မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇
လူတိုင်းမှာ အသိမိတ်ဆွေတွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ၀ါသနာတူ၊ စိတ်တူကိုယ်တူ၊ ဥာဏ်ရည် တူချင်းမှ ပိုပြီးရင်းနှီးခင်မင်တက်ကြပါတယ်။ တင်မိုးမှာ အဲသလိုခင်မင်သူတွေ ၄၊ ၅၊ ၁၀ယောက်ရှိတဲ့အနက် အမျိုးသမီးထဲကတော့ တစ်ဦးပဲရှိတယ်ထင်ပါတယ်။ ဒေါ်မာမာအေးပါ။ အဆိုကျော် အနုပညာရှင်၊ စာရေးဆရာ မာမာအေးဖြစ်ပါတယ်။ ကဗျာလေးဘာလေးလဲ ရေးပါတယ်။

မာမာအေးမှာ အပေါင်းအသင်းတွေ အများကြီးရှိတာပေါ့။ ကျွန်တော်တို့ထက်တောင် လူပေါင်းစုံပါ တယ်။ လူပေါင်းစုံတယ်ဆိုလို့ လူတိုင်းနဲ့အဆင်ပြေအောင် အလိုလုပ်အကြိုက်ဆောင်ပြီး ပေါင်းသင်းတတ်တာ မျိုးတော့လဲမဟုတ်ပါ။ မကြိုက်ရင်မကြိုက်သလိုလဲ စွက်ကနဲ၊ ပတ်ကနဲ ပြောတတ်လှပါတယ်။ တင်မိုးနဲ့သူနဲ့က တော့ သိပ်ပြီးအဆင်ပြေပါတယ်။ မောင်နှမအတိုင်းလိုပါပဲ။

တင်မိုးရဲ့ဝါသနာဟာ အဓိကဘာလဲဆိုရင် ‘ကဗျာ’လို့ လူတိုင်းလွယ်လွယ်ပဲ ဖြေကြမယ်။ ဟုတ်ကဲ့-သူ ၀ါသနာပါတာ ကဗျာ-စာပေဖြစ်ပါတယ်။ ဒါထက် တန်းတန်းစွဲဖြစ်တာကတော့ ရင်းနှီးသူများမှသိကြပါတယ်။ သူ အထူးဝါသနာပါတာကတော့ တေးဂီတဖြစ်ပါတယ်။ နွေကျောင်းပိတ် ရွာပြန်ရင် တစ်ခါတလေ ကျွန်တော်လဲသူ နဲ့လိုက်သွားတက်ပါတယ်။ ကျွန်တော်က ကျွန်တော့်ရွာ၊ ကျွန်တော့်အိမ်ကို တန်းမပြန်ပေမဲ့၊ သူကသူ့အိမ်ကို တန်းပြန်လေ့ရှိပါတယ်။ သူ့အိမ်ရောက်လျှင်ရောင်ခြင်းပဲ သူ့ သူငယ်ချင်းတွေရောက်လာတတ်ပါတယ်။ ဦးဆုံး ရောက်လာလေ့ရှိသူနှစ်ဦးက အိမ်နီးချင်းသူငယ်ချင်းတွေဖြစ်ကြတဲ့ ကျောင်းဆရာကိုကျော်ထွန်းနဲ့ တေးရေး ဆရာ ကန်မြဲကိုအေးကျော် တို့ဖြစ်ပါတယ်။ သူတို့နဲ့ အချိတ်အချက်လုပ်ပြီး နောက်ကနေကစ-တီးဝိုင်းဖွဲ့ပြီးတီးကြ ဆိုကြပါတယ်။ တီးဝိုင်းခေါင်းဆောင်က သူ့အဖေ ဦးဘအိုဖြစ်ပါတယ်။ ဦးဘအိုက စည်းဝါးကိုင်ပါတယ်။ စည်းဝါး ကလွဲပြီး ဘာမှမကိုင်ပါ။ ကိုကျော်ထွန်းက တယောဝိဇ္ဇာပါ။ ကိုအေးကျော်က သီးချင်းသာရေးတာ၊ ဘာမှမတီး တတ်ရှာပါ။ တင်မိုးရဲ့အဖေဦးဘအိုလိုပဲ ဇာတ်ပွဲတကာလိုက်ပြီး အပြင်ကဆိုင်းသံဆို အသံနားစွင့်ရင်း တေးသီ ချင်းတွေကို တီးလုံးနဲ့တကွရနေတာပါ။

မန်းတက္ကသိုလ်မှာတင်းမိုးနဲ့ အတွဲဆုံးနှစ်ယောက်ကတော့ တက္ကသိုလ်မောင်သိန်းနိုင်နဲ့ မောင်စွမ်းရည် နှစ်ယောက်ပါ။ ကျွန်တော်တို့က ဘာမှမဆိုတတ်၊ မတီးတတ်ပါ။ (၀ါသနာပါပေမယ့် ရွာမှာတီးဝိုင်းနားကို ကျွန် တော့်အဖေက ကျွန်တော်သွားဖို့ ခွင့်မပြုပါ။ တီးဝိုင်းထဲမှာ ကိုယ်ရေးပြားရောဂါသည်တွေက များလို့ပါ။) တင်မိုးက လဲ ဘင်ဂျိုတီးပါတယ်။ လူပုံကြမ်းကြမ်း၊ နာမည်ကလဲ ‘ဘဂျမ်း’ဆိုတော့ ဘင်ဂျိုနဲ့ပဲလိုက်ပါတယ်။ ‘ဘဂျမ်းက ဘင်ဂျိုခေါက်လို့’ စသဖြင့် ကျွန်တော့်ကဗျာတစ်ပုဒ်မှာ ထည့်စပ်ဖူးတာကို ဆရာဇော်ဂျီက သဘောကျလှပါ တယ်။

တကယ်တော့ တင်မိုးက တယောနဲ့စန္ဒရားကိုပဲကြိုက်သူပါ။ စန္ဒရားတီးတာကို ဂီတာစိမ်းမောင်၊ ဒေါ်မေ စီတို့ သင်တန်းမှာ သွားရောက်သင်ယူဖူးပါတယ်။ သူဝယ်နိုင်တော့ တယောဝယ်ထိုးပါတယ်။ မြို့မစန္ဒရားဆရာ ကိုသိန်းမောင်ထံမှာ သူ့သမီး မိုးအေးကို စန္ဒရားတီးသင်စေပြီး သူကဘေးက လေ့လာပါတယ်။ သူ့အိမ်မှာတယော သုံးလက်မြင်ဖူပါတယ်။ မိတ်ဆွေတွေက ပေးသွားလိုက်ကြ၊ ယူသူက ယူသွားလိုက်ကြပါပဲ။ အမေရိကားရောက် တော့ သူ့သမီး မိုးချိုသင်းရဲ့အိမ်မှာ တယောတစ်လက်နဲ့ ကက်စီနိုတလက်ဝယ်ထားတာ တွေ့ဖူးပါတယ်။ သူ့မိတ် ဆွေ ကဗျာဆရာကိုသက်နဲ့အတူ ကက်စီနိုတီးလေ့ရှိပါတယ်။ ဗုံတစ်လုံးဝယ်ချင်တယ်ဆိုလို့ သူ့သားသမီးတွေက ခဏသည်းခံပါအုံးလို့ တားထားရသတဲ့။ ရန်ကုန်တက္ကသိုလ်၊ အနုပညာအသင်းကျောင်းသားတွေ၊ ဇာဂနာ၊ ဆရာ အောင်ကျော်တို့တတွေနဲ့ရောပြီး ပတ်မကြီးတီးချင်သွားတီးနေတာပါ။ တေးဂီတဟာ သူ့ပင်ကိုယ်ဝါသနာပါ။

တင်မိုး ဖို့တ်ဝိန်း မှာနေတော့ အတီးအမှုတ်မှာ အဆိုမှာ ခေတ်ရောရှေးပါ ရတဲ့ ဂန္ထ၀င် ၀င်းဖေ(ပန်းချီ ဆရာ၊ ဂီတဆရာ၊ ရုပ်ရှင်ဒါရိုက်တာ) ကိုမလာလာအောင် ဖိတ်ကြားပြီး ဆိုတီးလေ့ရှိပါတယ်။ တစ်ခါက သူ L.A မှာရောက်နေစဉ် ကျွန်တော်တို့က ကိုဝင်းဖေ ချီကာဂိုရှိ မန္တလေးသားဆရာဝန် ဒေါက်တာဝင်စတန်ခင်ရဲ့ အိမ်မှာ ဆိုတီးကတွေလုပ်ကြပါတယ်။ သူ့ဆီ ကျွန်တော်က ဖုန်းဆက်ပြီး ကြွားလိုက်တော့ လေယာဉ်ပျံနဲ့ ချက်ချင်းရောက် တော်မူလာပါတယ်။

ကျွန်တော် ဥရောပရောက်နေတော့ အမေရိကားကို အမြန်လာဖို့ စီစဉ်ပါတယ်။ အမေရိကားမှာ ကျွန်တော်က ၀ါရှင်တန်ကို အရင်ရောက်ပြီး ကိုဝင်းဖေကတစ်ဆင့် ကိုတင်အောင်ခိုင်(RFA) တို့အိမ်မှာ ခဏနားနေပါတယ်။ အဲဒါကို ဇွတ်လှမ်းခေါ်ပါတယ်။ ရောက်တော့ ဖို့(တ်)၀ိန်းမြို့မှာ နှစ်ယောက်အတူနေကြပါတယ်။ ‘ကဲ-ခင်ဗျားပြန်လို့မရတော့ဘူး။ ခင်ဗျားပြန်ရင် စစ်အစိုးရက ဖမ်းဆီးထောင်ချတော့မှာ၊ ဒီမှာပဲ ကျုပ်နဲ့ အတူနေတော့’တဲ့။ တကယ်တော့ ကျွန်တော် တောပြောတောင်ပြော လုပ်အောင် သူပဲ ပြည်ပအသံလွှင့်ဌာနတွေ အားလုံးနဲ့တွေ့ပေးတာပါ။

ကျွန်တော်နဲ့ သူနဲ့ ဖို့(တ်)၀ိန်းမြို့မှာ အသားကျတော့ နယူးယောက်မှာ သူ့ဘာသာ အသားကျနေတဲ့ မာမာအေးကို လှမ်းခေါ်ပါတယ်။ ပြောပုံက ‘ငါတို့မောင်နှမသုံးယောက် အတူနေရအောင်တဲ့’ ဘယ်လောက် စကားတတ်လိုက်သလဲ။ မာမာမေးကလဲ အစ်ကိုနှစ်ယောက်က ခေါ်တာဆိုပြီး ချက်ချင်း နေ့ညမဆိုင်း ရောက်လာ ရှာပါတယ်။ နေစရာအိမ် မရှိတော့ မာမာအေးက ဘုန်းကြီးကျောင်းလောက်ကြီးတဲ့ အိမ်ကြီးတစ်လုံးကို ချက်ချင်း ၀ယ်လိုက်ပါတယ်။ အိမ်ကြီးက ဘုန်းကြီးကျောင်းတွေထက် ကြီးပါတယ်။ ကြုံတုန်းဝင်ပြီး ကြွားရရင် နယူးယောက် က ဘုန်းကြီးကျောင်း ၉ ကျောင်းမှာ ပီနန်ဆရာတော်ကြီးရဲ့ကျောင်းကလွဲလို့ ဘယ်ကျောင်းမှာ ကျောင်းအမကြီး ဒေါ်အေးရဲ့ အိမ်လောက်ကြီးတာမရှိပါ။ ပီနန်ဆရာတော်ကြီးရဲ့ သုံးထပ်ကျောင်းကြီးပုံစံရော၊ အရွယ်ပါအတူတူ လောက်ရှိပါတယ်။ အဲ-ဒေါ်အေးလဲဝယ်ပြီးရော သမီးက L.A မှာရောက်လာလို့ဆိုပြီး ထွက်သွားလိုက်တာ လှည့် တောင်မကြည့်တော့ပါဘူး။ အဲဒါ တင်မိုးပါ။

တင်မိုးက မာမာအေးနဲ့တွေ့မိရင် သီချင်းတွေတနေကုန် ဆိုကြတာပါ။ တင်မိုက သူ့ထုံးစံအတိုင်း လက်တစ်ဖက်ကို စားပွဲပေါ်တင်ပြီး ဆေးလိပ်ကိုင်ပါတယ်။ တစ်ဖက်က စည်းလိုက်ပါတယ်။ ထိုင်ရင်ကြမ်းပြင်မှာ မထိုင်နိုင်လို့ စာပွဲ ကုလားထိုင်နဲ့ ထိုင်ရပါတယ်။ ဆေးလိပ်ခိုးလဲ အပြင်ထုတ်လို့ရအောင်၊ အပြင်ရှုခင်းလဲကြည့်ရ အောင် ပြတင်းပေါက်မှာ ထိုင်တာပါ။ သူကွယ်လွန်ခါနီးတော့ နှုတ်ဆက်သလိုပဲ မာမာအေးရှိရာကို အရောက်လာ ပြီး တစ်ပတ်လောက်သီချင်းဆိုလိုက်၊ တေးဂီတအကြောင်း၊ စာပေအကြောင်းပြောလိုက်နဲ့ နေသွားခဲ့ပါတယ်။ နှုတ်ဆက်သလိုပါပဲ။

တင်မိုးနဲ့ မာမာအေးက နေပုံထိုင်ပုံစရိုက်တွေကလဲ ခက်ဆင်ဆင်ပါပဲ။ မာမာအေးကလည်း ဆေးလိပ် ကြိုက်တယ်။ ဒါပေမဲ့ဖြတ်ထားတယ်။ အစ်ကိုကြီးတင်မိုး လာတုန်းမှာတော့ ဆေးလိပ်ပြန်ဖွာရသတဲ့။ နှစ်ယောက် သားဆိုလို့ မောရင်နားပြီး ဆေးလိပ်ဖွာရင်း လေပစ်ကြသတဲ့။ တင်မိုးမကွယ်လွန်ခင် နောက်ဆုံး၊ အပျော်ဆုံးနေ့ ဟာ သူနဲ့ အဆိုတော်မာမာအေးနဲ့ တေးသံပြိုင်ဟစ်သွားရတဲ့ ရက်သတ္တပတ်နေ့များပဲ ဖြစ်မယ်ထင်ပါတယ်။ တင်မိုးဟာ မာမာအေးကို အလွန် ချစ်ခင် တွယ်တာရုံမက လေးစားလဲ လေးစားပါတယ်။ အလွန်ချစ်ခင်ကြတဲ့ အနု ပညာမောင်နှမလို သတိရတိုင်း ကြည်နူးရသလို၊ မျက်ရည်လဲ လည်မိပါတယ်။

ဆေးလိပ်ဖြတ်ရင် တင်မိုးအသက်ရှည်အုံးမှာပါ။ ဘ၀ဆက်တိုင်း ဆေးလိပ်မသောက်တဲ့ အနုပညာကျော် ဖြစ်ပါစေသတည်း။

တင်မိုးကွယ်လွန်-၁၀နှစ်ပြည့်အမှတ်တရ
သူငယ်ချင်းမောင်စွမ်းရည်