သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ဒုတိယပိုင်း)

မောင်မောင်စိုး – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ဒုတိယပိုင်း)
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၅

● ဆက်လက်သယ်ဆောင်ရမည့်ညီလာခံ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရန်အတွက် သမတဦးသိန်းစိန်သက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင်ရော အလွတ်တမ်းရော အကြိမ် ၅၀ ကျော်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဖွဲ့ ၈ ဖွဲ့နှင့် NCA လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ညီလာခံတရပ်ကျင်းပရန် ကြေငြာခဲ့သည်။ ထိုညီလာခံတွင် လက်နက်ကိုင်အဖွဲ့အားလုံးမပါဝင်နိုင်သေး သော်လည်း ကျန်အဖွဲ့များအားလမ်းဖွင့်ပေးထားမည်ဟုဆိုကာ ညီလာခံခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ဤသို့အခြေအနေအောက်တွင် ညီလာခံစတင်လိုက်ခြင်းသည် လက်ရှိသမတသက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ သက် တမ်းမကုန်မီ အခြေခံတခုကို ချသွားချင်၍လည်းဖြစ်နိုင်သည်။ သူတို့ကြိုးစားခဲ့သည်ကို အကောင်အထည်တခုပြချင်၍ လည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေ မည်သည့်ရလဒ်ထွက်မည်ကို ကြိုတင်မသိနိုင်သေးသည်ဖြစ်စေအနှစ် ၆၀ ကျော်ကြာ တိုင်းရင်းသားများနှင့်ဖြစ်ပွားသည့်စစ်ပွဲကို စားပွဲဝိုင်းပေါ်တွင် နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန်ကြိုးစားသည်ကိုတော့ ပါဝင် သက်ဆိုင်သူအားလုံး အား ကြိုဆိုရပေမည်။

ညီလာခံစပြီးရက်ပိုင်းအတွင်း လက်ရှိလွှတ်တော် သက်တမ်း ကုန်ဆုံးပြီး နောက်နှစ်လကျော်ခန့်တွင်လည်း အစိုးရသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာအစိုးရသစ်နှင့် လွှတ်တော်အသစ်သို့ ၎င်းလုပ်ငန်းများကို လက်ဆင့်ကမ်းပေးရတော့မည်။ ထိုသို့ လက်ဆင့်ကမ်းရန်လည်း ကြိုးစားနေပုံရသည်။ လက်ရှိတွင် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးအတွက် UPWC ဦးအောင် မင်းနှင့် MPC အဖွဲ့သားနှင့် ဒေါ်အောင်ဆန်းစုကြည် NLD တို့နှင့် နီးနီးကပ် ညှိနှိုင်းလုပ်ကိုင်နေသည်ကိုတွေ့ရသည်။ လာ မည့် ငြိမ်းချမ်းရေးညီလာခံနှင့်နှင့်ပတ်သက်၍လည်း အသေးစိတ် ထပ်မံညှိနှိုင်းသွားကြဦးမည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်ခြင်းမရှိသဖြင့် NCA လက်မှတ်ထိုးပွဲသို့ တက်ရောက်ခြင်းမရှိပေ။ လက်ရှိတွင် NCA ငြိမ်းချမ်းရေးညီလာခံများနှင့်ပတ်သက်ပြီး အားလုံးပါဝင်နိုင်ခြင်း မရှိခဲ့သေးသော် လည်း ယခင်လူများ၏ ကြိုးစားမှုကိုအသိမှတ်ပြုပြီး ကောင်းတာတွေ ဆက်သယ်မည်ဟုဆိုသည်။

MPC အားလည်းဖျက်သိမ်းမည်မဟုတ်ဟုဆိုသည်။ သို့သော် လက်ရှိဖွဲ့စည်းပုံအရ လူတစ်ရာကျော်ခန့်ရှိသော MPC အား လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းမည်ဟုဆိုပါသည်။

လက်ရှိအခြေအနေနှင့် ကြားသိရသောသတင်းများအရ ဇန္နဝါရီ ၁၂ ရက်တွင် စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် ယခုပထမအကြိမ်သည် ရက်ရှည်စွဲကျင်းပမည့်သဘောမရှိပါ။ အခြေခံအချက်အချို့သာ ချမှတ်နိုင်စွမ်းရှိပေလိမ့်မည်။ သမတ ဦးသိန်းစိန်သက်တမ်းတွင် စတင်အကောင်အထည်ဖေါ်ခဲ့သည်ဆိုသောအချက်ကို အတည်ပြုလိုက်ခြင်းဖြစ်မည်။ ငွေကြေးမြောက်များစွာ နိုင်ငံတကာမှ ပံ့ပိုးထားသည့် MPC အတွက်လည်း ရလဒ်တခု ပြလိုက်ခြင်းဖြစ်ပေမည်။

လွှတ်တော်အသစ်ခေါ်ယူခြင်း အစိုးရသစ်ဖွဲ့စည်းခြင်း အစိုးရသစ်သို့အာဏာလွှဲပြောင်းခြင်း ကျန်နေသေးသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအား ညီလာခံသို့ပါဝင်လာစေရန် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ပြီးမှသာ ညီလာခံအား ပြန်လည် စတင်နိုင်မည်ဟု ယူဆရသည်။ လာမည့် ၂၀၁၆ ဇွန် ဇူလိုင်ခန့်မှ ညီလာခံအား ဒုတိယအ ကြိမ်ပြန်စနိုင်မည်ဟု အကဲခတ် များက ဆိုကြသည်။

