စာစုတို

ခင်စန်းမေ – မိန်းမဖမ်းကားများရှိသည် သတိ

ခင်စန်းမေ – မိန်းမဖမ်းကားများရှိသည် သတိ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

အချန်က နံနက် (၄) နာရီ စွန်းကာစ။
နေရာက လမ်းမတော် (၅) လမ်း၊ ကမ်းနားလမ်းဘက်။

မခင်မေသည် နေထိုင်ရာ ၄ လမ်းမှ သုတ်သုတ်ထွက်ခဲ့၏။ လက်နှစ်ဘက်တွင် ခရီးသွား အိတ်နှစ်လုံးကိုဆွဲလျှက် ညဥ့်နက် လည်းမဟုတ်၊ လင်းရောင်ခြည်လည်း မလာသေး။ ၁၃ လမ်း ကားဂိတ်သို့ သွားရန်ဖြစ်သည်။

ကမ်းနားလမ်းတလျှောက် လျှပ်စစ်မီးရောင်များ လင်းနေသောလည်း အပြန့်ကျယ်သော အဆိုပါလမ်းတလျှောက် မှုန်ဝါးဝါး သာ ဖြစ်နေသည်။ လမ်းသွယ် လမ်းထိတ် မှောင်ရိပ်တွေထဲ ရပ်ထားသော ဆိုက္ကားများပေါ် မလှုပ်မယှက် အိပ်ပျော်နေသည့် ဆိုက္ကားနင်းသူများလည်း တွေ့ရ၏။

ရန်ကုန်မြို့တွင် နေထိုင်ဖူးခြင်းမရှိ၊ အကာလ ခရီးသွားဖူးခြင်းမရှိသည့် မခင်မေအဖို့ အမြင်ဆန်းနေသည်။ ကမ်းနားလမ်း တလျှောက် လူသူအနည်းငယ်သာပါသော ဘတ်စ်ကားတစီး ဖြတ်မောင်းသွားသည်။ ခြေလျင်လျှောက်သူမရှိ။ မှတ်တိုင်တွေ မှာ ကားစေင့်သူမရှိ။

မခင်မေတယောက် ခြေလှမ်းတွေ သုတ်သုတ်လှမ်းက ၁၃ လမ်းရောက်ဖို့ စိတ်စောနေသည်။ ကမ်းနားလမ်းဘက်ခြမ်းရပ် ထားသော ဆိုက္ကားက ကလိုင်တီးပြီး ဆိုက္ကားခေါ်နိုင်ကြောင်း အချက်ပြသည်။ မခင်မေ ဆိုက္ကားခ အကုန်မခံလို။ မျက်နှာချင်း ဆိုင်က လာနေသော အဖြူရောက် တက္ကစီတစီးက ငှားမည်လောဟု အချက်ပြပြန်ရာ မခင်မေ လက်ခါလိုက်သည်။

၁၃ လမ်းရောက်ရန် လိုသေးသည်။ မခင်မေ သွားရာလမ်းဘက်ကပ်ရပ်ထားသည့် အနက်ရောင် အိမ်စီးကားအမြင့်တစီး အနီးဖြတ်လျှောက်စဉ် ခပ်တိုးတိုး မေးလိုက်သံ ကြား၏။

ဘယ်သွားမလို့လဲ ….

ထိုအမေးကို ပြန်ဖြေဖို့မလို။ ဘာလို့များမေးရလဲဟု စိတ်ထဲ စနောင့်စနင်း ဖြစ်ရ၏။

ဤသို့ဖြင့် မော်တင်မရောက်တရောက်မှာ မျက်နှာချင်းဆိုင်က ဖြေးဖြေးသာမောင်းလာသော အိမ်စီးကားအနက်ရောင် နောက်တစီးပေါ်က မေးခွန်းသံ ထပ်ကြားရပြန်သည်။

ဘယ်သွားမလို့လဲ …

သည်အမေးက ပိုမိုသဲကွဲရှင်းလင်းသည်။

မခင်မေ၏စိတ်ထဲမှာလည်း ပိုမိုသဲကွဲသွားလေပြီ။ သူတို့တတွေ ဇိမ်ခံကားကောင်းကောင်းတွေစီးပြီး  ညဥ့်မဟုတ် နေ့မ ရောက်အချိန်မှာ အမျိုးသမီးတွေကို ထောင်ဖမ်းနေကြပါလားဟု ….။

ခင်စန်းမေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts