူး၏ ချစ်စရာကောင်းသော အပြုအမူလေးကို ကျွန်တော်သည် အချိန်၏တိုက်စားမှုကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော့်ဦးနှောက်က မေ့ပျောက်သွားသည့်တိုင် ကျွန်တော့်နှလုံးသား၌ အစဉ်ထာဝရ ‘နှောင်းတမြေ့မြေ့’ သတိတရ အမှတ်ရနေမိမှာ အမှန်ပင် ဖြစ်ပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts