အောင်မော်ဦး – “မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ”
(မိုးမခ) မတ် ၂၈၊ ၂၀၁၇
မြန်မာ့အရေးနဲ့ပတ်သက်လို့ ဝေဖန်ရေးဆောင်းပါးရေးတဲ့ အမေရိကန်သံအမတ်ဟောင်း Derek Mitchell ကို(အမှန်နဲ့အမှား နှစ်ခုထဲကိုပဲသိကြတယ်ဆိုတဲ့ မြန်မာတွေကိုယ်စား) အားနာနေမိပါတယ်။
တဘက်က “ပုဒ်မ ၆၆(ဃ)” နဲ့ ပိတ်ထားသလို၊ အခြားတဘက်က “ပေါ်ပြူလာ ဖြစ်ချင်စိတ်နဲ့ဝေဖန်နေကြတာဖြစ်တယ်” ဆိုတဲ့ အစိုးရရဲ့ တန်ပြန်စွပ်စွဲမှုကြောင့် လူတွေရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ဟာ ခြိမ်းခြောက်ခံနေရပါပြီ။
လက်ပံတောင်းဟာ ထပ်တခါ အကြမ်းဖက်မှုနဲ့ ကြုံခဲ့ရပြန်ပါပြီ။ ရော်ဘာကျည်နဲ့ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေအတွက် ဘယ်လိုလျော်ကြေးမျိုး ရသင့်တယ်ဆိုတာကို တောင်းဆိုရမယ်မှန်း သူတို့မသိကြရှာပါဘူး။ သူတို့အခွင့်အရေးကို တောင်းဆိုပေးမယ့်၊ သူတို့မြေကို အကာအကွယ်ပေးမယ့် လူမှု အဖွဲ့အစည်းတွေနည်းပါးတာကြောင့် ကျောက်ထုတ်ယူခွင့်ပိတ်လိုက်တယ်ဆိုတဲ့ ချွေးသိပ်မှုနဲ့တင် မှောက်ထားတဲ့သပိတ်ကို လှန်ပစ်နိုင်ခဲ့ပါတယ်။ ဘာ အရေးယူမှုမှ မရှိတဲ့ ဒီလိုဖြေရှင်းမှုဟာ ဒီ့ထက်ကြီးတဲ့ အကြမ်းဖက်မှုတွေလုပ်မယ်ဆိုရင် လုပ်လို့ ရနိုင်တယ်လို့ ခွင့်ပြုထားသလိုလည်း ဖြစ်နေခဲ့တယ်ဆိုတာကို တာဝန်ရှိသူတွေ သတိပြုမိပုံမရပါဘူး။
ခေတ်အဆက်ဆက် ရှေ့တန်းက တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံ ရေးသမားတွေရဲ့ မိသားစုဝင်တွေအနေနဲ့ကတော့ ဒီလိုနိုင်ငံရေး မိုးသားမျိုးနဲ့သာ ဆိုရင် ထောင်ဝင်စာတောင် ကြိုပြင်ထားကြရတော့မယ့်ပုံပါပဲလို့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်တချို့ က ဆိုကြပါတယ်။
သင်္ကြန်သံချပ်တွေကို စိစစ်ရေးတင်ရမယ်ဆိုတဲ့အမိန့်ထုတ်ပြန်ချက်က အကူတိုက်စစ်မှူးတွေဖြစ်ကြတဲ့ ကဗျာဆရာတွေနဲ့ ကာတွန်းဆရာတွေအဖို့ ထောင်နှုတ်ခမ်းဟာ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုများဖြစ်ရလေဦး မလားဆိုပြီး စိုးရိမ်သူတွေရှိလာနေတာကိုလည်း တွေ့လာရပါတယ်။
“Opposing oppressive state power and running a government are two vastly different skills.” ဆိုတဲ့စကားနဲ့ အစချီလို့ ဒဲရက်မစ်ချယ်က တနှစ်သား အစိုးရရဲ့ တနှစ်သားကလေးငယ်လို လမ်းလျှောက်နေပုံကို (သူပုန်နဲ့ အစိုးရ မကွဲပုံကို) ဝေဝေဆာဆာ ဝေဖန်ထောက်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာအပေါ် ငြင်းပယ်တာထက် တနည်းတဖုံ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားတာက ပိုပြီး အစိုးရပီသရာရောက်မှာပါ။ ပြည်တွင်းရေးထက်ကျော်လွန်လို့ အပြည်ပြည်ဆိုင်ရာ အရေးကိစ္စအဆင့်ကို ရောက်သွားပြီဆိုတဲ့အချက်ကို လက်သင့်ခံပါမှ အနောက်ကမ္ဘာနဲ့ သံခင်းတမန်ခင်း ခြေခင်းဆန့်နိုင်မှာပါ။
ကောင်းအောင်ပြောင်းနေပါတယ်လို့ပြောနေပေမယ့်လည်း အစိုးရစီမံခန့်ခွဲမှုအားလုံးရဲ့ ဘေးထွက်ဆိုးကျိုးမှန်သမျှကိုတော့ ပြည်သူလူထုဟာ လက်တွေ့ကျကျကို ခံစား နေကြ ရပါပြီ။ ဘတ်စ်ကားမှအစ ကြောင်ရေချိုးတာအဆုံးလို့ပြောရမှာပါ။ လက်လုပ်လက်စား လူတန်းစားရဲ့ညည်းညူသံတွေနဲ့ ပညာတတ်အလွှာရဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုတွေ ဟာ တိုင်းပြည်ရဲ့စတုထ္ထမဏ္ဍိုင်မှာ ပဲ့တင်ထပ်လို့နေပါပြီ။
သူတို့နယ်မြေဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာကိုခံနေရတဲ့ တိုင်းရင်းသားတွေနဲ့ နီးစပ်သူတွေက တကယ်လို့ အစိုးရကသာ တပ်မတော်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ခိုင်းနိုင်ရင် ငြိမ်းချမ်းရေးဟာ ရောင်နီသန်းပါပြီလို့ ဆိုကြပါတယ်။ စစ်ပွဲတွေ ဒီနေ့ရပ်ရင် မနက်ဖြန်မှာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်နိုင်ကြပြီလို့လည်း သူတို့က ယုံကြည်နေကြပါတယ်။
အမှန်တကယ်က အစိုးရအနေနဲ့လုပ်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်က (၃) ရပ်ပဲရှိတာပါ။ တော်လှန်ရေးနည်းနဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲရေးဟာ ခုချက်ချင်းလုပ်ရမယ့် (ပထမ) လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လုံနဲ့ ဥပဒေပြင်ရေး လုပ်ငန်းစဉ်နှစ်ခုကတော့ အချိန်ယူပြီးလုပ်ရမယ့် ရေရှည်လုပ်ငန်းစဉ်တွေသာဖြစ်ပါ တယ်။
မြို့ကြီးပြကြီး ဖွံ့ဖြိုးရေးစီမံကိန်းတွေ အလွဲလွဲအချော်ချော်ဖြစ်နေတာက တဘက်၊ ဥပဒေမဲ့ အကြမ်းဖက် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်နေတာတွေက တဘက်နဲ့ အုတ်အော်သောင်းသဲ ဖြစ်နေတာတွေကလွဲရင် ဘယ်ဘက်မှာ တိမ်းညွတ်မှုကဲနေမှန်း မသိရတဲ့အစိုးရဟာ သူလုပ်ရမယ့် တကဲ့အလုပ် (၃) ခုကို မယ်မယ်ရရ မလုပ်ရသေးပါ ဘူး။
လွှတ်တော်ရဲ့ပထမဦးစားပေးဟာဘာလဲ၊ အစိုးရရဲ့ ပထမဦးစားပေးဟာဘာလဲ။ ဘယ်သူမှမသိရပါဘူး။ ဘာသာရပ်တိုင်းအရေးကြီးတာမှန်ပေမယ့် ဆယ်တန်းကလေး တွေ တဘာသာပြီးမှတဘာသာဖြေသလို ကျနော်တို့အစိုးရလည်း တခုပြီးမှ တခုလုပ်ရင် ခုလောက်ဆို သင်္ကြန်ကဲဖို့တောင် (အမိုးဖွင့် ဂျစ်ကားလေးငှားပြီး) ရယ်ဒီ ဖြစ်နေလောက်ပါပြီ။
တော်လှန်ရေးရဲ့ အသီးအပွင့်တွေကို ပြည်သူတွေ တကယ်ပဲ ရိတ်သိမ်းခွင့်ရခဲ့ကြ ပီလား။ တော်လှန်ရေးကရော ပြီးသွားပြီလား။
အောင်မော်ဦး
မတ်၊ ၂၆၊ ၂၀၁၇။