သူတို့အာဘော်

မောင်ကျော်မော် – ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား

● နိဒါန်း

(ဘီဘီစီ) ရဲ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် ခေါင်းစဉ်က

 မူလခေါင်းစဉ် – “ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား”
ပြောင်းသွားတဲ့ခေါင်းစဉ် – “ ဦးသန်းရွှေကို ကင်းလွတ်ခွင့်ပေးသင့်သလား”

(ဘီဘီစီ) ရေဒီယိုကနေ ဆွေးနွေးတင်ပြမှုဟာ အချိန်အကန့်အသတ်၊ ဆွေးနွေးသူအရေအတွက်များပြားမှု စတာတွေကြောင့် မိမိထင်မြင်ယူဆချက်ကို လိပ်ပတ်လည်အောင်တင်ပြနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် အခုလိုဖြည့်စွက်ရေးသားတင်ပြရတာပါ။

ဒါ့အပြင် အရေးယူသင့်သလားဆိုတဲ့ ခေါင်းစဉ်အပေါ် တုန့်ပြန်ချက်တွေရဲ့အတိုင်းအတာကလည်း ကြီးမားကျယ်ပြန့်ပါတယ်၊ သဘောမတူညီမှု၊ တိုက်ခိုက်မှု၊ ထိုးနှက်မှုတွေအကြားကနေ (ဆွေးနွေးတဲ့ခေါင်းစဉ်ပြောင်းလဲလိုက်သော်လည်း) လွတ်လပ် စွာ ထုတ်ဖော်တင်ပြခွင့်ဘက်ကနေရပ်တည်ပြီး ထုတ်လွှင့်ခဲ့ကြတဲ့ဘီဘီစီ (မြန်မာပိုင်း) တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါ တယ်။ ဘီဘီစီမြန်မာဌာနအတွင်းမှာလည်း ဒီဂယက်ရိုက်ခတ်မှုဟာ သေးကွေးမှာမဟုတ်ပါဘူး။

 

မောင်ကျော်မော် – “ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား”
(မိုးမခ) ဒီဇင်ဘာလ ၁၂၊ ၂၀၁၅

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား
အရေးယူသင့်ပါတယ်၊ အရေးယူရမယ်။ အပိုင်း ၃ ပိုင်းခွဲတင်ပြပါ့မယ်။

● (ပထမပိုင်း )
အောက်ပါ အခြေခံအချက် ၃ ချက်အပေါ်က နေရပ်တည်ပြီး  အရေးယူသင့်တယ်၊ အရေးယူရမယ်လို့ ကျနော်ပြောတာပါ။

၁။ မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှင်းပန်းမှုတွေကို မတရားကြောင်း၊ လက်မခံကြောင်း အပြစ်ပေးအရေးယူရမယ်ဆိုတာကို အတွေး အခေါ်အရ ပြောကိုပြောရဲရမယ်။ ဒါကပထမအချက်ပါ။

၂။ ဒီလို မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှင်းပန်းမှုတွေကို ဖြစ်ပေါ်စေတဲ့ စနစ်ဆိုး၊ စနစ်ရိုင်းတွေထပ်မံပေါ်ပေါက်မလာနိုင်အောင် တရား ဥပဒေအရလည်း ထိထိရောက်ရောက်အပြစ်ပေးရေးယူရမယ်။ ဒါက ဒုတိယအချက်ပါ။

၃။ မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှင်းပန်းမှုတွေကိုအရေးယူသင့်တယ်၊ အရေးယူရမယ်ဆိုတာကို အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ ဘက်ကရပ်တည်ပြီးပြောတာပါ။ အဲဒီအဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေထဲမှာ (နဝတ-နအဖ) စစ်အစိုးရနဲ့ ယခင်အစိုးရရဲ့ အဆက်ဆက်ရဲ့ အကြမ်းဖက်ဖိနှိပ်မှု၊ မတရားပြုမှုတွေကြောင့် မိမဲ့ဘမဲ့ဖြစ်သွားရသူတွေ၊ သားသမီးဆုံးရှုံး သွားရတဲ့သူတွေ၊ လင်ယောက်ျား၊ ဇနီးမယား ဆုံးပါးသွားရသူတွေ၊ အသက်နဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ စွန့်လွှတ်ခဲ့ရ သူတွေ၊ ကုသလို့ မပျောက်ကင်းတော့ဘဲ သေရာပါ ရုပ်ဒဏ်ရာ၊ စိတ်ဒဏ်ရာ၊ စိတ်ဝေဒနာဖြစ်သွားရသူတွေ စသဖြင့် စီးပွားရေးအရ၊လူမှုအရေးအရ နာလံမထူနိုင်လောက်အောင် ဘဝပျက်သွားခဲ့ရတဲ့  ပြည်သူတွေ ၊ ပြည်ပနိုင်ငံတွေဆီထွက်ပြေးခိုလှုံခဲ့ကြရတဲ့ပြည်သူတွေ ပါဝင်ပါတယ်။ ဒါက တတိယအချက်ဖြစ်ပါတယ်။

● (ဒုတိယပိုင်း)
မတရားမှုနဲ့ အကြမ်းဖက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ လူ၊ မူနဲ့ စနစ်ယန္တယားကိုပါ အရေးယူရမယ်။ အကုန်အစင်ဖျက်သိမ်းရမယ်။

မတရားမှုနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ပုဂ္ဂိုလ်တစ်ဦးချင်းစီ ပုဂ္ဂိုလ်ရေးမုန်းတီးမှု၊ အညှိုးအာဃာတစ်ခုတည်းက စေ့ဆော်လို့ ပြု လုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့ စစ်အုပ်စုအကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်၊စစ်ဗျူရိုကရေစီယန္တယားကို အသုံး ပြုပြီး ကျူးလွန်ခဲ့ကြတာပါ။ ဒါကြောင့် အရေးယူအပြစ်ပေးတယ်ဆိုတဲ့နေရာမှာ ဒီလို မတရားမှုအမူအကျင့်အတွေး အခေါ်နဲ့ ဒီအတွေးအခေါ်အမူအကျင့်တွေ ကို ဖြစ်ပေါ်စေတဲ့သက်ဝင်လှုပ်ရှားစေတဲ့ ဆိုးသွမ်းရိုင်းပြလှတဲ့ စနစ်ယန္တယားကိုပါ နောင်ပေါ်ပေါက်မလာအောင် အကုန်အစင်ဖျက်သိမ်း ပစ်ရမှာပါ။

မတရားမှုနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကို ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ တစ်ဦးထဲကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။

(နဝတ-နအဖ) စစ်ကောင်စီနဲ့စစ်အစိုးရထိပ်သီးများလည်း အလိုတူအလိုပါကျူးလွန်ခဲ့ကြတာဖြစ်ပြီး အဲဒီထဲမှာအဓိက တာဝန်ရှိ နေသူတွေကို ပုဂ္ဂိုလ်အရ တန်းစီပြောရရင် ဗိုလ်သန်းစောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့ကို ထိပ်ဆုံးကနေ ဖော်ပြ ရမှာပါ။

ဒါက ၁၉၈၈ ခုနှစ် ကနေ ယနေ့အထိကာလပိုင်းကိုသာ ကွက်ပြီးပြောနေတာပါ။
၁၉၄၈ ခုနှစ်၊ သို့မဟုတ် ၁၉၆၂ ခုနှစ်ကစပြီး ပြောရမယ်ဆိုရင် ပြစ်မှုကျူးလွန်သူတွေနဲ့ ပြစ်မှုအတိုင်းအတာဟာ ဒီထက် အများကြီး ပိုမိုနက်ရှိုင်းကျယ်ပြန့်ပါလိမ့်မယ်။ သမိုင်းတရားခံစာရင်း ပိုပြီးရှည်လျားပါလိမ့်မယ်။

ဒီနေရာမှာ မကြာသေးခင်က (The Washington Post) နဲ့ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်တာဗျူးထဲက အချက်တစ်ချက်ကိုဖော်ပြပြောဆိုပါရစေ။ ဝါရှင်တန်ပို့စ်က အတိတ်က ဖမ်းဆီးဖိနှိပ်မှုတွေအတွက် “ဝမ်းနည်းကြောင်း” ပြောဖို့ရှိ ပါသလားလို့ မေးတဲ့အခါ အခုလိုဖြေပါတယ်။

“ဒီလိုတော့ ပြောစရာအကြောင်းတော့ မရှိဘူးထင်တယ်။ ဒါဟိုဘက်က နိုင်ငံရေးအခြေအနေနဲ့လုပ်ခဲ့တဲ့ နိုင်ငံရေးစနစ်တုန်း က အခြေအနေ အရလုပ်ခဲ့တာပဲဖြစ်တယ်။ ဒါကတော့ တစ်ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော်နဲ့တော့ ဘာမှမဆိုင်ဘူး” တဲ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဒီအဖြေဟာ တကယ်တော့  ယခင် အုပ်စိုးသူနဲ့အုပ်စိုးမှုကို လွှဲချပြီးကိုယ်လွတ်ရုန်းတာပါ။ သူနဲ့ဘာမှမဆိုင်ဘူးတဲ့။ သူတောင်းပန်စရာမလိုဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ ပြီးတော့“ယခင်နိုင်ငံရေးစနစ်အရ၊အခြေအနေအရ” လုပ်ခဲ့ တာလို့ဝန်ခံထားတယ်။ သွယ်ဝိုက်သောအားဖြင့် ဒီကိစ္စတွေနဲ့ပတ်သက်ရင် (နဝတ-နအဖ) စစ်အစိုးရတွေ ရဲ့တာဝန်သာဖြစ်တယ်လို့ ပြောတာပါပဲ။

● (တတိယပိုင်း)
လက်တွေ့တကယ်အရေးယူနိုင်သလားနဲ့ အမျိုးသားပြန်လည်းရင်ကြားစေ့ရေး

ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးတွေကို ထိခိုက်သွားမှာမို့ အခုအချိန်မှာ အရေးယူတဲ့စကားတွေ မပြောသင့်သေးဘူး ဆိုတာဟာမှားယွင်းတဲ့၊ အညံ့ခံတဲ့ တွေးခေါ်စဉ်းစားနည်းတစ်မျိုးသာဖြစ်ပါတယ်။ လက်တွေ့အရေးယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သေးသည် ဖြစ်စေ မတရားမှုနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ပတ်သက်လာရင် အတွေးအခေါ်အရ ပြတ်ပြတ်သားသား မတရားကြောင်း၊ အပြစ်ပေးအရေး ယူရမယ်ဆိုတဲ့အကြောင်းကို အချိန်မရွေးပြောဝံ့ရမယ်။

လက်တွေ့မှာ ဦးသန်းရွှေရဲ့အာဏာအမွေစားအမွေခံတွေလက်ထဲမှာ လက်နက်နဲ့အာဏာတွေရှိနေသေးတယ်၊ ၂၀၀၈ အ ခြေခံဥပဒေ၊ ပုဒ်မ ၄၄၅ ရှိနေလို့ အရေးယူလို့မရဘူးလို့  ပြောနေတာဟာ လက်တွေ့ကြောင်း/ဥပဒေအကြောင်းအရထက် အတွေး အခေါ်အရ အညွန့်ကျိုးနေတာနဲ့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားအပေါ် စိုးရိမ်ထိတ်လန့်နေရတာကိုဖော်ပြနေတဲ့အချက်ပဲဖြစ်ပါတယ်။

အခြားတစ်ဖက်ကလည်း စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တယားဆိုတဲ့ အရိပ်မည်းကြီးအောက်က မလွတ်မြောက်နိုင် သေးဘဲ၊ ဒီအရိပ်မည်းကီးဟာ ကျနော်တို့လူတွေအပေါ်မှာစိုးမိုးမြဲစိုးမိုးနေသေးတယ်ဆိုတာတဲ့ အချက်ကိုဖော်ပြနေတဲ့ အချက်ပါပဲ။

မတရားမှုနဲ့အကြမ်းဖက်ဖိနှိပ်မှုကိုပြုခဲ့ကြသူတွေက သူတို့ကျူးလွန်ခဲ့ကြတဲ့ မတရားမှုတွေနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကနေသူတို့ ကို အရေးမယူနိုင်အောင် သူတို့ကိုယ်သူတို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့/ကာကွယ်ထားတဲ့ ဥပဒေပုဒ်မဆိုတာတွေကို ကျနော်တို့ အရေးထားစဉ်းစားနေစရာ ဘာအကြောင်းမှ မရှိပါဘူး။

ဒါဆို သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး မလုပ်တော့ဘူးလား

တကယ့်သင့်မြတ်ရေးနဲ့ တကယ့်ရင်ကြားစေ့ရေးကို ကျနော်အလေးထားတယ်။ လိုလားတယ်။ အမျိုးသားသွေးစည်းညီညွတ်မှု ရှိမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ကျနော် အလေးအနက်ယုံကြည်တယ်။

စနစ်ဆိုးစနစ်ရိုင်း၊ အဲဒီ စနစ်ဆိုးစနစ်ရိုင်းအပေါ်ကနေ တစ်ဖဝါးမှမခွာပဲရပ်တည်ကိုယ်စားပြုနေသူတွေ၊ စနစ်ဆိုးစနစ်ရိုင်းကို အထိခိုက်မခံနိုင်သူတွေနဲ့တော့ သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး လုပ်လို့မဖြစ်နိုင်ပါဘူး၊ မရနိုင်ပါဘူး။

ဒါကြောင့် သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေးအတွက် ပထမဆုံးစတင်ရမယ့်အချက်က စနစ်ဆိုးစနစ်ရိုင်းကို ကိုယ်စားပြုရပ်တည် ဆောင်ရွက်ခဲ့ကြသူတွေဟာ သူတို့ရပ်တည်ခုတ်မောင်းခဲ့တဲ့စနစ်ဆိုး စနစ်ရိုင်းဟာဆိုးသွမ်းမှားယွင်းပါကြောင်း၊ ဒီစနစ်ဆိုး ကြောင့် လူမျိုးစုံ ပြည်သူများရဲ့အကျိုးစီးပွားကို ဆယ်နှစ်များစွာ ကြီးကြီးမားမားထိခိုက်နစ်နာစေခဲ့ပါကြောင်း၊ ဒီစနစ်ဆိုးစနစ် ရိုင်း အပေါ်ကနေပြုမူခဲ့သမျှ တွေဟာ မိုက်မဲပြီး၊ မှားယွင်းပါကြောင်း၊ ဒီလိုမိုက်မဲတဲ့မှားယွင်းမှုတွေအတွက် အလေးအနက် အနူးအညွတ်တောင်းပန်ပါကြောင်း၊ နောင် ဒီလို စနစ်ဆိုးစနစ်ရိုင်းတွေ ထပ်မံမပေါ်အောင်၊ ပြန်မလာစတမ်းဖျက်သိမ်းပစ်ဖို့ အပြီးအပိုင်ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း လူမျိုးပေါင်းစုံ ပြည်သူများအပေါ် ဝန်ချတောင်းပန်ရပါလိမ့်မယ်။

ဒီလိုလေးနက်တဲ့၊ တည်ကြည်တဲ့ တာဝန်ယူမှုနဲ့ဝန်ချတောင်းပန်မှုတွေရှိလာတဲ့အခါမှသာ လူမျိုးပေါင်းစုံပြည်သူများဘက်က ပြစ်မှုတွေကိုမေ့ဖျောက်ပစ်ဖို့၊ ဘယ်တော့မှ၊ ဘယ်လိုမှမဖြစ်နိုင်ကြောင်းနဲ့အတိတ်ရဲ့ခါးသီးမှုတွေကို နောင်မျိုးဆက်ရာ ထောင်အတွက် သင်ခန်းစာဖြစ်စေလိုကြောင်း စသဖြင့် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တ ကျပြု လုပ်သွားကြရမှာဖြစ်ပါတယ်။

လူမျိုးပေါင်းစုံပြည်သူလူထုကြီး ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ပြင်းထန်ခါးသီးလှတဲ့နာကျင်မှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို “ခွင့်လွှတ်တယ်/သင်ပုန်းချေတယ်” ဆိုတဲ့စကားတွေကို ဘယ်သူကမှ ကိုယ့်သဘော နဲ့ကိုယ်ပြောလို့ မဖြစ်နိုင်ပါဘူး။ မဖြစ်သင့်ပါဘူး။

ပြန်လည်သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေးဆိုတာ ခိုင်ခံ့တည်ကြည်တဲ့ အစပြုချက်တွေနဲ့စတင်ပြီးစဉ်ဆက်မပြတ်ဆောင်ရွက်သွားရမယ့် ဖြစ်စဉ်တစ်ရပ်လည်းဖြစ်ပါတယ်။

စနစ်ဆိုးစနစ်ရိုင်းတွေ၊ ဆိုးသွမ်းယုတ်မာတဲ့ ပြုမူမှုတွေကို မျိုးဆက်သစ်တွေက အတွေးအခေါ်အရ ရွံရှာမုန်းတီးပြီး ဆန့်ကျင် တိုက်ဖျက် ပစ်ရမယ်ဆိုတာကို လေးလေးနက်နက်သဘောပေါက်နားလည်ပြီး အတိတ်သမိုင်းကနေ သင်ခန်းစာ ကောင်း ယူနိုင်ရမယ်။

အထက်မှာ အဆင့်ဆင့် တင်ပြခဲ့တာတွေဟာ ကျနော်စတင်လိုတဲ့ သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး ခရီးရှည်ကြီးရဲ့လှပပြီးလေး နက်တည်ကြည်တဲ့မုခ်ဦးအစဖြစ်ပါတယ်။ ဒီလိုအစချီချက်တွေပါဝင်တဲ့သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မျိုးကို ကြို ဆိုနေကြမယ့် သူတွေထဲမှာ ကျနော် အသေအချာပါဝင်နေမယ်ဆိုတာကို သံသယမရှိကြပါနဲ့။

ရိုသေစွာဖြင့်

မောင်ကျော်မော်
၁၂ – ၁၂ – ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မောင်ကျော်မော် – ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား
  1. ဗုဒ္ဓဂယာအတုကို ပြည်သူ့ဆန္ဒမပါဘဲ နိုင်ငံပိုင်ငွေနဲ့ ဆောက်
    လုပ်ြ ပီး သာသနာကို အာဏာတည်မြဲဖို့အတွက် အလွဲသုံးမှု
    အပေါ် အပြင်းထန်ဆုံး အရေးယူရမှာပါ

Comments are closed.