ကဗျာ

ဒီလူည – တန်းဆင်းဇုန်ထဲက ကဗျာ

 ဒီလူည – တန်းဆင်းဇုန်ထဲက ကဗျာ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

အညှော်ခံနေရတဲ့မျက်နှာပြင်ကြီးပေါ်
အသားကိုတောင်းနေတဲ့ အရေးထဲ
အကြောင်းပါသွားတဲ့ အေးစက်စက်ဟင်းတစ်ခွက်
ဖန်သားပြင်ပေါ်ညှိုးရော်ကျနေတဲ့ စပါးပင်တွေလို
ခပ်ဝေးဝေးက ငေးကြည့်နေတဲ့တောင်တန်းတွေ
အဆီအငေါ်မတည့်တဲ့ တမနက်စာက
တဘဝစာ သေရာပါသွားတဲ့အမာရွတ်လို
အဖြစ်ထဲ အပျက်ကြီးဝင်သွားတယ်
ရွေ့ကြည့်တယ်
ကုန်သွားတဲ့ တနင်္ဂနွေကိုရွေ့သလို
ရွေ့ကြည့်တယ်
ပြဌာန်းချက်အတိုင်း တွက်နည်းချက်နည်း ပုံသေနည်းတွေလို
ပြန်ဆယ်လို့မရတော့တဲ့ အထည်ကြီးပျက်
အခန်းဆက်တွေ
သွားကြိုသွားကြားမှာကပ်ကျန်ခဲ့တဲ့
အသားဖတ်ကလေးကို တမြုံ့မြုံ့ဝါး
ထွေးမထုတ်နိုင်အောင်
ကိုယ့်တေးကို ကိုယ် ရွပ်ရွပ်ချွံချွံဆိုပြီး
နေလောင်ဒဏ်ကို မျှားယူနေရဲ့။    ။

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts