ကိုအောင်မှိုင်း သတင်းဆောင်းပါး

ကိုအောင်မှိုင်း – “ ပြည်သူနဲ့ မင်း”


ကိုအောင်မှိုင်း – “ ပြည်သူနဲ့ မင်း”

(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

ကနေ့မြန်မာပြည်သားတွေ ပြဿနာတွေနောက် တကောက်ကောက် လိုက်နေတယ်လို့ခံစားမိပါတယ်။ ပြဿနာတွေနောက် တကောက် ကောက်လိုက်ရင်း ပြဿနာတွေထဲ တ၀ဲလယ်လယ်ဖြစ်နေကြပေမဲ့ ပြဿနာတွေနဲ့  ဇွတ်နပမ်းလုံးနေဆဲဘဲလို့ ပြောရတော့မလိုပါဘဲ။

ပြဿနာရှာသူတွေကလဲ တခုပြီးတခုဆိုသလို မရိုးရလေအောင် ပြဿနာပေါင်းများစွာကို မီးထိုးရှာနေကြတာကိုလဲတွေ့ ရပြန်ပါတယ်။ ပြဿနာ လက်ရင်းတွေကလဲ ဒီလူတွေနဲ့ ဒီအုပ်စုတွေဘဲလို့ ဆိုရမလိုဖြစ်နေတာပါ။ မျက်နှာဟောင်းတွေ လွှတ်တော်ပြုတ်တွေနဲ့ တာဝန် လက်ပါတ်ပိုင်ရှင်တွေ မျက်နှာဟောင်းဘုန်းတော်ကြီးတွေ စတဲ့ အုပ်စုတူတွေပါဘဲ။ ဒီကြားထဲ ဓါတ်ဆီပုလင်း ခါးထိုးထားသူတွေကလဲ လေပြင်းနဲနဲမတိုက်နဲ့  လေပြင်းနဲနဲတိုက်လိုက်လို့ကတော့ “အမှိုက်ကစ ပြဿတ်မီးလောင် ” ပြီသာမှတ်ဆိုပြီးကြွေးကြော်နေကြတာလဲ ကြားနေရပြန်ပါတယ်။

ကျနော်တို့လူများကလဲ “ငါးပွက်ရာငါးစာချ” ဆိုတဲ့ စကားပုံလို ဟိုနားမှာပြဿနာတွေ့ ရင်လဲ အဲဒီပြဿနာကို ပုံကြီးချဲ့ လုပ်လိုက်ကြ၊ ဒီနားမှာတခါ ပြဿနာနဲ့ ကြုံပြန်ရင်လဲတခါ ပုံကြီးချဲ့ လုပ်လိုက်ကြနဲ့ အရှေ့  အနောက် တောင် မြောက်ပြဿနာစုံတွေနောက်လိုက်ရင်း အဓိက ပြဿနာကြီးကို မေ့ထားလိုက်ကြသလို ဖြစ်လာခဲ့ပါတယ်။ ငါးပွက်ရာ ဟိုနားငါးစာချလိုက် ဒီနားငါးစာချလိုက်လုပ်ကြရင်း ကိုယ် ငါးမျှားနေတာကိုပါ မေ့လျှော့သွားသလိုဖြစ်နေပြီလို့ ကျနော်တော့ ရိုးရိုးရှင်းရှင်းဘဲ သုံးသပ်မိပါတယ်။

မြန်မာပြည်သားလို့ဆိုတာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူအားလုံးကို ရည်ရွယ်တာပါ။မြန်မာပြည်သားတွေရဲ့  အဓိကပြဿနာဟာ စစ်အာရှင်စနစ်ဖြစ်ပြီး ဒါကိုအပြီးတိုင်အကုန်အစင် တိုက်ဖျက်ရေးဟာ မြန်မာပြည်သားအားလုံး မဖြစ်မနေလုပ်ကြရ မဲ့ ကိစ္စဖြစ်တယ်ဆိုတာကို ပြောချင်တာပါ။ ဒီနေရာမှာ ကျနော်ပြောချင်တာက ဒီမိုကရေစီတွေရော ဖက်ဒရယ်တွေရော ကုန်ကုန်ပြောရင် စစ်တပ်က အရာရှိ အရာခံ အကြပ် တပ်သားတွေပါမကျန် အားလုံးကိုပြောချင်တာပါ။

ကျနော်တို့တိုင်းပြည်ကို ဖျက်ဆီးခဲ့တာ ဒီစစ်အာဏာရှင်စနစ်ပါ။ကျနော်တို့ပြည်သူတွေ လူညွန့်တုန်းစေခဲ့တာကလဲ ဒီစစ်အာဏာရှင်စနစ် ပါဘဲ။ ဒီစစ်အာဏာရှင်စနစ်ကြောင့် လူတစုအခွင့်ထူးခံခွင့်ရခဲ့တာတွေ လူတစုကြီးပွါးချမ်းသာခွင့်ရခဲ့တာတွေရှိပါတယ်။ဒါပေမဲ့ မြန်မာပြည် သူလူထုကြီးကတော့ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ချွတ်ခြုံကျခဲ့ရတာဖြစ်ပါတယ်။ အမျိုးသား ဂုဏ်သိက္ခာလဲ နှစ်ပြားမတန် အောင်ဖြစ်ခဲ့ရတာလဲ ဒီစစ်အာဏာရှင်စနစ်ပါဘဲ။ဒါကြောင့် စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်ရဲ့  နံပါတ်၁ ရန်သူဖြစ်ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဘို့က လုပ်စရာများများစားစား သိတ်မရှိလှပါဘူး။ စစ်အာဏာရှင်စနစ်ကို အဓွန့်ရှည်စေ မဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးကို မလွဲမသွေ ကျနော်တို့လုပ်ကြရမှာဖြစ်ပါတယ်။လူထုအားနဲ့ မြန်မာပြည်တနံတလျှား စည်းရုံးလှုံ့ ဆော်ရမှာဖြစ်ပါတယ်။ဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်တခု ပေါ်ထွက်လာဘို့ ၀ိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ တိုင်းပြည်ကောင်းစားလိုသူတိုင်း မဖြစ်မနေ မပျက်မကွက် ဒီအရေးကိစ္စကြီးကို လုပ်ကိုလုပ်ကြရပါလိမ့်မယ်။

စစ်အာဏာရှင်စနစ်ဟာ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ခံစစ်အနေအထားပါ။ စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည်ကောင်းတာဆိုလို့ ပြစရာ တခုတလေမှမရှိသလောက်ပါဘဲ။ စစ်တပ်အတွက်လဲ စစ်အာဏာရှင်စနစ်ကြောင့် တပ်မတော်ကောင်းတရပ် ပေါ်ပေါက်လာစရာ အကြောင်းမရှိတာ စစ်ခေါင်းဆောင်ဆိုသူတွေ အခိုင်အမာလက်တွေ့ တွေ့နေရချိန်ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောင့် စစ်ဗိုလ်ချူပ် တချိုအရမ်းချမ်းသာကုန်တာက ကောင်းတယ်လို့ သတ်မှတ်ရင်တော့ အတော် တကိုယ်ကောင်းဆန်တဲ့ အတွေးအခေါ်လို့ ပြောရမယ်ထင် ပါတယ်။

တကယ်တော့ ဗမာ့တပ်မတော်ဟာ စည်းလုံးညီညွတ်မှုပြိုကွဲနေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတခုလို့ ပြောနိုင်မယ်ထင်ပါတယ်။ ဗမာ့ တပ်မတော်မှာ အာဏာရှိသူနဲ့ သူ့အုပ်စုဟာ အခြားသူတို့နဲ့ အဆင်မပြေတဲ့ အုပ်စုတွေကို ပက်ပက်စက်စက်နှိပ်ကွက်ခဲ့လေ့ရှိပါ တယ်။ ဖဆပလ ခေတ်မှာ ဗိုလ်ချူပ်နေ၀င်းက ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်သိန်းတုတ် တို့ကို တပ်ကထုပ်ခဲ့သလို မဆလ ခေတ်မှာလဲ ဗိုလ်ထွန်းလင်း၊ ဗိုလ်သန်းစိန်၊ ဗိုလ်ကျော်ဇောတို့ကို ပက်ပက်စက်စက် အစုလိုက်မဆလ ကထုတ်ပစ်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေခေတ် မှာလဲ ဗိုလ်ကျော်ဘ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ချစ်ဆွေ၊ ဗိုလ်ဖုန်းမြင့်၊ ဗိုလ်မြသင်း၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မျိုးညွန့်၊ ဗိုလ်မောင်သင့်၊ ဗိုလ်အေးသောင်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်ကျော်မင်း၊ ဗိုလ်အောင်ရဲကျော်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်စိုးမြင့် ဆိုတဲ့ ဗိုလ်ချုပ်အဆင့် ထိပ်သီး၁၄ ဦး ကို အစုလိုက်အပြုံလိုက် အရေးယူဖယ်ရှားခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးတပ်ဆို တတပ်လုံးဖြုတ်ထုတ်ရုံမကဘဲ ထောင်ထဲပါ နှစ်ရှည်ထည့်ခဲ့တာ တွေ့ ရမှာဖြစ်ပါတယ်။

အခုလဲ ဗိုလ်သိန်းစိန်တယောက် ဗိုလ်ရွှေမန်းနဲ့  ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီဗဟိုအဆင့်လူကြီး ၁၇ဦးကို ဖြုတ်ထုတ်တာတွေ လုပ်ပြန်ပါတယ်။ ဘယ်လောက်ပက်စက်သလဲဆိုရင် ပါတီဝင်အဖြစ်ကပါ ထုတ်ခဲ့တာဖြစ်ပါတယ်။ ပါတီစည်းမျဉ်းတို့ ပါတီဝင်ထုသဘောထားတို့ ပါတီဖွဲ့  စည်းပုံစည်းမျဉ်းတို့ ဆိုတာတွေဟာ စာအုပ်ထဲမှာဘဲ ရှိတော့တဲ့သဘောပါဘဲ။ တခြားလူတွေကိုတော့ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့အတိုင်းဘဲ လုပ်ရမယ်တို့ ၂၀၀၈ ကို အသေခံကာကွယ်မယ်တို့ ပြောတဲ့လူတွေက သူတို့လုပ်ချင်တဲ့ ကိစ္စတွေကြတော့ ဘာစည်းကမ်း ဥပဒေ စည်းမျဉ်းမှ မလိုက်နာဘဲ လုပ်ချင်တာ လုပ်ကြကိုင်ကြတာမြင်ရတော့ ဗိုလ်သိန်းစိန်အပါအ၀င် စစ်ဗိုလ်လူထွက် တွေမှာ စစ်အာဏာရှင်စနစ်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေလုပ်ဟန်တွေ ထုနဲ့ထည်နဲ့ အခိုင်အမာရှိနေတာကို ဖေါ်ပြနေတာ လို့ ပြောရတော့မယ် ထင်ပါတယ်။

ကနေ့ဟာ စစ်အာဏာရှင်စနစ်ဖြစ်တဲ့ ကျားသေကိုအသက်ပြန်သွင်းချင်တဲ့ ဗိုလ်သိန်းစိန်စစ်အုပ်စုနဲ့  စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းချင်သူ တိုင်းရင်းသားလုပ်သားပြည်သူများကြား ပဋိပက္ခဟာ အဓိကပဋိပက္ခဘဲဖြစ်ပါတယ်။ ကြားနေလို့မရပါဘူး။ ဟန်ဆောင် လို့လဲမရပါဘူး။ ခြားထားတဲ့ စည်းဟာထင်ထင်ရှားရှားပေါ်ပေါ်လွင်လွင် ရှိလာခဲ့ပြီဖြစ်ပါတယ်။ အရင် စစ်တပိုင်းအစိုးရခေတ်က ဖုန်းကွယ် ဟန်ဆောင်မှုတွေ အားလုံးဟာ လူထုတိုက်ပွဲတွေနဲ့ အတူ ရေစုံမျောသွားခဲ့ပါပြီ။ကျနော်တို့ ၂၀၀၈ ဆိုတဲ့ စစ်အာဏာရှင်စနစ်သက်ဆိုး ရှည်စေမဲ့ ဒေါက်တိုင်ကို ရိုက်ချိုးကြဘို့ အချိန်ကျရောက်ပါပြီ။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်ကလုပ်မဲ့ ဒုတိယပင်လုံညီလာခံဆိုတဲ့ စဉ်းစားတွေးခေါ်မှုကတော့ ပြောရရင် ပျက်လုံးကြီးကြီး တခုလို့ ပြောရမလိုဖြစ်နေပါတယ်။ အားတော့နာပါတယ်။ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက်ပြောကိုပြောရမဲ့ကိစ္စဖြစ်လို့ပြောရတာပါ။ လုံးဝအောင်မြင်နိုင်စရာမရှိပါဘူး။ တိုင်းရင်းသားတွေအပေါ် ဒီလောက်တောင် အထင်အမြင်မသေးသင့်ဘူးလို့ကျနော်ထင်တယ်။တိုင်း ရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်တာမဟုတ်ပါဘူး။ အဓိက က စစ်တပ်ကို မယုံကြည်ကြတာဖြစ်ပါတယ်။စစ်တပ် ကိုယ်တိုင်က ငြိမ်းချမ်းရေးတကယ်လိုချင်ကြောင်း လုပ်ရပ်အမှန်တွေလုပ်ပြဘို့လိုပါတယ်။

စစ်တပ်ထဲက တိုင်းရင်းသားရဲဘော်တွေကိုယ်တိုင်လဲ ကိုယ့်တိုင်းရင်းသားတပ်တွေကို အခွင့်ရရင် ရသလိုပြန်သွားကြရင်း နောက်ဆုံး ဗမာနဲ့တိုင်းရင်းသားတွေ စစ်တိုက်တဲ့ အခြေအနေမျိုးရောက်ဘို့ သိတ်မလိုတော့ဘူးထင်ပါတယ်။ပြည်ထောင်စုတပ်ပါလို့ တစာစာအော် ရင်း တိုင်းရင်းသားရဲဘော်တွေ နဲသထက်နဲလာမှာဖြစ်ပါတယ်။ဒါကိုကြည့်ရင် တပ်မတော်ရဲ့ လက်ရှိပေါ်လစီတခုခုတော့ အသေအချာကို မှားယွင်းနေပြီဆိုတာ ပြောရပါလိမ့်မယ်။ဆာဒန်ဟူစိန်ခေတ်က အီရတ်စစ်တပ်ကြီး ပြိုလဲသွားတုန်းကလဲ ဒီအတိုင်းပါဘဲ။ စစ်သားအင်အား သုံးလေးသိန်းရှိပြီး လက်နက်အင်အားအပြည့်အ၀တပ်ဆင်ထားတဲ့ အီရတ်စစ်တပ်ကြီးဟာ အာဏာရှင်ဆာဒန်ဟူစိန်ကိုအသက်အသေခံ မကာကွယ်ကြတော့ဘဲ သေနတ်တွေပစ်ပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြတဲ့ သမိုင်းဟာ နီးနီးကပ်ကပ်ဘဲရှိနေပါသေးတယ်။

ကျနော်ဆိုလိုချင်တာက စစ်အာဏာရှင်တွေကို စစ်တပ်ကလဲမုန်းလေ့ရှိပါတယ်။ အခွင့်သာတာနဲ့ ဆန့်ကျင် တိုက်ပွဲဝင်လေ့ရှိပါတယ်။ ဒီအချိန်မှာ တပ်ပျက်တတ်ပါတယ်။စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းဘို့ကို တပ်မတော်အနေနဲ့ လဲ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဘို့လိုပါတယ်။ ၂၀၀၈ဖွဲ့ စည်းပုံဥပဒေဖျက်သိမ်းရေးမှာ တပ်မတော်ဘက်က တက်တက်ကြွကြွပါဝင် လုပ်ဆောင်လာတာနဲ့  အမျှ တိုင်းရင်းသားတွေရဲ့  ယုံကြည်မှုကိုရလာမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တပ်ထဲမှာတိုက်ပွဲဝင်ရင်း တပ်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ စံချိန်မီ တပ်မတော်တရပ်ဖြစ်ဘို့က ရုပ်ဝတ္တုပစ္စည်းကချည်း အဓိကမကျတတ်ပါဘူး။ စစ်သားတွေ စစ်မတိုက်ချင်တော့ဘူး ဆိုတဲ့ အခါမှာ ဒုံးပျံတွေ အနုမြူလက်နက်တွေ ပို်င်ဆိုင်လဲ စစ်ကတော့ ရှုံးမှာသေချာပါတယ်။ စစ်သားတွေ စစ်တိုက်ချင်တဲ့ကာလက သူတို့ စစ်တိုက်ရတာလူထုအတွက်ဖြစ်ပြီး ဘယ်စစ်အာဏာရှင်အတွက်မှ အသေခံတာမဟုတ်ကြောင်း ခိုင်လုံမှသာဖြစ်ပါတယ်။

ဦးသိန်းစိန်သမ္မတခေတ်က သူခိုး ဂျပိုး လူသတ် မုဒိန်းစတဲ့ ရာဇ၀တ်သားအမြောက်အများကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ အကြိမ်ကြိမ် အခါခါလဲ ပေးခဲ့ပါတယ်။ကနေ့ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းက ရဲဘော်တွေ နိုင်ငံတကာရောက် နိုင်ငံရေးသမားတွေကို အရင်အစိုးရအဆက်ဆက်မှာ ပုဒ်မမျိုးစုံနဲ့  အမှုဖွင့် တရားစွဲထားခဲ့တာကို အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ပေးဘို့ လူထုကလဲလိုလားသလို အစိုးရကလဲ လိုလားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အစိုးရကလိုလားတဲ့ ကိစ္စတခုဟာ ဘာကြောင့် ထစ်ထစ်ငေါ့ငေါ့ဖြစ်နေတာလဲ။ ဒီနေရာမှာ ပွင့်လင်းမြင်သာဘို့လိုပါတယ်။အစိုးရအတွက်လဲ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်တောင် မကြေငြာနိုင်တဲ့ မကြေငြာရဲတဲ့ အစိုးရတရပ်အဖြစ် လူထုယုံကြည်မှုကျဆင်းစေမှာနဲ့  အရှက်ရစေမှာဖြစ်ပါတယ်။ အစိုးရ အတွက်လိုအပ်ရင် လူထုအနေနဲ့ လဲ အသင့်ပြင်ဆင်ထားသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ကိုအောင်မှိုင်း (၃၀.၄.၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts