ကဗျာ

ဝါကျဖြူ – လေထုထဲက အနံ့အသက်များ

 
ဝါကျဖြူ –  လေထုထဲက အနံ့အသက်များ 
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၆

နွေဟာ
အယ်နီညိုရဲ့အမူအကျင့်နဲ့
ဝင်ရိုးစွန်းတွေရဲ့လက်တံရှည်တွေကို
ကောက်သင်းကောက်ရင်း
စာမျက်နှာတခုရဲ့ ဟောင်းနွမ်းသောစကားလုံးတွေအဖြစ်
မြို့တွေကနေဆုတ်ပြီးထွက်ခွာသွားတယ် ။

ဒါပေမဲ့
ဝေးကျန်နေခဲ့သောမျက်ဝန်းတွေအောက်မှာ
ကောင်းကင်ထက်ရှည်လျှားတဲ့ စကားလုံးတွေကို
ပါးစပ်ပေါက်တွေကထမ်းပြီး ထွက်လာကြတယ်
အနုပညာရဲ့အားတွေဟာ
ပန်းချီကားချပ်ထဲမှာမျိုးပွားနေတယ်
ဒါပေမဲ့…လူတွေကမမြင်ကြဘူး
လူကို လူလို့ လူလုံးမကွဲတဲ့ လူတွေကလဲ
သုခတွေကို ခုထားတော့ မမြင်ချင်ကြဘူး
တိမ်တွေကလည်းပန်းချီကားယောင်ဆောင်လို့
ဟန်ဆောင်ပြီးကောင်းကင်ကိုဝတ်ပြုနေတယ် ။

ဦးခေါင်းတွေပေါ်ကိုမိုးဟာပြန်ရောက်လာခဲ့တယ်
အဆင့်ဆင့်ဖြတ်ကျော်လာခဲ့တဲ့ ရထားတစင်းက
ဆင့်ပွားမသမာမှုတွေကိုမှန်မှန် ကျော်ဖြတ်နေတယ်

နှင်းတပုံ

နွေတပုံ

မိုးတပုံ

သရီးအင်ဝမ်းရောထားတဲ့ကမ္ဘာကြီးဟာ
အမှန်တရားကိုဧကစာရီဆန်အောင်
လုပ်ပစ်နေလား

ရထားတွဲထဲက လူတွေ သက်မတွေနဲ့
နင်လား…ငါလား
လက်ဝှေကြိုးဝိုင်းထဲဝင်ရင်း
စက်ခေါင်းတွဲရဲ့ဆွဲငင်အားအတိုင်း ။

ဝါကျဖြူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts