ရသဆောင်းပါးစုံ သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဘယ်သူတွေ ရင်ကြားစေ့ရမှာလဲ

ဦးညီညီဦး- နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအောင်နိုင်ရေး၊ ကော့မှူးမြို့နယ်
ငြိမ်းချမ်းအေး – ဘယ်သူတွေ ရင်ကြားစေ့ရမှာလဲ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၅
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အတိတ်ကို မတူးဆွရေး၊ အနာဟောင်းတွေ မဖော်ထုတ်ရေး အသံတွေညံနေချိန်မှာပဲ သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ထဲမှာ လူငယ်ဘဝ တခုလုံး အနှစ်နှစ်ဆယ် ကျော် ဖြတ်သန်း ခဲ့ရတဲ့ ဦးညီညီဦးဆုံးတဲ့သတင်း ဒီမနက်ကြားရတယ်။  သူဟာ NLD ပါတီဝင်ထဲမှာ ထောင်သက် အရှည်ဆုံးလို့ ပြောလို့ရ တယ်။

ထောင်နှစ်ရှည် အညတရ နိုင်ငံရေးအကျဉ်းသမားဟောင်းတွေ၊ တော်လှန်ရေးသမားတွေ အသက် မရှည်နိုင်ဘူး ဆိုတာ ရှေ့မှာ သာဓက များစွာ ရှိခဲ့ပေမဲ့ စိတ်မကောင်းဖြစ်ရမှုကို မတားဆီးနိုင်ဘူး။

ဦးညီညီဦး နဲ့တွေ့ဆုံး စကားပြောဖြစ်ခဲ့ပြီး သူ့အကြောင်းတွေ သူကိုယ်တိုင်ရေးဖို့၊ မိုးမခ မှာ မှတ်တမ်းပြုဖို့ ကြိုးစားခဲ့ပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့အနေနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုပဲ ကော့မှူး ခရီးစဉ် ထွက်သွားလို့ ထပ် မတွေ့ဖြစ်ခဲ့ဘူး။  ရွေးကောက်ပွဲ ပြီးချိန်လည်း အေးအေးဆေးဆေး နားပါစေဦး ဆိုပြီး သွား မတွေ့ဖြစ်ခဲ့ဘူး။  အခုတော့ နောင်တရမိတယ်။

ကျနော်တို့က အခု ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေတဲ့ ဒီလှိုင်း၊ ဒီအရွေ့ကို အသာခိုစီးနိုင်ပါတယ်။  နိုင်ငံရပ်ခြားမှာ သာသာယာ ယာနေနိုင်တယ်၊ နိုင်ငံခြား ချောင်းပေါက်မတတ်သွားရတဲ့ အခွင့်အရေးတွေကို ယူနိုင်တယ်၊ ဟိုတယ် အအေးခန်း ဆွေးနွေးပွဲတွေမှာ ချွေးမထွက်ဘဲ နိုင်ငံအတွက်ဆိုပြီး ပါးစပ်နဲ့ မဆန့်တဲ့ စကားကြီး စကားကျယ်တွေ ပြောနိုင်တယ်၊ အရှက်သာမရှိရင် လူအထင်ကြီးခံရအောင် နေခွင့်သာတယ်။  လူပြိန်းကြိုက်တွေ အတွင်တွင် ရေးနိုင်၊ ပြောနိုင်တယ်။  လုပ်စားခွင့်သာပါတယ်။  တော်လှန်ရေးဆိုပြီး အများကြိုက် လှိုင်းစီး၊ ဘီယာသောက် အချောင်ခို နိုင်ခွင့် ရှိပါတယ်။

ဒါပေမယ့် ဒီမိုကရေစီခရီးကြမ်းမှာ စတေးခဲ့ရသူ လူသာမန် အများစုဘဝတွေက ဒီလိုမဟုတ်ပါဘူး။  ဟိုတပတ်က တော်လှန် ရေးသမား ကဗျာဆရာ ကမာပုလဲ ဆုံးတယ်။  လူချင်းမရင်းပေမဲ့ ယုံကြည်ချက်တူသူချင်း အွန်လိုင်း ခင်ခဲ့တယ်။  မိုးမခ ပုံနှိပ်ထုတ်ချိန်မှာ ကမာပုလဲရဲ့ ကဗျာစခန်းရပ်ချိန်ဖြစ်လို့ ထည့်ခွင့် အများကြီးမရလို့ ဆုံးချိန်ကျမှသာ ရှက်ရွံ့အားနာစွာနဲ့ အမှတ်တရ လုပ်ခဲ့ရတယ်။

လူမသိ၊ သူမသိ ကျဆုံးခဲ့ရတဲ့ ကျနော်တို့ရဲ့ နောင်တော်တွေ..၊ ဘယ်တော့မှ မမေ့ စကောင်းဘူး။  စစ်ကြောရေးစခန်းတွေ၊ ချစ်ခင်သူတွေနဲ့ ရှင်ကွဲ သေကွဲ ဖြစ်ရတဲ့ သွေးမျက်ရည် အပြည့်နဲ့ နာလှတဲ့ ဇာတ်တွေကို ရင်ဘတ်ကြီးနဲ့ ခံစားနေရတော့ မယုံကြည်တာ မရေး၊ မပြော တကိုယ်ရေ နိုင်ငံရေး သီလနဲ့ နေခြင်းဆိုတာတခုတည်းနဲ့ ကြိုးစား လိပ်ပြာ သန့် နေရတယ်။  တကယ်တော့ ဒီလိပ်ပြာ ဘယ်သန့်နိုင်ပါ့မလဲ..။

နိုင်ငံရေးဆိုတာ ခံစားမှု မပါရဘူးတဲ့။  ဟုတ်သလိုလိုပါပဲ။  လူအများ ခံစားနေရတဲ့ အနာတွေကို မျှဝေ မခံစား၊ တနိုင် အသံမထွက်ရင် ဘယ်လို လူထု နိုင်ငံရေး ဖြစ်တော့မလဲ။  လူတစုအတွက်၊ ဘိန်းဘုရင်တွေအတွက်၊ ငွေကြေး အမြတ် ထုတ်သူတွေအတွက်၊ လိင် အလုပ်သမလေးတွေ အပေါ် ခေါင်းပုံ ဖြတ်နေတဲ့ အအေးခန်းထဲက ဖာခေါင်းတွေ အတွက်၊ သူခိုး ဓားပြအကြီစားတွေ အတွက် နိုင်ငံရေး၊ ပြောင်းလဲရေး ပဲ ဖြစ်တော့မပေါ့။

ရင်ကြားစေ့ရေးဆိုတာ ကောင်းပါတယ်။  ဘယ်သူတွေ ရင်ကြားစေ့ရမှာလဲ ဆိုတာကို အခြေခံကျကျ တွေးနိုင်ရင် ပိုကောင်းပါ တယ်။

ရင်ကြားစေ့ရေးဆိုတာ အာဏာ နှစ်ငါးဆယ်ကျော် လက်ကိုင်ယူထားတဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါ၊ သားမြေး လူတစု နဲ့ ဒီမိုကရေစီ အင်အားစု (ဆိုတဲ့) နိုင်ငံရေး သမားများ အာဏာ လုနေခြင်း သက်သက် မဟုတ်ပါ။  အာဏာ လုပ်ပိုင်ခွင့် ယူထားသူ နဲ့ အပေါင်းအပါ လူတစု က တိုင်းပြည် ကို ကုတ် (ဂုတ်) ခွစီးရင်း ထင်တိုင်းကြဲကာ အရင်းအမြစ် အားလုံး သွေးစုပ် နေခြင်း ရလဒ် စီးပွား၊ ဥစ္စာ၊ ဓန အရာရာ အလျှံပယ် ဖြစ်နေတဲ့ လူတစု ရှိသူများ (Haves) နဲ့ အစစ အရာရာ မဲ့ နေတဲ့ မရှိသူ လူအများ (Have Nots) ကွာခြားချက် ကြီးမား နေခြင်း ရင်ကြားကို စေ့ရမှာသာ ဖြစ်ပါတယ်။

ဘယ်အစိုးရ အမည်နဲ့ တက်တက် ဒီ ကွာဟ နေတဲ့ လူတန်းစား နှစ်ခု၊ အခြေအနေ နှစ်ခု ကွာဟချက် နည်းအောင်၊ “ရင်ကြားစေ့အောင်” အခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ပညာ ကျန်းမာ ဝါဒ ပေါ်လစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ကို တိုက်ပွဲဝင် တောင်းဆိုရမှာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ မူလဘူတ အကြောင်းရင်းခံဟာ တရားမျှတမှုသာ ဖြစ်ပါတယ်။  ဒါကိုပဲ အခြေခံရပါမယ်။  လူမှု တရားမျှတမှု ရှိရပါမယ်။  တရားဥပဒေကြောင်းအရ တရားမျှတမှု ရှိရပါမယ်။  စီးပွားရေးရာ တရားမျှတမှု ရှိရပါမယ်။  နိုင်ငံရေးအရ တရားမျှတမှု ရှိရပါမယ်။

တရားမှုကို အခြေမခံရင် ဘယ်အရာမှ အများအတွက် ရေရှည် အကျိုးမဖြစ်ထွန်းနိုင်ပါ။

အမှန်တကယ် လူထု လူတန်းစား အသီးသီးအတွက် အပြောင်းအလဲကို ဧကန်လိုချင်ရင်  ခါးသီးတဲ့ အတိတ်သမိုင်းကို ဆင်ခြင် သုံးသပ် အမှား ဝန်ခံ၊ အမှန် ပြင်ရုံမှ အပ အခြား မရှိပါ။

ဒါဟာ လက်စားချေရေး၊ အပြစ်ပေးရေး ကို ဇောင်းပြုခြင်း မဟုတ်ပါ။  သင်ပုန်းချေရေး၊ ခွင့်လွှတ်ရေး၊ ကျေအေးရေး တကယ် ဖော်ဆောင်ချင်ရင် သွေးစွန်းညစ်ထေးတဲ့ နောက်ခံသမိုင်းကို ဗဟိုပြု ဆွေးနွေး၊ သုံးသပ်၊ အဖြေရှာမှသာ ဖြစ်နိုင်မယ် ဆိုတာကို ထောက်ပြခြင်းပါ။

အနည်ဆုံးတော့ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ၂၀၀၈ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ချုပ်ကိုင်မှုနဲ့ လက်စားချေ ဖို့၊ တရားရုံးတင်ဖို့၊ အပြစ်ပေးဖို့ အခွင့်အရေး မရှိ၊ မသာဘူးဆိုတာကိုတော့ အနေအစားချောင်နေသူ လူလတ်တန်းစား ပညာတတ်ဆိုသူများနဲ့ လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ် ကို ခေတ်အဆက်ဆက် မျို့ဆို့ခွင့်ရတဲ့ လူ့မလိုင်များ အသိကပ် စေချင်ပါတယ်။

မတရားမှုကို မပြောနိုင် မဆိုနိုင် မပြောဝံ့ မဆိုဝံ့ ရင်တောင် တရားမှု ရှာလိုသူတွေကို အပြစ်မတင်ကြပါနဲ့။  တရားမျှတမှုကို အခြေမခံရင် ဒီမိုကရေစီ မဟုတ်ပါ။

ရန်သူကို မိတ်ဆွေဖွဲ့ပါ။  ဒါပေမဲ့ ရန်သူအကြောင်းနောက်ခံသမိုင်းနဲ့ ရှေ့လားရာကိုတော့ ကွယ်ဝှက်နောက်ပို့ အသံတွေ တိတ်မနေချင်ကြပါနဲ့၊ အမြဲမပြတ် ဆွေးနွေး သုံးသပ် အသံတွေ ထွက်ကြပါ။  ခင်ဗျားတို့ ကြောက်လှတဲ့ နောက်ပြန်လှည့်ရေးဆိုတာကို ခင်ဗျားတို့ ကိုယ်တိုင် လမ်းပေါ်ထွက် တောင်းဆိုဦး ဒီအရွေ့၊ ဒီလမ်းကြောင်း၊ ဒီလမ်း၊ ဒီစခန်းက နောက်ပြန်မှာ မဟုတ်ပါ။  ဒီမိုကရေစီ လက်နက်နဲ့ လုပ်စားရတာဟာ ကျည်ဆန်လက်နက်တဲ့ ပိုကောင်းကြောင်းကို အာဏာရှင်၊ မြေရှင်၊ စီးပွားဥစ္စာရှင် လူတစု ကျကျနန သိနေ၊ အသုံးချ နေတာ အစိုးရသက်တမ်းတခုတောင် ကုန်ပါပြီ..။

လူထု မျက်ရည်ပေါက်ကြီးငယ်ဟာ လူတစု အလျှော့အတင်း၊ အပေးအယူ လုပ်ရုံနဲ့ ပျောက်မသွားဘူး၊ ရပ်မသွားဘူးဆိုတာကို နားလည်လက်ခံ အမြင်ရှင်းစေချင်ကြောင်းပါ။

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၂၊ ၂၀၁၅
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် – nyeinchan81@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts