ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ဥပဒေက နောက်ကြောင်းပြန် မသက်ရောက်စေရ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ဥပဒေက နောက်ကြောင်းပြန် မသက်ရောက်စေရ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

အရင်ကတည်းကကြိုတင်ကြံစည်ထားတဲ့ စနစ်တကျရေးဆွဲထားတဲ့ အဖျက်အမှောက်၊ အတားအဆီးစီမံချက်တွေ၊ မဟာ ဗျူဟာကျကျ အသုံးချမဲ့ အတွင်းမီး၊ အပြင်မီးတွေထုတ်သုံးမဲ့နေနေသာသာ  အခြေအနေအဖြစ်အပျက်တွေက တခုပြီးတခုဆက်တိုက်မယုံချင်စရာ၊လက်သင့်ခံနိုင်စရာမရှိအောင် ကြုံတွေ့ရတော့ အလဲလဲအပြိုပြိုနဲ့ ဝရုန်းသုန်းကားဖြစ်ပျက်နေတာ ကိုက  မြင်မကောင်း ရှုမကောင်း။

ဘယ်သူမပြုမိမိမှု ရယ်လို့ဆိုရအောင်လည်း ခနော်ခနဲ့ ဖွဲ့တည်ထားတဲ့အဖွဲ့လည်းမဟုတ်။ ကြုံရာကျပန်း လူစားတွေနဲ့ တည် ဆောက်ထားတာလည်းမဟုတ်။ တပွဲထိုးတခါစားအတွေးနဲ့ စုစည်းထားတာလည်း မဟုတ်။ ရေရှည်တဘဝလုံးသာမက သီး သန့်မိုးကျရွှေကိုယ်တွေရဲ့  ဆွေစဉ်မျိုးဆက်အဆက်ဆက်အတွက်  စိတ်ကြိုက်ပြင်ဆင်  အသေးစိတ်ရေးဆွဲတည်ဆောက် ထားတဲ့အဖွဲ့ အစည်းပါတီကြီးတခု ထင်မှတ်မထားတဲ့အရှုံးနဲ့စတွေ့ပြီးတဲ့နောက် တွေ့ကြုံခဲ့တဲ့အခင်းအကျင်း၊  ဖြစ်စဉ်တွေက လှလှပပ သေသေသပ်သပ်ဆိုတော့ ပုဝါမကူနိုင် ရေမရှူနိုင်တော့။

ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေဘောင်အတွင်းကနေ တလှမ်းချင်းလှမ်းလာခဲ့တဲ့ ခြေလှမ်းတွေက ပိပိရိရိ သေသပ်လှပ်နိုင်လွန်းတော့လည်း ခုခံရှောင်လွှဲလို့လည်းမရ၊ ငြင်းကွယ်ရှောင်ပြေးလို့လည်း မဖြစ်၊ ရင်ဆိုင်ဖြေရှင်းဖို့ အတွက် အလဲလဲအပြိုပြို ကြံရာမရဖြစ်နေတုန်း ချွေးဇောပျံနေတုန်း အဖွဲ့ကြီးရဲ့ ရာသက်ပန်ဦးဆောင်နာယကကြီးက အသိအမှတ်ပြုလက်ခံတွေ့ဆုံလိုက်တော့ နှုတ်ထွက်စကားလုံးတွေက အကွဲကွဲအပြားပြား၊ ဗလုံးဗထွေး၊ သောင်စဉ်ရေမရ။

တကယ်တော့လည်း အရှင်သခင်ကြီးကိုယ်တိုင် စိတ်ကြိုက် အနှစ်နှစ်အလလ ပြုစုပျိုးထောင်၊ နောက်လိုက်ဗိုလ်ပါ အကြပ် တပ်သားအပြည့်အစုံနဲ့ ကာပေးရုံမက ရေပက်မ၀င်အောင် ခိုင်ခိုင်ခန့်ခန့်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါ အုပ်မိုး ထားလျှက်နဲ့ ငွေးကြေားပမာဏအပြည့်အစုံနဲ့ ထောက်ပံ့လျှက်နဲ့ သမိုင်းတွင်ရစ်အောင် မရှုမလှရှုံးနိမ့်သွားခဲ့မှတော့ ဘုရင့် နောင်လို ဖောင်ဖျက်ပြီး မတိုက်တော့ ဖောင်မီးရှို့ပြီး အလံဖြူထောင်လိုက်ပါသကောလား။ ခေတ်ဟောင်း စနစ်ဟောင်းမှာ နေရစ်တော့ ကျန်နေခဲ့တော့ ပြည်သူ့ပါတီကြီးရေ။

အဲ့ဒီတော့ ခေတ်ဟောင်းစနစ်ဟောင်းနဲ့ တဖက်ကမ်းမှာ ကျန်ရစ်ခဲ့တဲ့ တချိန်က ပြည့်သူ့ပါတီကြီးအဖို့ ပေါက်တဲ့နဖူး မထူးတော့ ပြီမို့ သိပ်ချစ်ရပါတယ်ဆိုတဲ့ အမိရွှေနိုင်တော်ကြီးကိုတော့ မျက်နှာလွှဲ ခဲမပစ်ရက်၊ ရသမျှ ကျန်သမျှအချိန်လေးမှာ အပြောင်းရှင်း အပြောင်တိုက် လုယက်နေတာက မြင်မကောင်း ရှုမကောင်းပါလား၊ အဆီတထပ် အခေါက်တထပ်ကို ဖယ်ပြီး အသားသက်သက်ထွင်ယူနေတာက စိတ်ကြိုက် မိုးမမြင် လေမမြင်။

နေ့မီး ညမီးဆက် ၂၄ နာရီမပြတ် အတောမသတ်တူးနေတဲ့ ကျောက်စိမ်းတွင်းကြီးအတွက် အသက်ရှူ မေ့လုမတတ်၊ ကြီးကြီးငယ်ငယ် အပင်မှန်သမျှ ခုတ်လှဲ၊ သစ်အချောင်းလိုက်၊ ကားအစီးလိုက် သယ်ထုတ်နေတာလည်း ပါးစပ်အဟောင်းသား၊ နဂိုကတည်းကမှ မမှန်မကန်ချုပ်ဆိုထားတဲ့ ဒဂုန်စီးတီးစီမံကိန်းအတွက် နှစ်သိမ့် အစားပြန်ပေးဖို့ရာထားတဲ့ မြေနေရာက လည်း ကြောက်လန့်စရာ မတွေးဝံ့ မတွေးရဲ။ သြော် … သူတို့ရဲ့ အရှင်သခင်ကြီးကိုယ်တိုင် သူ့အကျိုးစီးပွား၊ သူ့သားစဉ်မြေး ဆက် အဆက်ဆက် လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနဲ့ ရှာထားသမျှ၊ စုဆောင်းထားသမျှတွေနဲ့ နေရစ်နိုင်ဖို့ အလံဖြူထောင်၊ ဘက်ကူးသွားခဲ့ပြီးပဲ။ ကျန်ရစ်သူအဖို့တော့ ဒီသုံးလကာလအတွက် ပဒေသာပင်ကြီးတပင်ပေါ့။

အသွင်းကူးပြောင်းရေးကာလအချိန်တိုအတွင်းမှာတော့ လက်ပြောင်းယူမယ့်သူအဖို့လည်း တားဆီးလို့မရနိုင်သေး။ တိုင်း ပြည် အပေါ်ကျရောက်မယ့် အန္တရာယ်ကိုပဲ ကာကွယ်မယ်ဆိုတဲ့ တပ်မတော်ကလည်း မျက်နှာလွဲနေ၊ ခိုကိုးရာမဲ့ အားကိုးရာမဲ့၊ အရှင်သခင်မဲ့၊ မျောက်သစ်ကိုင်းလွှတ်ခဲ့သူတွေရဲ့  စွဲမိစွဲရာ  အမိအရ စွဲကိုင်လိုက်တာက  တိုင်းပြည်ရဲ့  အဆီအနှစ်သက်သက်  အသားသက်သက်၊  အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော်သစ်အတွက်  ခါးတောင်းကျိုက်ကြိုးစားမယ့် ပြည်သူတွေက ဒီတသက် ဒီဘဝ နလံထူနိုင်အုံးပါ့မလား …?

သြော်…. သူတို့အတွက် သူတို့အဖို့ ဥပဒေက နောက်ကြောင်းပြန်မသက်ရောက်စေရ ဆိုသတဲ့လေ….၊၊

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)

photo source : www.globalwitness.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts