လောကပါလ – ဒေါ်နယ့်စိတ်ဓာတ် [၇]
[၁၄]
ထရန့်က လက်ဝှေ့ထိုးခြင်းနှင့် ဘော်လုံးအားကစားကိုဝါသနာထုံပြီး ကြေးစားဘော်လုံးအသင်း တသင်းပင် ပိုင်ဆိုင်ခဲ့ဖူး၏။ အလုပ်သင်ဇာတ်လမ်းပဏာမအဖြစ် ရုပ်မြင်သံကြားပရိဿတ်ကို ကြမ်း ကြုတ်သော ဒါဝင်ကမ္ဘာ (Darwinian world) မှ သူက ကြိုဆိုခဲ့သည်။
“ နယူးယောက်ဆိုတာ ကျွန်တော့်ရဲ့မြို့ပါ။ ကမ္ဘာ့စီးပွားရေးဘီးတွေ မရပ်မနားလည်ပတ်နေတဲ့ နေရာ ပေါ့။ စီးပွားရေးလောကကြီးကို ပြိုင်ဘက်ကင်းတဲ့အားအင်တွေ ရည်မှန်းချက်တွေနဲ့ မောင်းနှင်ပေးနေ တဲ့ ကွန်ကရစ်မြို့တော်ကြီးပါ။ မန်ဟတ္တန် (Manhattan) ကတော့ တကယ့်ကို ကြမ်းတမ်းပါတယ်။ အဲ သည်ကျွန်းဟာ တကယ့်တောရိုင်းကြီးတခုပါပဲ။ ခင်ဗျားဂရုမစိုက်လို့ကတော့ သူကခင်ဗျားကိုဝါးပြီး ထွေး ထုတ်လိုက်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားသာကြိုးကြိုးစားစား အလုပ်လုပ်မယ်ဆိုရင် အကြီးကြီး ဖြစ် သွားနိုင်တယ်။ တကယ့် အကြီးကြီးနော်”။
ဤပုံပြင်သည် ငွေနောက်လိုက်သည့် ပုံပြင်မဟုတ်။ ထရန့်ရေးလေ့ရှိသကဲ့သို့ပင် ငွေဆိုသည်မှာ လုပ် သမျှ အရာထင်ဖို့ နည်းလမ်းတရပ်အဖြစ်မှလွဲ၍ သူ့အတွက် ကြီးကြီးမားမား ရင်ခုန်စရာမဟုတ်။ ထို အစား သူ့ပုံပြင်က ထိပ်တန်းသို့ လမ်းပေါက်ကာ လှမ်းရောက်နိုင်ရေးကို ပြောပြလေသည်။
သမ္မတတယောက်အနေနှင့် အမေရိကန်ကိုပြန်လည်ကြီးမြတ်အောင် လုပ်ပြမည်ဟု ဒေါ်နယ်ထရန့်က ကတိပြုထားသည်။ ချိနဲ့သွားသောအမေရိက စာအုပ်၌ ထိုကိစ္စအောင်မြင်ရေးအတွက် ပထမခြေလှမ်း အဖြစ် လက်နက်ကိုင်တပ်ဖွဲ့အင်အားကို တိုးချဲ့ရမည်ဟု သူကရေးသားထား၏။ “အရာရာဟာ အား ကောင်းတဲ့ စစ်တပ်အပေါ် မူတည်နေတယ်။ အရာရာမှာပဲ” ။ အမေရိကန်နိုင်ငံအနေနှင့် ရင်ဆိုင်နေရ သောရန်သူများမှာ ကွင်းနှင့်မန်ဟတ္တန်သူရဲကောင်းကြီး ထိပ်တိုက်တိုးခဲ့ဖူးသမျှ ရန်သူတွေထက် ပို၍ ကြောက်စရာကောင်းသည်။ “သည်လောက် အန္တရာယ်များတဲ့အချိန်မျိုး မကြုံဖူးသေးဘူး” ဟု ထရန့်က ပြောသည်။ အိုက်စစ် (ISIS) အဖွဲ့ဝင်တို့သည် အလယ်ခေတ်အရိုင်းအစိုင်းများဖြစ်ကြပြီး ၎င်းတို့ တဦး တယောက်မျှမကျန်သည်အထိ တွေ့ရာသင်္ချိုင်းဓားမဆိုင်း လိုက်လံခြေမှုန်းပစ်ရမည်။ သူ့လောက် ကြောက်စရာမကောင်းသည့်တိုင် သူ့ထက် လျော့၍ ရန်လိုမည်မဟုတ်သည့် တရုတ်ကဲ့သို့သော စီးပွား ပြိုင်ဘက်တွေရှိသေးသည်။ သူတို့က ကျုပ်တို့ကို ချပြီးရင်း ချနေကြတာ။ ကျုပ်တို့က သူတို့ကိုပြန်ချ ရမယ်။
စီးပွားရေးစစ်ပွဲတွင် အောင်ပွဲရခြင်းသည် တကဏ္ဍဖြစ်၍၊ တကယ့်စစ်ပွဲများကို အစမှအဆုံးထိ အနိုင်ရ ခြင်းမှာ သီးခြားကဏ္ဍတရပ်သာဖြစ်၏။ တနည်းအားဖြင့် ထရန့်သည် အချို့သောသမ္မတလောင်းများ နှင့်စာလျှင် စစ်ရေးပါဝင်ပတ်သက်မှုတွင် အားသန်သူမဟုတ်။ သူက ဂျော့ဘွတ်၏ ၂၀၀၃ ခုနှစ် အီရတ် နိုင်ငံအား ဝင်ရောက်တိုက်ခိုက်ရန်ဆုံးဖြတ်ချက်ကို ပြင်းထန်စွာဝေဖန်ပြီး ဆီးရီးယားသို့ အမေရိကန် တပ်များ စေလွှတ်ခြင်း ပြုရန်ကိုလည်း သတိပေးခဲ့၏။
သို့တိုင်အောင် အမေရိကန်တို့၏ရန်သူများအပေါ် ထရန့်သုံးစွဲခဲ့သော မီးလောင်လေပင့်စကားလုံးများ အပေါ် စိုးရိမ်ရန်အကြောင်း ကောင်းကောင်းရှိသည်ဟု ကျွန်ုပ်ယုံကြည်သည်။ မီရှီဂန်တက္ကသိုလ်မှ စိတ် ပညာရှင် ဒေးဗစ်ဝင်းတား (David Winter) ၏ ပွဲဦးထွက် သမ္မတမိန့်ခွန်းများအပေါ်လေ့လာချက်အရ စကားလုံးများတွင် အင်အားအခြေပြုပြီး ရန်လိုသောပုံရိပ် ရက်ရှယ်ထားသည့် သမ္မတို့သည် ထိုသို့ မဟုတ်သော သမ္မတတို့ထက်ပို၍ စစ်ပွဲဆီသို့ခေါ်ဆောင်တတ်ကြကြောင်း တွေ့ရှိရ၏။ ထရန့်ဘဝ ဇာတ်ကြောင်းနှင့် အမေရိကန်၏ရန်သူတော်တို့အပေါ် သူ့အမြင်တို့သည် အမှန်ပင်ရန်လိုသော သဘောရှိ၏။ ၎င်းအပြင် သူ့ပရဘာဝနှင့်အတ္တဘာဝ ဓာတ်ခံများက စွန့်စားမှုကြီးမားသော (သမိုင်းတွင် အမှတ်ရနေစေမည့်) အလုပ်မျိုးကို နှစ်ခြိုက်ကြောင်းဖော်ပြနေကြ၏။ တခါတရံ မာမာကြောကြော ပြော တတ်ခြင်းသည် တဘက်မှကြောက်ရွံ့ပြီး နောက်ဆုတ်သွားသည့်အခါမျိုးတွင် လက်နက်ကိုင်ပဋိပက္ခ ကို ရှောင်လွှဲစေနိုင်သည်။ သို့သော် ထရန့်၏တိုက်ပွဲခေါ်သံအသုံးအနှုန်းအနှနှ်ုးများက သူ့ကို ထောက်ခံ သူများအကြား အမျိုးသားရေးဒေါသများပေါက်ဖွားစေနိုင်ပြီး သူဦးတည်သောတိုင်းပြည်ကို ရန်စသည့် အနေအထားသို့ ရောက်ရှိစေနိုင်သည်။
အစဉ်အလာအားဖြင့် ကမ္ဘာတဝှမ်းရှိ စစ်သည်တော်ဇာတ်ကြောင်းတွေမှာ လူငယ်တို့အတွက် လူငယ် များ အကြောင်းသာဖြစ်သော်လည်း ထရန့်အဖို့ရာမူကား သူ့ဇာတ်ကြောင်းတခုတည်းကို တသက်လုံး လက်ခံထားလေသည်။ အသက် ၇၀ နားကပ်လာသည့် ယခုအခချိန်မှာပင်လျှင် သူသည် စစ်သည် တော်တဦးအဖြစ် ရပ်တည်ဆဲ။ ရှေးဟောင်းတိုက်ပွဲဝင်လူငယ်များသည် ၎င်းတို့၏အနိုင်ကို ဆုလဘ်များ မိန်းမများဖြင့် အားပါးတရ ခံစားတတ်ကြ၏။ ဤတွင်လည်း ထရန့်ကအောင်မြင်မှုကြီးမားသူဖြစ်သည်။ ၁၉၇၀ မဟာဗျူဟာလမ်းကြောင်းရွေးချယ်ခြင်းများ၊ ၁၉၈၀ ခုနှစ်များဆီက (ဂရင်းဟေးရပ် (Grand Hyaat) ဟော်တယ်ထရန့်တာဝါ (Trump Tower) အပါအဝင်) ကြီးကျယ်ခန်းနားသော အောင်ပွဲ များနှင့် ၁၉၉၀ ခုနှစ်များအတွင်းအကျအရှုံးများကြားမှ ပြန်လည်ပေါ်ထွက်လာပြီးနောက်တွင် ပြန့်နှံ့လာ သော သူ၏အမှတ်တံဆိပ်နှင့်ကျော်ကြားမှုတို့ ဖြစ်ကြသည်။ ထိုကာလများတလျှောက် သူသည် အနိုင် ရဖို့ စစ်တိုက်သော ရက်စက်သည့် စစ်သူကြီးအဖြစ် ရပ်တည်ခဲ့၏။
သို့ရာတွင် တိုက်ပွဲတွင်အနိုင်ရသည့်အခါတိုင်း မြင့်မားလာသောဆုလဘ်နှင့် ကျယ်ပြောလာသော ရည် မှန်းချက်တို့နှင့်ပတ်သက်လျှင်မူ ပုံပြင်များက အသံဆိတ်နေသယောင် ရှိကြ၏။ မဲဆွယ်ပွဲခရီးစဉ် အသံ လွှင့်ထုတ်မှုများ၊ သူ့စာအုပ်များ၊ သူ့အင်တာဗျူးများတွင် ဒေါ်နယ်ထရန့်အကြောင်းသတင်းတိုထွာတွေ ပါဝင်သလို ရှားရှားပါးပါးအခန့်သင့်လျှင် ဒေါ်နယ်တယောက် အရှုပ်အထွေးများဆီမှ နောက်ပြန်လှည့် သည့်သတင်း၊ ရှေ့တန်းစစ်မျက်နှာမှ အိမ်သို့ပြန်ကာ အနိုင်တိုက်ခြင်း၏ရည်ရွယ်ချက်များအကြောင်း ပြန်လည်သုံးသပ်နေပုံများကို မျက်မြင်ဒိဋ္ဌကြုံကြရမည် ဖြစ်သည်။ သူ့ဘဝအတွက်အနိုင်ရခြင်း သို့ မဟုတ် အမေရိကန်နိုင်ငံအတွက်အနိုင်ရခြင်း တခုမဟုတ် တခုတော့ဖြစ်မည်။
ထရန့်၏တိုက်ပွဲဝင်ကိုယ်ရည်ကိုယ်သွေးအရ သူသည် အမေရိကန်ကိုတခါပြန်၍ကြီးမြတ်စေရန် (သူ ဘာကို ဆိုလိုသည်ဖြစ်စေ) ဆောင်ကြဉ်းပေးနိုင်မည့်သူဟု ယုံကြည်စေလောက်၏။ သို့ရာတွင် သူ့ ဇာတ်ကြောင်းမှာ ပြိုင်ဘက်သမ္မတလောင်းများနှင့်သော်၎င်း ယ္ခင်သမ္မတဟောင်းများနှင့်သော်၎င်း ယှဉ် လျှင် ဦးတည်ချက်အရာ၌ ပေမမီသလို ဖြစ်နေသေးသည်။ ကိုယ်စားလှယ်အောင်ပွဲကို မီးမစွဲသည့်တိုင် မာကိုရူဘီယိုက တဖြည်းဖြည်းဆန်တက်လာသည့် ရွှေ့ပြောင်းသူများနှင့် လူမျိုးရေး ဗဟုဝါဒတို့ အကြောင်း စိတ်ဝင်စားဖွယ် ပြောပြခဲ့သည်။ တဒ်ခရုကလည်း သူ့ကိုယ်ပိုင် ဟိုရာရှိုအော်ဂျာ (Horatio Alger) ပုံစံဇာတ်ကြောင်းဖြင့် ကွန်ဆာဗေးတစ် သြဇာလွှမ်းသောအမေရိက မူဝါဒအပေါ်ရပ်တည်ကာ ဝါကြွားသွား၏။
[၁၅]
အောင်မြင်မှုများက ထရန့်၏ဘဝကို ကြည်လင်ပြတ်သားမှုနှင့် ရည်မှန်းချက်များ အပ်နှင်းထား၏။ အလားအလာရှိသော ဂျီအိုပီ (GOP) သမ္မတလောင်းတဦးအနေနှင့် နောက်ထပ် အောင်မြင်မှုကြီးကြီး မျှော်လင့်ရခြင်း၏အရသာကို သူခံစားရန် ရှိနေသည်။ သူ့ဇာတ်ကြောင်းကဲ့သို့သော ပြောစကားမျိုးမှ မည်သို့သော အစိုးရမူဝါဒတွေ ထွက်ပေါ်လာမည်နည်း။ မရေမရာစိမ်ခေါ်မှုတွေပြွမ်းသည့် အမေရိကန် သမ္မတအဖြစ်သို့ တကယ်တန်းရောက်ရှိတော့မည့် ရွေးကောက်ပွဲလွန်ကာလတွင် အဆိုပါဇာတ် ကြောင်းက မည်သို့သောထိန်းကျောင်းမှုတွေကို ပေးအပ်မည်နည်း။ ဒေါ်နယ်ထရန့်ပုံပြင်က သူ့အတွက် ရော အမေရိကန်အတွက်ပါ သမ္မတတဦးအဖြစ် သူဘာလုပ်မည် အုပ်ချုပ်ရေးအတွက် ဘယ်လိုအတွေး အခေါ်မျိုး သူလိုက်နာမည် နိုင်ငံနှင့်ကမ္ဘာကြီးအတွက် ဘာအစီအစဉ်ချမှတ်မည် သူ့အားအင် သူ့ဒေါသ တွေ ဘယ်နေရာမှာအသုံးချမည်ကို အနည်းအကျဉ်းသာ ပြောပြထား၏။ သည့်ထက်ပို၍ ပုံပြင်က ဒေါ် နယ်ထရန့်အား ထိုအကြောင်းအနည်းအကျဉ်းကိုသာ ပြောပြထားလေသည်။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာနီးပါးက သမ္မတအင်ဒရူးဂျက်ဆန်သည် ဒေါ်နယ်ထရန့်ထံမှာ ကျွန်ုပ်တို့ မြင်တွေ့ရသော စိတ္တဝိသေသလက္ခဏာများအတိုင်း ဖော်ထုတ်ပြသခဲ့၏။ ပရဘာဝနှင့်လူမှုရေး လွှမ်းမိုး ခြယ်လှယ်မှု၊ ဒေါသအငွေ့၊ အတ္တဘာဝအရိပ်များ၊ အများကြိုက် သက်ဦးဆံပိုင်ဟန်ပန် စသည်တို့ ဖြစ် လေသည်။ ဂျက်ဆန်သည် သူ့အချိန်မှာသာမက အမေရိကန်ရာဇဝင်မှာပါ ယနေ့ထက်တိုင် အငြင်းပွား ဖွယ်ပုဂ္ဂိုလ်တဦးအဖြစ် ရပ်တည်နေဆဲ ဖြစ်၏။ သို့တိုင်အောင် သောမတ်ဂျက်ဖာဆင်က ဂျက်ဆန်အား ဒေါသနှင့်ဆို့နင့်ကာ အန္တရာယ်ရှိသောကြောင့် သမ္မတအဖြစ်နှင့်လုံးဝမအပ်စပ်သူဟု သတ်မှတ်ခဲ့ခြင်း မှာမူ မှားယွင်းဟန်ရှိလေ၏။ သမ္မတအာဏာစက်ကို မယုံနိုင်လောက်အောင်ဖြန့်ကြက်ရာ၌ ဂျက်ဆန် အနေနှင့် သိသိသာသာအောင်မြင်မှုရရှိခဲ့ခြင်းမှာ စင်စစ် သူ့ဒေါသကိုသူထိန်းကာ တိုးတက်မှုအစီအစဉ် များတွင် မဟာဗျူဟာကျကျ အသုံးချနိုင်ခဲ့သောကြောင့်ပင် ဖြစ်သည်။
ထိုထက်ပို၍ ဂျက်ဆန်သည် သူ၏ကိုယ်ပိုင်ဟန်ပြောစကားများဖြင့် အမေရိကန်လူထုအများစု၏ အတွေးကို ကြွယ်ဝစေပြီး သမ္မတလုပ်ငန်းအစီအစဉ်များကို သိကြားစေခဲ့သောကြောင့် ဖြစ်လေသည်။ ဆင်းရဲနိမ့်ကျပြီး သိမ်ငယ်သော သာမန်လူတန်းစားဘဝမှသည် တိုင်းပြည်၏အမြင့်ဆုံးနိုင်ငံရေး နေရာ သို့ရောက်ရှိခဲ့သည့် သူ့ဘဝဇာတ်ကြောင်းမှာ သာမန်မျှသာဖြစ်၏။ တောင်ပိုင်းတွင် ခွဲထွက်ရေးအသံ ဗလံများဖြင့် မငြိမ်မသက်ဖြစ်ချိန်မှာ ဂျက်ဆန်က အမေရိကန်လူထုကြီးအား ပြည်ထောင်စုကို ယုံကြည် ပြီး ပြည်ထောင်စုအတွက် ကြိုးပမ်းလုပ်ကိုင်ကြဖို့ လှုံ့ဆော်ခဲ့လေသည်။ သူ့ကိုအထင်သေးသူများက ရုန်းရင်းဆန်ခတ်အုပ်ချုပ်ရေးမျိုးဖြစ်သွားမှာစိုးရိမ်ခဲ့သော ဂျက်ဆန်၏လူထုအကြား ထင်ရှားမှုသည် တကယ်တန်းတွင် အရေးပါသောလုပ်ငန်းတစ်ရပ်အတွက် သာမန်အမေရိကန်လူမျိုးများ အချင်းချင်း ဆက်သွယ်ပေါင်းစည်းမှုကိုသာ ဆောင်ကြဉ်းပေးခဲ့၏။ ဒီမိုကရေစီကိုယုံကြည်သော ပြည်နယ်များ၏ ညီ ညွတ်သောအချုပ်အခြာ အာဏာတရပ်ပေါ်ပေါက်ရေးအတွက် ပေါင်းစည်းခဲ့ကြခြင်းဖြစ်လေသည်။
၁၈၃၀ ခုနှစ်များအတွင်း အမေရိကန်လူမျိုးတို့၏ဘဝကို မြင်တွေ့ခဲ့ဖူးသူ ပြင်သစ်လူမျိုး မာကယ်ရှည် ဗာလျား (Machel Chevalier) က လက်လုပ်လက်စားလူစုလူဝေးကြီးက ဂျက်ဆန်ကို ကိုးကွယ်ကြ သည်ဟု ရေးသားခဲ့၏။ သူတို့သည် ဂျက်ဆန်၏ “သမိုင်းထဲ၌သူ့တို့တတွေ မြင့်မြတ်ခြင်းကို မျှဝေ ပိုင် ဆိုင်ကြ၏၊ သူတို့သည် သားစဉ်မြေးဆက်တည့်တံ့မည့် အမှတ်တရအမွေ အံချီးဘွယ်ရာ မော်ကွန်းရှည် ကြီးတပုဒ်တွင် စာပိုဒ်များအဖြစ်ပါဝင်ကြသလို ပေါ်ထွက်လာသောဒီမိုကရေစီ၏ အင်္ဂါအစိတ်အပိုင်းများ လည်းဖြစ်ကြလေသည်” ဆိုသော စာသားများထဲ၌သူတို့၏အထောက်အမနှင့်ရပ်တည်မှုတို့ကို သူတို့ ကိုယ်ပိုင်ဘဝဇာတ်ကြောင်းများအတွက် ရှာဖွေတွေ့ရှိခဲ့ကြလေသည်။
တကယ့်တကယ် ဒေါ်နယ်ထရန့်ဆိုသည်မှာ မည်သူနည်း။ ထိုသရုပ်ဆောင်မျက်နှာဖုံး၏အောက်မှာ မည်သည်တို့ ရှိသနည်း။ ကျွန်ုပ်အနေနှင့်မူ အတ္တဘာဝအရင်းခံများနှင့် ဘာပဲဖြစ်ဖြစ်နိုင်ရမည်ဆိုသော ဖြည့်စွက်အပ်သည့် ကိုယ်ရေးဇာတ်ကြောင်းတို့ထက် အနည်းငယ်သာပို၍ တင်ပြနိုင်သည်။ ဤအနေ အထားမှာ ထရန့်တယောက် သူ၏လူမှုရေးအသာစီးရမှုကို ဆက်လက်ဖွံ့ဖြိုးစေရန်နှင့် ပိုမိုချောမွေ့နိုင် စေရန် သူ့ကိုယ်သူများစွာ မြှုပ်နှံထားရသည်သို့ ဖြစ်လေသည်။ သူ့ဘဝအတွက် သို့မဟုတ် သူ့နိုင်ငံ အအတွက် အဓိပ္ပာယ်အပြည့်အဝဆောင်သော ကိုယ်ရေးဇာတ်ကြောင်းတခုဖန်တီးရန် သူ့ထံတွင် ဘာမျှမကျန်တော့သည်သို့ ဖြစ်၏။ ဒေါ်နယ်ထရန့်အဖြစ် ဒေါ်နယ်ထရန့်က အမြဲတမ်းသရုပ်ဆောင်ကာ ဘယ်အတွက်ကြောင့်မှန်းမသိသည့်ကြားမှပင် နိုင်အောင်တော့ တိုက်လျက် ရှိလေသည်။
Dan P. MacAdams သည် စိတ်ပညာပါမောက္ခတဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူး ဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသားခဲ့သူဖြစ်သည်။
ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။