ရသဆောင်းပါးစုံ သူတို့အာဘော်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ခရီးဆက်ရအုံးမယ်

ခရီးဆက်ရအုံးမယ်
အရှင်စန္ဒိမာ (မွန်စိန်တောရ)
ဇွန် ၉၊ ၂၀၁၄
photo © Aung Htet

မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းလိုက်ချိန်မှ စပြီး အာဏာရှင်ဆိုတဲ့ လူတဦိးတယောက်က နိုင်ငံကို ထိန်းချုပ်ကြိုးကိုင်လာခဲ့တာ ၂၀၁၁ ခုနှစ် ဦးသန်းရွှေ အနားယူချိန်အထိ ဆိုနိုင်ပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းမှုဟာ ဦးနေဝင်းရဲ့  ညွှန်ကြားချက်နဲ့ ဖြစ်ပေါ်ခဲ့သလို ၂၀၁၁ ခုနှစ် ဦးသိန်းစိန်ထံ အာဏာလွှဲပြောင်းမှုဟာလည်း ဦးသန်းရွှေ ချထားပေးတဲ့ လမ်းကြောင်းပဲလို့ အများက နားလည်ထားကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ဆိုတာကလည်း စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ကာလမှာ ရေးဆွဲအတည်ပြုခဲ့တာ ဖြစ်လေတော့ အာဏာရှင် ဦးသန်းရွှေ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေသာ ဖြစ်ပါတယ်။

ဦးနေဝင်းဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အာဏာလွှဲပေးခဲ့ပြီး အစောပိုင်း နှစ်တွေမှာ သြဇာအရှိန်အဝါ ရှိနေခဲ့သေးသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်လာပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း သြဇာမှေးမှိန် ပျောက်ကွယ်သွားခဲ့ပါတယ်။

သို့သော်  ဦးသန်းရွှေကတော့  ယနေ့အထိ သြဇာအရှိန်အဝါ မကျဆင်းသေးတာ ထင်ရှားပါတယ်။  အရေးကြီးတဲ့ နိုင်ငံရေးအရွေ့ အပေါ်မှာ ဦးသန်းရွှေရဲ့ သြဇာ ရှိနေဆဲပဲလို့ ယုံကြည်ရပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးအရွေ့ကို အထူးသဖြင့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ပြောင်းလဲနိုင်ခြင်း ရှိ မရှိနဲ့ တိုင်းတာရပါမယ်။

အကယ်၍ တနေ့နေ့မှာ ဦးသန်းရွှေ သြဇာမှေးမှိန် ပျောက်ကွယ်သွားသည့် တိုင်အောင် စစ်တပ်လွှမ်းမိုးခွင့် ပေးထားတဲ့၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက စစ်တပ်လောင်းရိပ်အောက်မှ မြန်မာနိုင်ငံ လွတ်နိုင်သေးမှာ မဟုတ်ပါဘူး။

လတ်တလော စစ်တပ်အရာရှိကြီးများရဲ့ နှုတ်မြွက်စကားတွေကို ထောက်ရှုရင် သူတို့ဟာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုဟန် မတွေ့ရပါ။ စနစ်ဟောင်းမှာ ကျေးဇူးခံ ကျေးဇူးစား ရှိကြတဲ့ မြန်မာပြည် လူဦးရေရဲ့ လက်တဆုပ်စာ လူတန်းစား အလွှာကလည်း ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုဟန် မတွေ့ရပါဘူး။ တကယ်တော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ အာဏာရှိသူများရဲ့ ကိုယ်ကျိုးစီးပွါးပဓာနဆိုတဲ့ ဘောင်ကျဉ်းကျဉ်းမှာပဲ ရှိနေပါသေးတယ်။

အာဏာရှင်စနစ်မှာ အာဏာရှိကြသူ လူနည်းစုဟာ အာဏာနဲ့ ဥစ္စာစည်းစိမ်ကို အကန့်အသက်မဲ့ ရရှိနိုင်ကြပေမယ့် လူ့ဂုဏ်သိက္ခာကိုတော့ အဆုံးရှုံးခံလိုက်ရပါတယ်။ ဒီမိုကရေစီစနစ်မှာ အာဏာရှိကြသူများဟာ အကန့်အသက်မဲ့ အာဏာမရှိကြသလို  စည်းမျဉ်းဥပဒေရဲ့ ခွင့်ပြုချက် ဘောင်အတွင်းမှာသာ အကျိုးခံစားခွင့်ကို ရရှိခံစားကြရပေမယ့် လူ့ဂုဏ်သိက္ခာ မဆုံးရှုံးပါ။

ဒီမိုကရေစီစနစ် ရင့်ကျက်ပြီးသား အနောက်နိုင်ငံများမှာ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဘိုးထားကြပေမယ့် အာဏာရှင်နိုင်ငံတွေမှာ လူ့ဂုဏ်သိက္ခာဟာ အာဏာနဲ့ ဥစ္စာစည်းစိမ်လောက် တန်ဘိုးမကြီးမားပါဘူး။

မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာ ဘေးရောက်နေပြီး အာဏာရမက်နဲ့ ဥစ္စာစည်းစိမ်ရမက် အားကြီးတဲ့ ပတ်ဝန်းကျင် လွှမ်းမိုး အားကောင်းလာခဲ့ပါတယ်။ တကယ်တော့ ဒါတွေဟာ ဗုဒ္ဓအဆုံးအမနဲ့ ဖီလာဆန့်ကျင်ပါ။ ဗုဒ္ဓဘာသာဝင် ဖြစ်တိုင်းလည်း ဗုဒ္ဓအဆုံးအမကို နားမလည် တန်ဘိုးမထားဘူးဆိုတာ မြန်မာ့အာဏာရှင်များဟာ ထင်ရှားတဲ့ သာဓကပါ။

အာဏာရှင်တွေဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှ စပြီး ရဟန်းသံဃာများကို အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြက်တာတွေ သာသနာ့ အဆောက်အအုံများကို အဓမ္မသိမ်းယူ ဖျက်ဆီးတာတွေကို အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ပါတယ်။ ဒါတွေဟာ ဗုဒ္ဓသာသနာကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်စော်ကားမှုပင် ဖြစ်ပါတယ်။ တရားနည်းလမ်းမကျတဲ့ အာဏာ အခွင့်အရေးနဲ့ ဥစ္စာစည်းစိမ်တွေကို  ရယူပိုင်ဆိုင်မှုတွေကတော့ အနှစ်သာရအားဖြင့် ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်မှုတွေပဲ ဖြစ်ပါတယ်။

အာဏာကို ရရှိသူ အခွင့်အရေး ဥစ္စာစည်းစိမ်တွေကို ရရှိသူများဟာ အပေါ်ယံအားဖြင့် အောင်မြင်သူလို့ ပြောနိုင်မှာပါ။ ဒါပေမယ့် ထိုအခွင့်အရေး အာဏာစည်းစိမ်တွေကို ရရှိပုံ ရရှိနည်းက တရားနည်းလမ်း မကျပါက အနှစ်သာရအားဖြင့် ထိုသူကို ဆုံးရှုံးသူလို့သာ ခေါ်ရမှာပါ။

သို့သော် ဗာလဆိုတဲ့ လူမိုက်ကတော့ အနှစ်သာရကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပင် အာဏာရှိပြီး စည်းစိမ်ဥစ္စာ ကြွယ်ဝသူဖြစ်စေကာမူ ထိုအာဏာစည်းစိမ်တွေကို မတရားသဖြင့် ရရှိထားသူဆိုပါက ထိုသူကို ဗုဒ္ဓက ဗာလလို့ပဲ သက်မှတ်ပါတယ်။

ဒီမိုကရေစီ အသားကျပြီးသား နိုင်ငံတွေကို ကြည့်လိုက်ရင် နိုင်ငံအုပ်ချုပ်သူများနဲ့ နိုင်ငံသားများရဲ့ ပြုမူလုပ်ဆောင်ပုံများဟာ အနှစ်သာရအားဖြင့် ဗုဒ္ဓလမ်းစဉ်နဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။ သမ္မတမှ စပြီး ပြည်သူ့ဝန်ထမ်းအားလုံး သက်မှတ်ထားတဲ့ လစာမှတပါး ဥပဒေနဲ့ မညီတဲ့ အပိုဝင်ငွေ မရှိပါ။ လာဘ်ပေးလာဘ်ယူမှု မရှိသလောက် ရှားပါတယ်။ လူတိုင်း အခွန်ဆောင်ရပါတယ်။ အခွန်ရှောင်လို့ မရနိုင်လောက်အောင် ဘဏ်စနစ်နဲ့ ဥပဒေစိုးမိုးမှု ကောင်းပါတယ်။ အခွန်ငွေတွေကို ပညာရေး ကျန်းမာရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းများမှာ ပြည့်ပြည့်ဝဝ အသုံးပြုပါတယ်။ အစား နဲ့ အဝတ်တွေကို လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်းနဲ့ လွယ်ကူစွာ ဝယ်ယူနိုင်တယ်။ နေစရာ အိမ်ခန်းနဲ့ သွားစရာ ယာဉ်ကို လူတိုင်း ပိုင်ဆိုင်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကားဝယ်စီးနိုင်သူဟာ ဘဝင်မြင့်စရာ မဟုတ်သလို ပြိုင်ဆိုင်မာန်တက်စရာလည်း မဟုတ်ပါ။ ခိုးလိုသူများ ခိုးဖို့ မလွယ်သလို ခိုးစရာလည်း မလိုသဖြင့် လူတွေမှာ မတရား ယူလိုစိတ်နဲ့ ခိုးလိုစိတ်များ ပါးသထက်ပါး ရှားသထက် ရှားလာပါတယ်။ ဒါကြောင့် ဝိသမလောဘကြောင့် အဒိန္နာဒါန သိက္ခာပုဒ်ကို ကျူးလွန် ဖေါက်ဖျက်မှု အလွန်ပဲ နည်းပါတယ်။

အူမ တောင့်တော့ လူတွေ အလိုအလျောက် သီလ စောင့်ပြီးသား ဖြစ်သွားပါတယ်။ အူမ မတောင့်လျှက် သီလစောင့်နိုင်သူလည်း ရှိနိုင်ပါတယ်။ သို့သော်လည်း လူတိုင်း သီလစောင့်နိုင်တဲ့ အခြေအနေ ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာ ငါးပါသီလ နားရည်ဝတဲ့ မြန်မာနိုင်ငံမှာ ငါးပါးသီလ ကျိုးပေါက်မှု များနေတာနဲ့ ငါးပါးသီလ မကြားဖူးတဲ့ အနောက်နိုင်ငံတွေမှာ ခိုးမှု လိမ်လည်မှု ကဲ့သို့သော သီလကျိုးပေါက်မှု နည်းပါးနေတာကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သဘောပေါက်နိုင်ပါတယ်။ ဗုဒ္ဓလမ်းစဉ်နဲ့ ဒီမိုကရေစီစနစ် လိုက်လျောညီထွေ ရှိနေမှုများကို မြင်နိုင်မှာပါ။

သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ စံနှုန်းပြည့် ပေးဖို့ တွန့်ဆုတ်နေပါတယ်။ အမှန်တော့ ဒီမိုကရေစီစံနှုန်းနဲ့ တရားမျှတမှု၊ စီးပွါးရေး အခွင့်အလမ်း၊ စားဝတ်နေရေး ဖူလုံမှု၊ လူနေမှုဘဝ  မြင့်မား တိုးတက်မှု၊ နိုင်ငံဖွံ့ဖြိုးမှုတွေဟာ ဆက်စပ်နေတာပါ။

စစ်မှန်တဲ့ ဒီမိုကရေစီကို ခွင့်မပြုနိုင်တာဟာ နိုင်ငံသားများရဲ့ လူနေမှုဘဝ တိုးတက် ဖွံ့ဖြိုးမှုကို မလိုလားဘူးလို့ ဆိုလိုရာ ရောက်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ မေတ္တာ ကရုဏာ မုဒိတာ ကိုယ်ချင်းစာနာမှု လူဂုဏ်သိက္ခာကို အလေးထားမှု ဆိုတဲ့ စံနှုန်းတွေကို ပစ်ပယ်မှုပါပဲ။

ယနေ့ စစ်အရာရှိကြီးများရဲ့  အယူအဆတွေဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေသလို ဗုဒ္ဓလမ်းစဉ် ဒီမိုကရေစီလမ်းစဉ်နဲ့လည်း လုံးဝ ဆန့်ကျင်နေတာပါ။ စစ်တပ်က လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲနေသရွေ့  စစ်တပ်ရဲ့  ရပ်တည်ချက်ဟာ ပြည်သူ့ရပ်တည်ချက်နဲ့ ဖီလာကန့်လန့် ဖြစ်နေအုံးမှာပါ။

လောကလူသားတွေအနေနဲ့ ချမ်းသာကြွယ်ဝမှု အာဏာ သြဇာအရှိန်အဝါ တည်ဆောက်နိုင်မှုတွေကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အောင်မြင်မှုကို အကဲဖြတ်တတ်ကြတာကြောင့် ထိုအရာတွေကို ရရှိသူဟာ အောင်မြင်သူလို့ ပြောကြမှာပါ။

ဧပြီလ ၂၁ ရက်နေ့က ကွယ်လွန်အနိစ္စရောက်သွားခဲ့တဲ့ NLD နာယက ဆရာကြီး ဦးဝင်းတင်ရဲ့ နိုင်ငံနဲ့ ပြည်သူအတွက် ကိုယ်ကျိုးစွန့်လွှတ် အနစ်အနာခံသွားခဲ့ပုံတွေဟာ ပါရမီရှင် အလောင်းတော်ကြီးများရဲ့  ကိုယ်ကျိုးစွန့်လွှတ် အနစ်အနာခံသွားခဲ့ပုံတွေနဲ့ ထပ်တူထပ်မျှ တူညီနေတာကို တွေ့မြင်နိုင်ကြမှာပါ။

မြန်မာပြည်သူလူထုဟာ မတရားသဖြင့် အာဏာနဲ့ ဥစ္စာစည်းစိမ်တွေကို ရယူပိုင်ဆိုင်ထားကြသူတွေကို တန်ဘိုးထားကာ အောင်မြင်သူလို့ သက်မှတ်ကြပါသလား။ ဆရာကြီး ဦးဝင်းတင်တို့လို ပြည်သူအတွက် စွန့်လွှတ်အနစ်အနာခံတတ်သူတွေကို တန်ဘိုးထားကာ အောင်မြင်သူလို့ သက်မှတ်ကြပါသလား ဆိုတာ ဆရာကြီး မကျန်းမမာ ဆေးရုံတက်နေစဉ် ကာလနဲ့ ဆရာကြီး ဆုံးပါးပြီးနောက် ဆရာကြီးရဲ့ အောက်မေ့ဖွယ် အခမ်းအနားနဲ့ ဈာပနအခမ်းအနားတွေကို ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။

မတရားမှုနဲ့ မမျှတတဲ့ စနစ်ဆိုးကို ဆန့်ကျင်တွန်းလှန်ရင်း  စွန့်လွှတ်အနစ်အနာခံ အသက်ပေးသွားကြသူ ပါရမီရှင် သူတော်ကောင်းကြီးများကို လေးစားဂုဏ်ပြု အမှတ်ရနေကြမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေဆဲဖြစ်တဲ့ မတရားမှု မမျှတမှုတွေကို ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက ဆက်လက်ကာ ဆန့်ကျင်တွန်းလှန် ကြရအုံးမှာပဲ ဖြစ်ပါတယ်။  တော်လှန်ရေးခရီး ဆက်ရပါအုံးမယ်။ ပြည်သူလူထုတရပ်လုံးရဲ့ တော်လှန်ရေးခရီး  ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “အရှင်စန္ဒိမာ (မွန်စိန်တောရ) – ခရီးဆက်ရအုံးမယ်
  1. အင် မ တန် ကောင်း မွန် တဲ့ ဆောင်း ပါး တ ခု ဖြစ် ပါ တယ်။ အာ ဏာ ရှင် တို. ရဲ့ အာ ဏာ ရူး မှု ကြောင့် ပြည် သူ အ များ ဆင်း ရဲ တွင်း နက် ရ ခြင်း ၊ သ ယံ ဇာ တ များ ဆုံး ပါး ပျက် ပြုန်း ခြင်း ၊ နိုင် ငံ တ ကာ မှာ မျက်နှာ ငယ် ရ ခြင်း စ တဲ့ အ ကျိုး ဆက် များ ကို ပြည် သူ အ များ စု ခံ စား ရ ပါ တယ်။

Comments are closed.