ရသဆောင်းပါးစုံ

ကျော်မောင် (တိုင်းတာရေး) – အပူမြန်မြန်လျော့စေချင် ရေခဲပိုထည့်ပါ

 ကျော်မောင် (တိုင်းတာရေး) – အပူမြန်မြန်လျော့စေချင် ရေခဲပိုထည့်ပါ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

(၁)
သင်တန်းတခုစတက်တဲ့နေ့ စစချင်းအချိန်မှာပဲ ဆရာဖြစ်သူက သင်တန်းသားတွေကို အုပ်စုဖွဲ့ခိုင်းလိုက်တယ်။ ငါးယောက် တဖွဲ့ပေါ့။ သင်တန်းသား နှစ်ဆယ်ရှိတော့ လေးဖွဲ့ဖြစ်သွားပါတယ်။ တဖွဲ့စီကို စာရွက်ကြီးကြီး နှစ်ရွက်ရယ်၊ ကတ်ကြေး တလက်ရယ်၊ ကော်ဗူးတဗူးရယ်၊ စာရွက်ဖြတ်ဓားတချောင်းရယ်၊ တစ်ပေရှိတဲ့ ပလတ်စတစ်ပေတံ တချောင်းစီရယ် ပေးပါ တယ်။ ပြီးတဲ့အခါ သူက ဒီလိုပြောပါတယ်။ အဲဒီ ပေးထားတဲ့ ကိရိယာတွေကို အသုံးပြုမယ်။ ခဲတံဖြစ်ဖြစ် ဘောလ်ပင်ဖြစ်ဖြစ်က ကိုယ်ပိုင်ပစ္စည်းကို သုံးနိုင်တယ်။ သူလိုချင်တာ စက္ကူတံတား။

အဖွဲ့တဖွဲ့ရဲ့ စက္ကူတံတားသည် တခြားတဖွဲ့ဆောက်တဲ့ တံတားထက် ၁) ရှည်လည်း ရှည်ရမယ်၊ ၂) မြင့်လည်း မြင့်ရမယ်၊ ၃) ခိုင်လည်း ခိုင်ရမယ်၊ ၄) ကျယ်လည်း ကျယ်ရမယ်ဆိုပြီး ပြောပါတယ်။ ဒါက လုပ်ရမယ့်အပိုင်းအတွက်ဖြစ်ပြီး နောက်တခု သူလိုချင်တာက မြန်မြန်လည်း တည်ဆောက်ပြီးစီးနိုင်ရမယ်ဆိုတာပါပဲ။ ရှေ့က လေးချက်နဲ့ပေါင်းလိုက်ရင် ငါးချက်ပေါ့။ ဒီ ငါးချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်တဲ့ အဖွဲ့ဖြစ်အောင် ကဲစပေတော့ဆိုပြီး စက္ကူတံတားတည်ဆောက်ခြင်းလုပ်ငန်းကို စတင်ခိုင်းပါတော့တယ်။

ပြောရရင် အဖွဲ့လေးဖွဲ့ကို ပြိုင်ခိုင်းတာပါပဲ။ ပေးထားချက် ငါးခုစလုံးကို လုပ်နိုင်လား မလုပ်နိုင်လားဆိုတာ ကိုယ့်အဖွဲ့နဲ့ကိုယ် ဆုံးဖြတ်ကြ၊ ကိုယ့်အဖွဲ့ တည်ဆောက်တဲ့တံတားသည် အခြားအဖွဲ့ထက်သာရမယ်ဆိုတာ သတိပြုပြီး တံတားဆောက်ကြ ပါဆိုပြီး ပြောပါတယ်။

သင်တန်းသားတွေထဲမှာ လက်တွေ့ကိုယ်တိုင်ကိုယ်ကျ တံတားဆောက်တတ်တဲ့ အင်ဂျင်နီယာတယောက်မှ မပါတဲ့အတွက် ပြိုင်ပွဲဟာ သင့်တင့်မျှတတဲ့ အခြေအနေပါပဲ။ ကိုယ့်အဖွဲ့နဲ့ကိုယ် တံတားမဆောက်ခင် ဘယ်လိုပုံစံဆောက်ကြမလည်း ဆို တာကို ဆုံးဖြတ်တာကလည်း အချေအတင်ပါပဲ။ အတိုချုပ်ပြောရရင် ဆရာပေးထားတဲ့ အချက် ငါးချက်လုံးကို ပြည့်စုံအောင် ဆောင်ရွက်နိုင်တဲ့ အဖွဲ့ တဖွဲ့မှ မရှိပါ။ ဒါပေမယ့် ငါးချက်မှာ သုံးချက်လောက် ပြည့်မီအောင် လုပ်နိုင်ကြတာချည်း ဖြစ်ပါတယ်။ ငယ်စဉ် သချာင်္တွက်စဉ်က ပေးချက်၊ မေးချက်၊ ဆုံးဖြတ်ချက်ဆိုတာတွေသုံးပြီး တွက်ချက်ခဲ့ရတာကို ပြန်လည် မြင်ယောင် မိပါတယ်။

(၂)
ကျောင်းတကျောင်းတက်တုန်းက ကြုံခဲ့ရတာလေးက ဒီလိုပါ။ အိမ်စာတခုကို လုပ်လာခိုင်းတဲ့အဖြစ်အပျက်တခုကို ပြန် လည်အမှတ်ရမိခြင်းပါ။ အိမ်ရောက်ရင် ကိုယ့်အိမ်မှာရှိတဲ့ လျှပ်စစ်သွယ်တန်းမှုတွေကို သေသေချာချာလိုက်ကြည့်ပြီး ပုံဆွဲ လာပါတဲ့။ အိမ်မှာလုပ်မှရမယ့် အိမ်စာအစစ်ပါပဲ။ အချိန်တပတ်ရပါတယ်။ ဆရာ့အချိန် နောက်တပတ်မရောက်မီ တရက် အလိုမှ အိမ်စာကိုသတိရ၊ မီတာကလာတဲ့ မီးကြိုးကစပြီး လျှပ်စစ်သွယ်တန်းမှုတွေကို ညဖက်ကြီး လိုက်ကြည့်လိုက်၊ ပုံကြမ်း လေးဆွဲလိုက်နဲ့၊ ညသန်းခေါင်မှ ပုံကြမ်းဆွဲပြီးပါတယ်။ မနက်ကျောင်းမသွားခင် ပုံချောပြန်ဆွဲတဲ့အခါ အဲဒီတုန်းက စာအုပ်ကို မျဉ်းကြောင်းမပါတဲ့ ပုံဆွဲစာအုပ်သုံးလေ့ရှိတော့ စာအုပ်အလည်တည့်တည့်က စာရွက်ကို ဆွဲဖြုတ်၊ ပြီးတော့မှ ခဲတံလေး ပေတံ လေးသုံးပြီး ပြန်ကူးဆွဲ၊ နာမည်တပ်၊ နေ့စွဲတပ်၊ စာအုပ်ကြားထဲ ပြန်ညှပ်၊ ဘေးလွယ်အိတ်ထဲထည့်။ ပြီးတာနဲ့ ကျောင်း ကို သုတ်ခြေတင်ပါတယ်။

ကျောင်းရောက်တော့ အနည်းငယ်စောပါသေးတယ်။ အဲဒီအချိန် အတန်းထဲ စူးစမ်းကြည့်မိတော့ သူငယ်ချင်းတချို့ အခုမှ အပြေးအလွှားနဲ့ ပုံတွေဆွဲနေကြတာတွေ့ပါတယ်။ မိန်းကလေးတယောက်ဆိုရင် စာရွက်ခပ်ကြီးကြီးမှာကို ပိုင်ပိုင်နိုင်နိုင် ဆွဲနေတာတွေ့ပါတယ်။

ဆရာဝင်လာတယ်။ သင်စရာရှိတာသင်တယ်။ အိမ်စာလုပ်ခိုင်းထားတဲ့ စာရွက်တွေ လာထပ်ခိုင်းတယ်။ စာရွက်တွေကို ခဏ ကြည့်တာတွေ့တယ်။ ပြီးတာနဲ့ စပြောပါတယ်။ လာထပ်တဲ့စာရွက်တွေကိုကြည့်တဲ့အခါ သုံးပိုင်းခွဲလိုက်ပါတယ်တဲ့။ နံပါတ် တစ်အနေနဲ့ ဟောဒီလိုစာရွက်မျိုးနဲ့ ဆွဲထားတာဆိုပြီး ဗလာစာအုပ်မှာရှိတဲ့စာရွက်ကို တမျက်နှာပဲ ယူကာ ဆွဲထားတဲ့စာရွက်ကို ကိုင်ပြပါတယ်။ ဒါက ဖြစ်ကတက်ဆန်း ဆွဲထားတဲ့ပုံပါတဲ့။ ပေတံလည်း မသုံးသလို စာရွက်ကလည်း မျဉ်းကြောင်းပါစာအုပ်ရဲ့ စာရွက်တစ်မျက်နှာမှာပဲ ဆွဲထားတဲ့အတွက် ပုံက အတော်ရှုပ်ယှက်ခတ်နေပါတယ်။

နံပါတ်နှစ်အနေနဲ့ဆိုပြီး ကျနော်ဆွဲထားသလိုမျိုး ဗလာစာရွက်ကို ကိုင်ပြပါတယ်။ နံပါတ်သုံးအနေနဲ့ဆိုပြီး ခုနက သူငယ်ချင်းမ တယောက် အပြေးအလွှားဆွဲထားတဲ့ ခပ်ကြီးကြီးစာရွက်ကို ကိုင်ပြပါတယ်။ ကျနော်လည်း ထိုသူငယ်ချင်းမကို ချီးကျူးမိပါ တော့တယ်။ တဆက်တည်းမှာပဲ အကယ်၍များ ဆရာမလာခင်မှာပဲ ဆရာ့တပည့်မ ပုံဆွဲပြီးတာဖြစ်ပါတယ်ဆိုတာများ သိခဲ့ရင် ဘယ်လိုများပြောမလည်းလို့ တွေးကြည့်မိပြန်ပါတယ်။ ပေးထားတဲ့အိမ်စာကို အချိန်မီ ဆောင်ရွက်နိုင်အောင် လုံ့လ စိုက်ထုတ်ခဲ့နိုင်ရုံသာမက သေသေချာချာကျကျနန ပုံဆွဲခဲ့တဲ့ ထိုသူငယ်ချင်းဖြစ်သူကို ချီးကျူးကာ အတုယူဖြစ်ပါတယ်။

ငယ်ငယ်က အမြဲတမ်းကြားရဖန်များတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ ဖုတ်ပူ မီးတိုက်ဆိုတဲ့စကားဖြစ်ပါတယ်။ စာမေး ပွဲဖြေခါနီးမှ ညအိပ်ပျက်ခံပြီး ဒရောသောပါး စာကြည့်တာတို့၊ စာဖြေခန်းဝင်ခါနီးမှ ပြာယာခတ်ကာ ခဲတံရှာ၊ ပေတံရှာ လုပ်နေတာတို့၊ အလုပ်လုပ်ပြန်တော့လည်း လုပ်နေတဲ့ အပိုင်း၊ တာဝန်ယူထားတဲ့ အပိုင်းကို အစပိုင်းမှာ အေးအေးဆေးဆေး လေးလေးကန်ကန်လုပ်နေပြီး အနားကပ် အနီးကပ်တော့မှ အလျင်စလို ပြီးစလွယ်လုပ်တတ်တဲ့သူတွေအတွက် ပြောကြ ဆိုကြတဲ့ စကားတွေပါပဲ။

(၃)
တရက်မှာ သူငယ်ချင်း ဇနီးမောင်နှံ အသစ်စက်စက်က သူတို့ရဲ့အိမ်ဂေဟာမှာ မုန့်ဟင်းခါးချက်စားကြတာဖြစ်လို့ ဖုန်းနဲ့ လှမ်းခေါ်ပြီး ဖိတ်ကျွေးပါတယ်။ မုန့်ဟင်းခါးနဲ့လိုက်အောင် ရေနွေးကို လက်ဖက်ခြောက်ကောင်းကောင်းခပ်ပြီး တည်ခင်း ဧည့်ခံပါတယ်။ အိမ်ရှင် သူငယ်ချင်း မောင်နှံကလည်း စေတနာကောင်း၊ မုန့်ဟင်းခါးကလည်း မစားရတာကြာပြီကတကြောင်း၊ အရသာကလည်း အတော်ရှိတာနဲ့ လိုက်ပွဲယူဖြစ်တဲ့အထိ အားပေးမိပါတယ်။ စားနေတုန်းမှာ အိမ်ရှင်သူငယ်ချင်းက သူ့ဇနီး ကို လှမ်းပြောပါတယ်။ သူ့ရေနွေးက ပူနေတယ်၊ သူသောက်လို့ရအောင် ရေခဲသေတ္တာထဲက ရေခဲ တတုံး နှစ်တုံးလောက် သူ့ရေနွေးခွက်ထဲထည့်ပေးပါလို့ တောင်းဆိုပါတယ်။ ဟေ့ ခင်ဗျားရေနွေးအေးသွားအောင် ရေခဲတုံးထည့်မလားဆိုတဲ့ ကမ်း လှမ်းချက်ကို ဟာ ရတယ် နေပါစေ နေပါစေ၊ ရေနွေးဆိုတာ ပူမှသောက်လို့ကောင်းတာလို့ အသာအယာငြင်းဆိုခဲ့ပါတယ်။

အဲဒီမှာ စကားလုံးအသစ် ထပ်တိုးပါတယ်။ အပူလျော့စေချင် ရေခဲပိုထည့်ဆိုတာဖြစ်ပါတယ်။ မြန်မြန်အေးသွားဖို့ ဖြစ်ပါ တယ်။ အပူလျော့စေချင်တယ်ဆိုတဲ့အချက်ကိုပဲ ကြည့်ရ၊ အရေးစိုက်ရမှာဖြစ်ပြီး ကျန်တဲ့ အပူနဲ့ အအေး ရုတ်ချည်းပေါင်း လိုက်ရင် သောက်တဲ့သူ ဗိုက်များ နာလေမလား၊ ရေခဲတုံးထည့်တာများသွားရင် ပူနေတာက အေးတာပြောင်းသွားတဲ့အတွက် ရေနွေးအရသာများ ပျက်သွားလေမလားဆိုတာတွေ ထည့်သွင်းစဉ်းစားဖို့ မလိုကြောင်းပါ။

မေးချက်ကလည်း ပူနေတဲ့ရေနွေးကို အေးအောင် ဘယ်လိုလုပ်မလည်းဖြစ်ပြီး ပေးထားချက်မှာ ရေခဲသေတ္တာထဲက ရေခဲတုံး လေးတွေပဲ သုံးရမယ်ဆိုတာမျိုးဖြစ်နေပါတယ်။ ဆုံးဖြတ်ချက် ဖြေရှင်းချက်မှာတော့ ဘယ်လောက်အပူအတွက် ရေခဲတုံး ဘယ်နှတုံးလောက်နဲ့ဆိုရင် သင့်တော်မယ်ဆိုတာကို ရေခဲတုံး တတုံးထည့်လိုက်၊ စတီးဇွန်းနဲ့ မွှေလိုက်၊ အေးသွားပြီလား အပူလျော့သွားပြီလားဆိုပြီး ရေနွေးထည့်တဲ့ခွက်ကို အပြင်ကစမ်းလိုက်၊ ဒါမှမဟုတ် အနည်းငယ် သောက်ကြည့်လိုက်တာတို့ လုပ်ရမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်ပုဂ္ဂိုလ်များအနေနဲ့ ပွက်ပွက်ဆူတဲ့ ရေနွေးအတွက် ဘယ်အချိန်မှာ ရေခဲတုံး ဘယ်လောက်လောက်ထည့်လိုက်ရင် အပူဘယ်လောက်လောက် လျော့ကျသွားနိုင်တယ်ဆိုတာ ရေခဲထည့်လိုက် မြည်းစမ်းလိုက်ဆိုတဲ့ ရှေ့ကနည်းတွေ လုပ်စရာ မလိုလောက်အောင် ပြုလုပ်နိုင်စွမ်းရှိကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အပူမြန်မြန်လျော့စေချင် ရေခဲပိုထည့်ရမှာပါပဲ။ ဒါနဲ့ ရေခဲတောင်တွေလည်း အတော်များများ အရည်ပျော် ကျကုန်ပြီလို့ ကြားမိပါတယ်။ နောက်ဆိုရင် ရေခဲတောင်ဆိုတာ ရေခဲသေတ္တာတွေထဲမှာပဲ ရှာကြည့်ရမယ့်ပုံစံပါပဲ။

ကျော်မောင်(တိုင်းတာရေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts