ရသဆောင်းပါးစုံ

ငြိမ်းဝေ – လူတိုင်းအတွက် ဗသျှိုးရဲ့ လက်ဆောင် ဖားတကောင်

လူတိုင်းအတွက် ဗသျှိုးရဲ့ လက်ဆောင် ဖားတကောင်
ငြိမ်းဝေ
ဇွန် ၉၊ ၂၀၁၄
  

Matsuo Bashō (1644-1694)
 
(၁)

ဂျပန်ဟိုက္ကူ ကဗျာဆရာကြီး “ဗသျှိုး” ရဲ့ အထင်ရှားဆုံးကဗျာတပုဒ်ကို ကျွန်တော်မိတ်ဆက်ပေးပါ့မယ်။  (တချို့လည်း ဖတ်ဖူးနေလောက် ရောပေါ့။)

“ဗသျှိုး” မှာ အထင်ရှားဆုံး စကားပြေတခုနဲ့ အထင်ရှားဆုံး ကဗျာတပုဒ် ရှိတယ်လို့ ဆိုပါတယ်။  အထင်ရှားဆုံး စကားပြေကတော့ “မြောက် ဖက်အရပ်ဆီသွားတဲ့ လမ်းကျဉ်းကလေး” ဆိုတဲ့ ခရီးသွားမှတ်တမ်းပါ။  အထင်ရှားဆုံးကဗျာကတော့ အခု ပြောပြ၊ မိတ်ဆက်ပေး မယ့် ကဗျာပါ။

“ဗသျှိုး” ရဲ့ အဲဒီ ဟိုက္ကူကဗျာကို မိတ်ဆက်ပေးဖို့လုပ်တော့ ကျွန်တော် ပထမဆုံးရင်ဆိုင်ရတဲ့ ပြဿနာကတော့ “ဘာသာပြန်မူကွဲ” ကိစ္စပါ။  ဒီကဗျာကို လူမျိုးပေါင်းစုံက ဘာသာပေါင်းစုံနဲ့ ထုတ်ဝေကြပြီး ဖြစ်ပေမယ့် အင်္ဂလိပ် ဘာသာပြန်မူလိုတော့ မူကွဲတွေများမယ်လို့ ကျွန်တော် မထင်ဘူး။  ဒီကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုသူတွေ များတော့ ဘာသာပြန်မူကွဲတွေ များတော့တာပေါ့။  ဒီတော့ကာ ဘယ်အင်္ဂ လိပ်ဘာသာပြန်မူကို ယူပြီးမှ မြန်မာ ဘာသာပြန်ရမလဲဆိုတာ ကျွန်တော့်အဖို့ မဟာအခက်အခဲကြီးပေါ့။  ဒါနဲ့ပဲ မြန်မာဘာသာပြန်အမှန်ဆုံးဖြစ်အောင် အချိန်တော်တော်ယူခဲ့ရပါတယ်။

အင်္ဂလိပ်လိုရေးထားတဲ့ကဗျာနဲ့ မူရင်းဂျပန်လို ရေးထားတဲ့ကဗျာကို ဂျပန်မိတ်ဆွေတချို့နဲ့ တွေ့တိုင်း ပြကြည့်ရ မေးကြည့်ရတော့တာပေါ့။  ဒါလည်း သိပ်ပြီးအဆင်မပြေပါဘူး။  ကျွန်တော်နဲ့ တွေ့တဲ့ သိတဲ့ ဂျပန်တွေကလည်း အဲဒီ ကဗျာလေးကို သိပေမယ့် သိပ်ပြီး ကျွန်တော် ကျေနပ်အောင် ရှင်းမပြနိုင်ကြပါဘူး။  ဒီလိုနဲ့ ကိုယ့်မှာရှိတဲ့ အင်္ဂလိပ် ဘာသာပြန်မူကွဲ တချို့ရယ်၊ ကိုယ်ဖတ်ထား သိထားတာရယ်၊ မေးမြန်းလို့ရတဲ့ အချက်အလက်တွေကို စုပြီး အဓိကအကြောင်းအရာ မလွတ်တဲ့ မြန်မာဘာသာပြန် ကဗျာတပုဒ် လုပ်ရတော့တာပေါ့။  ဟောဒီမှာ ကျွန်တော့်ဆီမှာ ရှိတဲ့ အင်္ဂလိပ်ဘာသာပြန်မူကွဲတချို့။

Old pond
Leap–splash –
a frog.
(Lucien Stryk ဘာသာပြန်)

Old dark sleepy pool
quick unexpected frog
goes plop!  Watersplash.
(Peter Beilenson ဘာသာပြန်)

An old silent pond…
A frog jumps into the pond,
splash!  Silence again.
(Harry Behn  ဘာသာပြန်)

old pond
a frog jumps in the sound of water
(Jane Reichhold ဘာသာပြန်)


မြန်မာ စာရေးဆရာကြီး မောင်သာနိုးကတော့ အခုလို မြန်မာမှုပြုပါတယ်။

ဟောင်းမြင်း ရေအိုင်ထဲ
ဖားက ခုန်လို့ဆင်းလိုက်တယ်
ရေရဲ့အသံပ
(မောင်သာနိုး ဘာသာပြန်)


ဆရာမောင်သာနိုးက ဟိုက္ကူ ကဗျာ ဖွဲ့စည်းပုံ ၅.၇.၅ ကို ရအောင်ယူပြီး ဘာသာပြန်ထားတာပါ။  ဒီကဗျာကို ဆရာကြီး မင်းသုဝဏ်လည်း အခုလို ဘာသာပြန်ဆိုပါတယ်။

ရေကန်ကြီးအနား
ဖားလေးတကောင် ခုန်ဆင်းသွား
ပလုံမြည်သံကြား
(မင်းသုဝဏ် ဘာသာပြန်)


တခါ ဒါကိုပဲ ဆရာ တာရာမင်းဝေက အခုလို ဘာသာပြန်ပါတယ်။

အိုင်အိုကြီးပါလား-
ရွှေဖားခုန်ဆင်းသွား-
ပလုံရေသံကြား-
(တာရာမင်းဝေ)


ကျွန်တော်ကတော့ အခုလို ဘာသာပြန်ပါတယ်။

ရေကန်အိုအတွင်း
ဖားတကောင် ခုန်ဆင်းလို့သွား
ပလုံမြည်သံကြား …


(ချရေးပြီးမှ ပြန်ဖတ်ကြည့်တော့ ၅ .၇ . ၅. ပုံစံထဲ ကွက်တိဝင်နေတာတွေ့ရလို့ ကျွန်တော့်မှာ ပြောမပြနိုင်လောက်အောင် ၀မ်းသာ သွား ရပါတယ်။)

 
(၂)

ခေတ်ပေါ် ကဗျာတပုဒ်ကို နားလည်ခံစားတတ်ဖို့ ဆိုရင် ကဗျာဖတ်သူကလည်း ကဗျာရေးသူရဲ့အလုပ်ကို တ၀က် ၀င်လုပ်ရလိမ့်မယ်ဆိုတဲ့ စကားရှိပါတယ်။  ကဗျာဖတ်သူဖက်က အင်မတန် ခံစားမှုခွန်အားမြှင့်ထားဖို့လိုပါတယ်။  ဟိုက္ကူကဗျာကျတော့ ခေတ်ပေါ်ကဗျာ ထက် တောင်မှ ပိုမလားပဲ။

သူ့ကျတော့ ကဗျာဖတ်သူ ဘက်က ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ အတွေးကို မြှင့်ပြီး ဖတ်ဖို့ လိုမယ်ထင်ပါတယ်။  ဘာဖြစ်လို့လဲ ဆိုတော့ ကဗျာဆရာက ကဗျာကပေးတဲ့ ရသကို ဗဟုဝုစ်သဘော ပေးခဲ့တာ ဖြစ်သလို၊ သူပေးတဲ့ သူဖော်ပြတဲ့ ပြချက် ပြကွက် အပေါ်မှာလည်း သူကိုယ်တိုင်က ဘယ်လိုအရိပ်အယောင်မျှ သဘောထား မပြတော့ဘဲ၊ ကဗျာဖတ်သူ အတွက် လုံးလုံးကြီး ချန်ထားခဲ့တဲ့ သဘော ဖြစ်နေ လို့ပါပဲ။

ဟိုက္ကူကဗျာ တပုဒ်ကိုဖတ်ရင် ပထမဦးဆုံး တွေ့ရမယ့် အချက်က ကာလနဲ့ ဒေသတခုခုကို တွေ့ရမယ်။  ပြီးတော့ ပြချက်တခု၊ မြင်ကွင်းတခု၊ ဒါက ကဗျာဖတ်သူကို အဖုံးတ၀က် လှပ်ပြလိုက်တဲ့ သဘောပဲ။  ဒါတောင်မှ ကဗျာဆရာက ကြာကြာမပြဘူး၊ လျှပ်တပြက်သဘောပဲ၊ တချက်တည်းပဲ၊ အဖုံးကို ပြန်ပိတ်လိုက်တာပဲ။  ကဗျာဖတ်သူက သူမြင်လိုက်ရတဲ့၊ သူကြားလိုက်ရတဲ့၊ သူထိတွေ့လိုက်ရတဲ့ ကာလ၊ ဒေသ၊ ပြချက်အပေါ် မူတည်ပြီး တွေးလေရော့ပဲ။  တွေးလေ … တွေးတတ်လေ၊ တွေးနိုင်လေ … ရင်ခုန်ပေရော့ပဲ။

ဟိုက္ကူကဗျာဆိုတာ ခံစားမှုအများကြီးရှိရာကို နည်းပေါင်းစုံသုံးပြီး ရောက်အောင်သွားနိုင်အောင်၊ အဲဒီသွားနိုင်တဲ့ လမ်းဟူသမျှ သမ္ဘာရနည်းနဲ့ ကျစ်နေအောင်စုစည်းထားတဲ့ အနုပညာပစ္စည်းတခုပါပဲ။  ဥပမာ တခုပြောရရင် ကျွန်တော်က “ရေကန်အို” ကို ကျွန်တော့်ဘ၀လို့ ယူဆမယ်၊ “ဖားကလေး တကောင်” က ကျွန်တော့်ဘ၀ကို လာရောက် လှုပ်ခတ်လိုက်တဲ့ ပယောဂ တခုခုဆိုပါစို့။  ဒီတော့ ရေပွက်သံကြားရမယ်၊ ဂယက်ထမယ်၊ ဒါတွေက ပယောဂကြောင့် ကျွန်တော့် ဘ၀အနေအထား တစုံတရာ လှုပ်ရှား ယိမ်းခါသွားတဲ့သဘော…။  ဒီလို ယူဆရင် ဘယ်လို ပယောဂလဲ၊ ဘယ်လိုဂယက်တွေလဲ ဆက်တွေးလို့ရပါတယ်၊ ဖြန့်ကျက်ပြီး စဉ်းစားလို့်ရပါတယ်။

ရေကန်ထဲ ဖားတကောင် ခုန်ဆင်းတဲ့ ဒီကဗျာလေးအကြောင်း ဋီကာ ဖွင့်ကြတာတွေကတော့ အများကြီးရှိပါတယ်။  ကျွန်တော်ကတော့ လိုက်ဖတ်ကြည့်ပြီး ယူတော့ ကိုယ့်ဘ၀နဲ့ပဲ ကိုက်ညှိပြီးယူပါတယ်။  ဆိုပါတော့ မနေ့တနေ့ကပဲ မဲဆောက်မြို့ဈေးထဲမှာ ဈေးလာဝယ်တဲ့ သူတွေထဲမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သိကျွမ်းခဲ့ဖူးတဲ့ အသိတယောက်နဲ့ တွေ့လိုက်လို့ ကျွန်တော့်မှာ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရတယ်။  ဒါဟာ ကျွန်တော့် ရေကန်ထဲ ဖားတကောင်ခုန်ချလို့ ဖြစ်သွားတဲ့ ဂယက်ပဲပေါ့။

နိဂုံးချုပ်ရရင် ဟိုက္ကူကဗျာဆိုတာ အရိပ်ကိုပဲ ပြတာပါ။  အကောင်အထည်ကို စာဖတ်သူက ‘တူး’ ယူပေတော့ပေါ့။  ပြီးတော့ သူက လျှပ်တပြက် တကွက်ပဲပြတဲ့သဘော၊ စာဖတ်သူက အချိန်မီ မိအောင်သာ ဖမ်းဆုပ်ပေတော့ပေါ့။  ပြီးတော့ ဟိုက္ကူကဗျာထဲမှာပါတဲ့ ရာသီပြ စကားလုံး၊ ပြကွက်တခုဆိုတဲ့သူရဲ့ အခြေခံ အင်္ဂါရပ်ကို ရှာကြည့်ရတာ လည်း ပျော်စရာပါ။

ကျွန်တော်ကတော့ ဟိုက္ကူကဗျာတွေကိုဖတ်ရရင် ကိုယ့်ကိုယ်ကို ဖြူစင်အောင် လျှော်ဖွပ် နေမိသလိုလည်း ခံစားရတယ်။  သွက်လက်ပေါ့ပါး ရတယ်။  ရိုးဂုဏ်နဲ့ အကြည်ဓာတ်ကို ခပ်ယူသောက်သုံးခွင့်ရတယ်။  သန္တိသုခ အနားကို ရောက်တယ်လို့ ယူဆတယ်။  လူတွေကို ပိုပြီး ချစ်ဖို့၊ သဘာဝ ပတ်ဝန်းကျင်ကို ပိုပြီးချစ်ဖို့၊ ကမ္ဘာကြီးကို ပိုပြီးချစ်ဖို့၊ ချစ်ဖို့ဆိုတာ တုပ်နှောင်တဲ့ အချစ်မျိုး မဟုတ်ဘူးနော် …။  ပေးဆပ်ခြင်းဆိုတဲ့ အချစ်၊ မေတ္တာမျိုး။  ဒါကြောင့်မို့ ဟိုက္ကူကဗျာတွေကို ကျွန်တော်သွားလေရာ သယ်ပိုးနေခဲ့မိတာ ဖြစ်မယ်ထင်ပါရဲ့။

ဒီနေရာမှာ ကဗျာဆရာကြီး ဗသျှိုးရဲ့ ကျေးဇူးက တော်တော်ကြီးပါတယ်။  သူက ဒီကဗျာလေးရေးပြီး ဘယ်တော့မှ မသေတတ်တဲ့ ဖားကလေး တကောင် လူတိုင်းအတွက် လက်ဆောင်ပေးသွားခဲ့လို့ပါပဲ။     ။

ငြိမ်းဝေ

Basho Photo Source – http://matsuobasho-wkd.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts