အရှင်ပညာနန္ဒ၊ သြဂုတ် ၂၊ ၂၀၁၂
ဆရာတော်ကြီးနှင့်ထောင်တွင်းအခြေအနေ
ထောင်ထဲမှာ ထင်ရှားတဲ့ ဆရာတော်ကြီး တပါးကတော့ မဂ္ဂင်ဆရာတော် ဖြစ်ပါတယ်။ သက်တော်(၇၀)ကျော်၊ ထောင်ရှစ်နှစ် ကျခံနေရသူပါ။ ဆရာတော်ဟာ နိုင်ငံအတော်များများ ရောက်ဖူးပြီး ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းတော်မူပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘီအေ ဘွဲ့ ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်တုန်းကျနော်တို့ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးတဲ့ ကမ္ဘာကျော် အိန္ဒိယစာရေးဆရာကြီး ရာဟုလာသံကိစ္စည်းနဲ့ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။
ရာဟုလာသံကိစ္စည်းအကြောင်းတွေ ပြန်ပြောပြတာ ကျောင်းသားတွေစိတ်ဝင်စားစရာကြီးပါ။ ဆရာတော်ဟာ အိန္ဒိယနိုင်ငံကနေ တိဘက်ကို ကုန်းကြောင်းလျှောက်ပြီးတိဘက်ဗုဒ္ဓဘာသာကိုနှစ်အတော်ကြာ
လေ့လာခဲ့ပါသေးတယ်။ထောင်ထဲ ရောက်နေချိန်မှာ ကျောင်းသားတွေ ချဉ်ခြင်း အတက်ဆုံးက စာသင်ချင်ကြတာပါ။ ဒါပေမယ့်ထောင်က စာဖတ်ခွင့် မပေးတော့ သမိုင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အင်္ဂလိပ်စာ စတဲ့ အကြောင်းအရာတွေကို တတ်သိနှံ့စပ်သူတွေကိုချဉ်းကပ်ပြီးမေးစမ်း၊ မှတ်သား သင်ကြားရပါတယ်။
ထောင်က အဲဒါမျိုးကိုတောင်လက်မခံဘဲ ‘စာမသင်ရ′ ဆိုပြီး အမိန့် ထုတ်ပါတယ်။ ဒါပေမယ့် ပညာငတ်မွတ်တဲ့ ကျောင်းသားတွေက′ဗြောင်′ မသင်ရရင် ′ခိုး′ သင်ပါတယ်။မဂ္ဂင်ဆရာတော်က အင်္ဂလိပ်စာ အင်မတန်ကောင်းတာဆိုတော့ ကျောင်းသားတွေက စာသင်ပေးဖို့ ၀ိုင်း လျှောက်ထားကြပါတယ်။ ဆရာတော်ကြီးကလည်း ကျောင်းသားတွေကို ကရုဏာသက်တော်မူတာနဲ့ ′ပညာအမွေပေးတာ မြတ်တယ်′ ဆိုပြီး အင်္ဂလိပ်စာ သင်ပေးပါတယ်။ အဲဒီကိစ္စကို ထောင်အာဏာပိုင်တွေ မကျေမနပ်ဖြစ်ပြီး ′နိုင်ငံရေး သမားတွေ လူစုတယ်′ ဆိုတဲ့ မခိုင်မလုံ အကြောင်းပြချက်နဲ့ တားမြစ်ပါတယ်။ ထောင်ထဲမှာ လူဆိုးတွေ လက်ဝှေ့ ချိန်းထိုးကြတာတို့၊ လောင်းကစားကြတာတို့ ကျတော့ ′လူစုတယ်′ ဆိုပြီး မတားမြစ်ပါဘူး။
ဒါပေမယ့် ဆရာတော်က စာဆက်သင်ပေးတာပါပဲ။
′အင်္ဂလိပ်စာလည်း နားလည်၊ တပြိုင်တည်းမှာ ဘာသာရေးကိုလည်း ပိုသိ′ ဆိုပြီး သင်ပေးတာမျိုးပါ။ ဆရာတော် သင်ပေးလိုက်လို့ ပရိတ်ကြီး (၁၁) သုတ်နဲ့ ဓမ္မစကြာ တရားတော်ကို အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ သုံးဘာသာနဲ့ တတ်သွားတဲ့ ကျောင်းသားတွေ ထောင်ထဲမှာအများကြီးပါ။ အဲဒီလို ကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ပေးရကောင်းလားဆိုပြီး ထောင်ထဲမှာ မဂ္ဂင်ဆရာတော် ခဏခဏ တိုက်ပိတ် ခံရပါတယ်။ တိုက်ပိတ် ပြစ်ဒဏ်က ပြန်လွတ်လာရင် ဆရာတော်က စာဆက်သင်တာပါပဲ။
ဆရာတော်ပြောတဲ့ ရဲဝံ့ပြတ်သားတဲ့ စကားတခွန်းရှိပါတယ်။
′ငါ့ကို ကျောင်းသားတွေ စာသင်ပေးလို့တိုက်ပိတ်ရင်၊ တိုက်ထဲမှာ စာဆက်သင်မယ်′
ဆိုတဲ့ စကားပါ။
ထောင်ထဲမှာ ပြဿနာ ရှာလွန်းလို့ ဆိုပြီး အင်းစိန်ထောင်ကနေ သရက်ထောင်ကို ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတရာ၊ အပြောင်းခံရတော့ ထောင်အာဏာပိုင်တွေက ဆရာတော်ကိုလည်း ′ချန်′ မထားပါဘူး။ ကျနော်တို့နဲ့အတူထောင်ပြောင်းလိုက်ပါတယ်။
မဂ္ဂင်ဆရာတော်နဲ့ ပတ်သက်လို့ အ ဖြစ်အ ပျက်တခု မှတ်မိပါသေးတယ်။ သရက်ထောင် ရောက်ရောက်ချင်း ကျနော်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားရှစ်ဦးကို အကြောင်းပြချက်မရှိဘဲ၊ ထောင်အာဏာပိုင်ဆန့်ကျင်ရေး လုပ်တယ်လို့ စွဲချက်တင်ပြီး ဒေါက်ခြေကျင်းခတ်၊ တိုက်ပိတ် ပြစ်ဒဏ်ပေးလိုက်ပါတယ်။
အဲဒီလိုနဲ့ သရက်ထောင်၊ အမှတ်(၃)တိုက်မှာ ကျနော်တို့ တိုက်ပိတ်ခံနေရပါတယ်။ သိပ်မကြာပါဘူး။ ကျနော်တို့ တိုက်ကို တိုက်ပိတ်ပြစ်ဒဏ်နဲ့ နောက်ထပ်အကျဉ်းသားတဦးရောက်လာပါတယ်။ တခြားသူမဟုတ်ပါဘူး။ မဂ္ဂင်ဆရာတော်ကြီးပါ။ ထုံးစံအတိုင်း ′ကျောင်းသားတွေကို စာသင်ပေးမှု′ နဲ့ ဆရာတော်ကို တိုက်ပိတ်ပြစ်ဒဏ်ပေးလိုက်တာပါ။ အဲဒီလိုနဲ့ အမှတ်(၃)တိုက်မှာ တိုက်ပိတ်ပြစ်ဒဏ်ခံနေရတုန်း တနေ့မှာ ထောင်အာဏာပိုင်တွေက ကျနော်တို့ကို အပြစ်မရှိ အပြစ်ရှာပြီး ပက်ပက်စက်စက် ထုတ်ရိုက်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ′နိုင်ငံရေးသမား ကျောင်းသားကောင်တွေ မာနကြီးတယ်′ ဆိုတဲ့မလိုမုန်းထားမှုနဲ့ ပါ။
ရိုက်တာကလည်း ထောင်ဝါဒါတွေ အုပ်စုလိုက် လက်လွတ်စပယ် ၀ိုင်းရိုက်တာပါ။ တချို့ဆို နောက်ပိုင်းမှာ ဆေးအတော် ကုယူရပါတယ်။အဲဒီအချိန် အသက်(၇၀)ကျော် ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးကိုပါ ချန်မထားဘဲ ဘာမဆိုင် ညာမဆိုင်ရိုက်ပါတယ်။ ကျောင်းသားတွေက ကိုယ်တိုင် အရိုက်ခံနေရတဲ့ ကြားထဲက မခံမရပ်နိုင် ဖြစ်ပြီး
′ခင်ဗျားတို့မိုက်ရိုင်းလှချည်လား၊ ဗုဒ္ဓဘာသာတွေ မဟုတ်ကြဘူးလား၊ အဲဒါ ဆရာတော်ကြီးကွ′
လို့ ၀ိုင်းအော်ကြပါတယ်။
ဆရာတော်ကတော့ အဲဒီလိုအော်လို့ ကျောင်းသားတွေ ပိုအ ရိုက်ခံရမှာကို စိုးရိမ်ပြီး
′ငါ့သားတို့၊ မပြောကြနဲ့၊ သူတို့ ရိုက်ချင်ရင် ရိုက်ပါစေ′ လို့ ကျောင်းသားတွေကို တားတော်မူပါတယ်။ အဲဒီနောက် ရိုက်တာနှက်တာကို မညည်းမညူ သည်းခံတော်မူရှာပါတယ်။ ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကို ရဟန်းသံဃာတော်တွေ အဖြစ် သဘောမထားဘဲ ခိုးဆိုးလုယက် ရာဇ၀တ်သားတွေ အဖြစ်သာ သဘောထားတာပါ။
ဒါကြောင့် ထောင်ထဲမှာဆရာတော်ကြီးများရဲ့ ဘွဲ့တော်အမည်ကို မခေါ်ဘဲ လူနာမည်ကိုသာ ခေါ်ပါတယ်။ အသက် ခုနှစ်ဆယ်ကျော်မဂ္ဂင်ဆရာတော်ကြီးကို ဆရာတော်ရဲ့ လူနာမည်ဖြစ်တဲ့ ′ဦးရွှေသာအေး′ လို့သာ ခေါ်ပါတယ်။ ခေါ်ရာမှာတောင် ′ဦး′ ထည့်မခေါ်ဘဲ ′ဟေ့ ရွှေသာအေး′ လို့ အသက်လေးဆယ်သာသာ စစ်ဗိုလ်ထောင်ပိုင်က မာရေကျောရေနဲ့ခေါ်တာပါ။
ဦးခွန်ဆိုင်းအမြင်
အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ဦးခွန်ဆိုင်းကလဲဆရာတော်ကြီးနဲ့ပက်သက်လို့သူသိသမျှကို အခုလိုပြောပြပါတယ်။
မဂ္ဂင်ဆရာတော်ကြီး ကို သရက်ထောင်မှာစတင် ဖူးတွေ့ဘူးပါတယ်။ဆရာတော်ကြီးက Time Magazine ကဆောင်းပါ (Burma under boots) ( စစ်ဖိနပ်အောက်ကဗမာပြည်) ကို ဘာသာပြန်ဖြန့်ဝေမှုနဲ့ ထောင်ကျလာတာပါ။ တပည့်တော်က၉၀ခုနှစ် စက်တင်ဘာ သပိတ်ဖြင့် သရက်ထောင်ကို ပြောင်းတော့ ဆရာတော်ကြီးနဲ့ ဆုံတာပါ။ တတိုက်ထဲ တခါမှ မထားဘူးပါ။ဝန်ထမ်းတွေ အလစ်မှာ အပြေးအလွှား သွားဖူးရတာပါ။ ဆရာတော်ကြီးနဲ့ အတူနေသူတွေ ( ရဲမော်ထူး အခု အမေရိကားရောက် နေတယ်။ စစ်သားဟောင်း ကိုမျိုးမြင့် ရဲ့ ယောက်ဖ ) ပြောပြချက်များ ကိုဝင်းနိုင်ဦး( ယခင်အာအက်ဖ်အေ ) တို့ ပြောပြတာတော့ တနေ့ တခါသာ ဘုန်းပေးပါတယ်။ ဆွမ်းအကပ်ခံပါတယ်။ အကြောင်းမသိသူက မနက်စောစော မုန့်သွားကပ်မိရင် တနေကုန် ဘာမှ ဘုန်းမပေးတော့ပဲနေလို့နောင်မှာ ကပ်စရာ ဆွမ်းခဲဘွယ်ဘောဇဉ်တွေအားလုံးကို တခါတည်း အပြီးကပ်ကြရပါတယ်။
တရားထိုင်နေ မှတ်နေချိန် အလွန်များပါတယ်။ တရား မထိုင်တဲ့အချိန်မှာ အင်္ဂလိပ်စာ သင်ပေးပါတယ်။ သူသင်တာတွေက မင်္ဂလသုတ်ကို အင်္ဂလိပ်လို ။မေတ္တာသုတ်ကို အင်္ဂလိပ်လို ရေးပြီး ကျက်မှတ်ခိုင်းတာမျိုးပါ။ တရားစာနဲ့ အင်္ဂလိပ်စာကို တခါတည်း ရအောင်လို့ မိန့်ပါတယ်။ နိုင်ငံအတော်များများ ကြွဖူးတယ်။ တိဘက်လည်းကြွဖူးတယ်လို့ သိရပါတယ်။ တချို့ကျင့်စဉ်တွေက တိဘက်က ပါလာတာလို့ ဆရာတော်ကြီးနဲ့ အတူနေတဲ့သူတွေက က သုံးသပ်ကြပါတယ်။
အနေအစားအလွန်အေးချမ်းတယ်။ ထောင်နဲ့ တိုက်ခန်းကို တကယ်ကျောင်းအမှတ်နဲ့ သတင်းသုံးနိုင်တဲ့ ဆရာတော်လို့ နိုင်ငံရေးအမှုနဲ့ ကျလာတဲ့ တတိုက်ထဲက အကျဉ်းသားတွေက မြင်ကြတယ်။ ဘယ်အခါမှ ပူပန်တာကြောင့်ကြတာ ဒေါသထွက်တာ မတွေ့ရဘူး။ အမြဲအမှတ်နဲ့ နေတယ်လို့ပြောကြပါတယ်။ အဆုံးအမတွေထဲက မှတ်မိတာတော့ ပုထုဇဉ်ဘ၀မှာ အမှတ်နဲ့နေခြင်းကို ဘယ်မှာမဆို ကျင့်သုံးလို့ရတယ်။ ကာမဂုဏ်ခံစားချိန်မှာတောင် အမှတ်နဲ့ ခံစားရင် အလွန်အကျွံမဖြစ်ဘူးလို့ဆုံးမပါတယ်။
ထောင်ပိုင် ဗိုလ်ကြီးသောင်းညွန့်လက်ထက်မှာ သူသတင်းသုံးတဲ့ တိုက်မှာ ဘောပင်တချောင်းတွေ့လို့ အားလုံးကို ထောင်ပိုင်က မချိမဆန့်ရိုက်တော့ ဆရာတော်ကြီးလည်း အရိုက်ခံရတယ်။ နောက်မကြာခင် ဆရာတော်ကြီး သိက္ခာ သမာဓိကို သိလာတော့ ထောင်ပိုင်က သူအိမ်ကနေ ဆွမ်းဟင်းပုံမှန်ပို့စေတယ်လို့ သိရပါတယ်။ ထောင်က ပြန်လွတ်တော့ ဆရာတော်ကြီးနေတဲ့ မဂ္ဂင်ကျောင်းလေးကို ပြန်ဆောက်ရတဲ့အခါ တပည့်တော်လည်း တတ်အားသမျှ မ တည်ပေးခဲ့ပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာပြတာလည်း ဆက်လုပ်ပါတယ်။
ဒါပေမယ့် ဆီးချိုရောဂါစွဲကပ်တာ အလွန်ပြင်းထန်တာ ကြောင့်နောက်ပိုင်းမှ သတိချို့ယွင်းကျန်းမာရေးချို့ယွင်းလာပြီး ဆေးရုံတင်ကုသပေမယ့် နောက်ဆုံးပျံလွန်တော်မူသွားကြောင်းသိရပါတယ်ဘုရား။
ဆရာတော်ကြီးရဲ့နောက်ဆုံးအချိန်
၂၂-၆-၂၀၀၅ ခုနှစ်၊ကြာသာပတေးနေ့ ည(၁၀း၂၀) နာရီမှာ သက်တော်(၈၃)နှစ် ၀ါတော် (၆၃) ၀ါတွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သော ဆရာတော် ဦးဘဒ္ဒန္တ၀ါသ၀ပဏ္ဍိတ (မဂ္ဂင်ဆရာတော်) ကို ပျံလွန်တော်မမူမီရက်များကြမှ ထောင်မှာ အတူတူနေထိုင်ခဲ့ဘူးသောဦးပဉ္စင်းတပါးအကူအညီနဲ့ အရေးပေါ်တက်ပြီး ဆေးကုသ ခံယူနေသော မဂ္ဂင်ဆရာတော်ကြီးအားဆေးရုံမှာစတင်ဖူးတွေ့ ခဲ့ရပါတယ်။ စာရေးသူ စတင်ဖူးတွေ့ ချိန်မှာသတိလစ်ပြီးမေ့မျောနေပြီး အခြေအနေမှာဆုတ်ယုတ်ကျဆင်းကာ နလန်မထူနိုင်လောက်အောင် ကျန်းမာရေးဆိုးရွားနေတာကို စိတ်မသက်သာစွာနဲ့ ဖူးတွေ့ ရပါတယ်။
ဆရာတော်ကြီးရဲ့ဝေယျာဝစ္စအ၀၀ကို ကူညီလုပ်ကိုင်ပေးနေသူများနှင့် ဆေးရုံဝန်ထမ်းတချို့ ကလည်း တာဝန်များ မလစ်ဟင်းရအောင် စိတ်ရော ကိုယ်ပါအတတ်နိုင်ဆုံး လုပ်ကိုင်ပေးနေကြတာကိုတွေ့ ရပါတယ်။ စပြီးဖူးတွေ့ ပြီ ဆိုကတည်းက ဆရာတော်ကြီးပျံလွန်တော်မူတဲ့အထိ နှမြောတသစွာနဲ့နေ့ တိုင်းလိုလို ဆေးရုံကိုရောက်ဖြစ်ပါတယ်။ ရောက်သွားခဲ့ရင်လည်း ၀ိုင်းဝန်းကူညီ ကုသိုလ်ယူရင်း အချိန်ဖြုန်းနေတတ်ပါတယ်။
ဆရာတော်ကိုလာဖူးကြသူအတော်များများကလည်း စာရေးသူနဲ့ ပတ်သက်တဲ့သူတွေရော၊ ဆရာတော်နှင့် ပတ်သက်သူတွေပါမကျန် အားလုံးနီးပါးက ထောင်ထွက်အသိုင်းအ၀ိုင်းက ရဲဘော်ရဲဘက်တွေပါ။ ဒီအ၀န်းအ၀ိုင်းလေးမှာ ချစ်စရာကောင်းတာက ကူညီရိုင်းလိုတဲ့စိတ်ရင်းအခြေခံနဲ့ ၀ိုင်းဝန်းကူညီနေကြတာဖြစ်လို့ အားရကျေနပ်မိပါတယ်။
ဒါကိုတဖက်မှာရှိနေတဲ့  အာဏာပိုင်တွေက ဆေးရုံကိုလာရောက်ဖူးမျှော်ကြသူတွေကို နေ့ ရော ညပါ စောင့်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးဆီ လာဖူးသူ ကူညီသူတော်တော်များများဟာ ၈၈ မျိုးဆက်တွေ ဖြစ်နေတာကတကြောင်း၊ နိုင်ငံရေးအရ အခြေအနေတွေကို စောင့်ကြည့်ခံနေတာကတဖုံ၊ အမျိုးမျိုးသောအမြင်တွေနဲ့  ဘေးပတ်ဝန်းကျင်တွေမှာပေါ်ပေါ်ထင်ထင်စောင့်ကြည့်နေကြပါတယ်။
ကိုမင်းကိုနိုင်တို့ ၊ကိုကိုကြီးတို့ပါမကြာခဏ သွားလာနေတော့ အာဏာပိုင်တွေက ညတိုင်းလိုလိုစောင့်ကြည့်နေပါတယ်။ လာတဲ့သူတွေတိုင်းက ထောင်ထွက်အုပ်စုတွေဖြစ်နေတာမို့ အမြင်မကြည်လင်မှုတွေနဲ့ပဲ ရွှေဗဟိုဆေးခန်းမှာ တလလောက်ဆေးကုသမှုခံရင်း ဆရာတော်ဟာ ၂၃-၆-၀၅ နေ့ ကြာသာပတေးနေ့ ၊ ည ၁၀နာရီ ၂၀မိနစ်လောက်မှာပဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။
ဆရာတော်လည်း ဒီအချိန်ဒီနေ့ ကျမှ ကံကုန်နေ့ စေ့ပြီး ပျံလွန် တော်မူသွားခဲ့ရပြီး၊ ကြီးရင့်ပြီး မှည့်လာခဲ့တဲ့အခါ ကြွေသွားရှာလေရဲ့  လို့ သံဝေဂရမိပါတယ်။ ပျံလွန်တော်မမူမီက မျက်နှာတော်ကလည်း ရုန်းကန် ရှုံ့ တွ မသက်မသာဖြစ်လေဟန် အနေအထားကိုမတွေ့မြင်ရပါ။ ရောင့်ရဲတင့်တယ်ခြင်းတွေ နဲ့ ဆရာတော်ဟာ အရာရာသည် နတ္တိပေတည်းဟူသောတရားကို ကိုင်စွဲထားလေသလားမသိ။ ဝေဒနာကိုမချိမဆန့် ခံစားရင်း ပျံလွန်တော်မူခြင်း မဟုတ်ပါ။
စာရေးသူနဲ့ ရွှေဗဟိုဆေးခန်းမှာစတွေ့ ချိန်က စပြီး ဆရာတော်ရဲ့ ကျောပြင်ရောတင်ပါးပါ စုတ်ပြတ်သတ်နေအောင် အရေပြားတွေလန်ပြီး အသားတွေ နီရဲနေတာကို စိတ်မသက်သာစရာ ဖူးမြင်တွေ့ ခဲ့ရပါသေးတယ်။ တရားမရှိသူတွေသာသေရမှာကို ကြောက် ကြတာပါ။ ဆရာတော်ဟာ မဆုတ်မနစ်တဲ့ ဇွဲလုံ့ လတွေနဲ့  သေခြင်းတရားကိုလည်း မကြောက်၊ နာခြင်းတ ရား ကိုလည်း မရွံ့ တဲ့ တကယ့်တရားတွေ နဲ့  ကျင့်ကြံပြီး ပြည်သူတွေရဲ့ အရေး ရှေ့ ဆောင်လမ်းပြခဲ့တာပါ။
ငယ်စဉ်ကတည်းက ဟင်္သာတ၊အင်းကိုင်ရွာမှာ ကိုရင်ဝတ်တယ်။ ညောင်တုန်းရွှေဟင်္သာတောရမှာ ကိုရင်ဝတ်နဲ့ ပဲ အကြီးတန်းအောင်ခဲ့တယ်။မြောင်းမြ ပဇ္ဇောတာရုံတိုက်၊ ပခုက္ကူ မဟာဝိသုတာရာမတိုက်၊ ရန်ကုန်နဲ့ မန္တလေး စာသင်တိုက်များမှာ ပရိယတ္တိစာပေတွေသင်ကြားခဲ့ပါတယ်။ချရှူးချန်ဒရာ ကောလိပ်က ဆန်းခရစ်နေရူးဘွဲ့ တံဆိပ်ဖြစ်တဲ့ ရှင်ဝါသ၀ါဘိ ဆန်း စ် ခရစ်ပဏ္ဍိတ ဘွဲ့ နဲ့ အင်္ဂလန် ကိန်းဘရစ်တက္ကသိုလ် ကလည်း ဖီလော်ဆော်ဖီဘာသာရပ်အပြင် ဘွဲ့ အမြောက်အများရရှိခဲ့ပါသေးတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် ဆရာတော်ရဲ့ ဂုဏ်နဲ့ သမာဓိဘယ်လောက်အားကောင်း နေတယ်ဆိုတာ သိသာထင်ရှားလှပါပေတယ်။ လမ်းကြောင်းတခုအပေါ်မှာသတ်သတ်မှတ်မှတ်နဲ့ ဆရာတော်
ရဲ့  ဦးတည် ဆောင်ရွက်နေမှုတွေဟာ အများပြည်သူအပေါ်စာနာသနားတဲ့ စိတ်တွေ အတောမသတ် နိုင်ဘဲ ၀ီရိယစိုက်ထုတ်ပြီးဆောင်ရွက်ခဲ့မှုတွေဟာဆရာတော်ရဲ့ မှတ်တိုင်တခုပါ။
ပုသိမ်ညွန့် အေဘီစီ(၆)လမ်းထဲ မှာ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေဖွင့်လှစ်ပြီး ချို့ တဲ့သူတွေအတွက် ဘာသာစုံအခမဲ့  ပညာသင်ပေးခဲ့ပြီးဘာသာ စကားသင်ကျောင်းတွေလည်း ရန်ကုန်တိုင်းမြို့ နယ်များအနှ့ံ ကိုယ်တိုင်သင်ကြားအုပ်ချုပ်ခဲ့ပါတယ်။ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာလည်းပဲ အချိန်ပိုင်းကထိကအဖြစ်သင်ကြားပေးခဲ့ပါတယ်။ လာအိုနိုင်ငံ ဗုဒ္ဓဘာသာတက္ကသိုလ်မှာ ကထိကအဖြစ် (၂)နှစ်ကျော်လောက်ဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ကြိုးပမ်းမှု ပေးလှူစွန့် ကြဲ ခဲ့တဲ့ ပညာဒါနတွေကိုကြည့်ခြင်းအားဖြင့် ဆရာတော်ဟာကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတာ လက်ခံယုံကြည်လို့ ရပါတယ်။
ဆရာတော်ရဲ့ ဈာပနမှာ ဆရာတော်ကိုယုံကြည်ကိုးစားသူတပည့်တပန်းတွေတော်တော်များ
များ ၀မ်းနည်းခြင်းကြီးစွာနဲ့ နေ့ခင်း ၃နာရီမှာသဂြိင်္ုဟ်မဲ့ဆရာတော်ကြီးရဲ့ဈာပနအတွက် ကြိုတင်ရောက်နေကြတဲ့ ပရိသတ်ကြီးဟာ မဂ္ဂင်ကျောင်းရှိရာ သင်္ဃန်းကျွန်း ကျိုက္ကဆံဘုရားအနောက်ဖက်မှာ ၀င်ထွက်သွားလာသူတွေနဲ့ မနက် ၉နာရီလောက်ကတည်းက ရောက်ရှိနေကြပါတယ်။
ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအ နားကို(၂၇-၆-၀၅) နေ့မှာ တပည့်တပန်းတွေစုံညီစွာ နောက်ဆုံး ဖူးမျှော်ဂါရ၀ပြုကြပါတယ်။ အာဏာရှင်စနစ်အောက်မှာ ပညာတတ်ဆရာတော်ကြီးတပါး အချိန်မတန်ခင် ကြွေလွှင့်ခဲ့ရတာပါ။ အင်မတန် ကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။
ရင်းမြစ်။
လူငယ်တဦးရဲ့မှတ်တမ်းမဲ့မှတ်တမ်း(၀င်းနိုင်ဦး)
မဂ္ဂင်ဆရာတော်(သို့) အဓမ္မကိုအံတုသူ(မောင်ကြီးသျှင်)
ဦးခွန်ဆိုင်း၏ပြောပြချက်များ
အမျိုးဘာသာ၊သာသနာအား
စော်ကားနေခြင်းကို
မြင်နေ၊ ကြားနေရသည်မှာ
အလွန်မှ
ရင်နင့်စရာကောင်းလှ၏
ရိုင်းမိုက်လေခြင်း လို့သာ
ဆိုချင်ပါတယ်။
သာကီသွေး
ယဉ်ကျေးမှုရဲ့ နောက်ဆုံးခံတပ်မြို့