● ညီလာခံအတွက်အရင်းခံပြဿနာ
ငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ရန် အရင်းခံ လိုအပ်သည့်ပြဿနာတခုရှိသည်။ ၎င်းမှာညီလာခံ၏ရည်ရွယ်ချက် အောင်မြင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ရေးဖြစ်သည်။ သို့မှသာ ညီလာခံ၏ရည် မှန်းချက်ဖြစ်သော လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးနည်းဖြင့် ပြဿနာကို ဆဆွးနွေးဖြေရှင်းနိုင် ပေမည်။

သမတဦးသိန်းစိန်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်နိုင်ရေးအတွက် အတန်တန်ကြိုးစား ခဲ့သည်ဟုဆိုနိုင်သော်လည်း အောင်မြင်မှုတော့ မရခဲ့ပေ။ အကြောင်းမှာမြန်မာစစ်ဖက်နှင့် တိုင်းရင်းသားများကြားတွင် ယုံ ကြည်မှုပျောက်ဆုံးသွားခြင်းကြောင့် ဖြစ်သည်။ နအဖ၏နောက်ဆုံးနှစ်များဖြစ်သည့် ၂၀၀၈/၂၀၀၉ နှစ်များအတွင်း အပစ်ရပ် ထားသည့် တိုင်းရင်းသားလက်နက်ကိုင်များကြားမူလထားခဲ့သောကတိစကားအတိုင်း နိုင်ငံရေးဆွေးနွေးပွဲဆီသို့ မသွားခဲ့ဘဲ နယ်ခြားစောင့်တပ်ဟုခေါ်သည့် BGF ဖွဲ့စည်းရန် ဖိအားပေးခဲ့ရာ အချို့အဖွဲ့များအား အောင်မြင်မှုရခဲ့သည့်ဆိုနိုင်သော် လည်း အင်အားကြီးအဖွဲ့များစုနှင့် ပြေလည်မှုမရခဲ့ဘဲ တိုက်ပွဲများဖြစ်ပွားခြင်း စစ်ရေးတင်းမာမှုများဖြစ်ပွားခြင်းများဖြစ်ပွား ခြင်းတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်ဖက် အကြားယုံကြည်မှုပျက်ပြားခဲ့သည်ဟုဆိုရပေမည်။

နှစ်ပေါင်းများစွာကြာရှည်စစ်ပွဲဖြစ်ပွားဖြစ်ခဲ့သောအဖွဲ့များကြား ယုံကြည်မှုတည်ဆောက်ခြင်းသည် အလွန်အရေးပါလှပေ သည်။ မည်သို့ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်ရေးသည်အရေးပါသည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် လက်ရှိလက်မှတ်ထိုးထားသောအဖွဲ့များကို အသိမှတ်ပြုသကဲ့သို့ အားလုံးပါဝင်ရန်လိုအပ်ကြောင်းကို လည်း ပြောဆိုခဲ့သည်။ သို့သော် သူမအနေနှင့် အစိုးရဖွဲ့ပြီးနောက်မှသာ NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များနှင့်တွေ့နိုင်လိမ့်မည်ဟု သူမ၏ လက်တွေ့အခြေအနေကို ရှင်းပြခဲ့သည်။

တဖက်တွင်လည်း UWSA ဝ အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ပြင် ဆင်နေကြောင်း ထုတ်ဖေါ်ပြသခဲ့သကဲ့သို့ PSLF-TNLA/ MNDAA / AA အဖွဲ့ ၃ ဖွဲ့ကလည်း NLD အစိုးရသစ်နှင့်ဆွေးနွေးနိုင်ရေးအတွက် မျှော်လင့်ကြောင့် ကြေငြာချက်များထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေနှင့် အနှစ် ၂၀ ကျော် စစ်အာဏာရှင်များနှင့် အတိုက်အခံပြုခဲ့သော ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်အနေနှင့် သူတို့အား ပိုမိုနားလည်နိုင်ပြီး ကောင်းမွန်သောရလဒ်များကိုညှိနှိုင်းနိုင်မည်ဟု မျှော်လင့်ပုံရသည်။

သို့သော် ထိုအဖွဲ့အားလုံးနှင့်တွေ့ဆုံဆွေးနွေးရေးတွင် မြန်မာ စစ်ဖက်လက်ခံသဘောတူရရန်ဒေါ်အောင်ဆန်းစုကြည်သည်လည်း လိုအပ်ပေလိမ့်မည်။ ကျန်သောအဖွဲ့များနှင့်ပတ်သက်၍ နှိုင်းယှဉ်မှုအရ လွယ်ကူစွာ မြန်မာစစ်ဖက်၏သဘောတူမှုရနိုင် သော်လည်း MNDAA ကိုးကန့်အဖွဲ့နှင့်ပတ်သက်၍ ခက်ခဲပေလိမ့်မည်။ ကိုးကန့်အဖွဲ့အား လုံးဝလက်နက်ချရန် တောင်း ဆိုထားသော မြန်မာစစ်ဖက်၏တင်းမာသောသဘောထားအား ဒေါ်အောင်ဆန်းစုကြည်မည်သို့ကျော်လွှားမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

လက်ရှိအချိန်တွင် ဆွေးနွေးပွဲတွင်ပါဝင်ခွင့်ရရန်တောင်းဆိုနေသော ကိုးကန့်အဖွဲ့နှင့် တိုက်ပွဲများရပ်တန့်နေသည် ဆိုသော် လည်း ပြီးပြတ်သွားခြင်းတော့မရှိသေးပေ။ ပြီးခဲ့သောရက်ပိုင်းများကလောက်ကိုင်ရှိ ကိုးကန့်အုပ်ချုပ်ရေးမှူး ပယ်စောက်ချိန်၏ သားမက်ပိုင်ဆိုင်သည့် ဟော်တယ်အား ကိုးကန့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစိုးရသတင်းဌာနများကကြေငြာခဲ့သည်။ ကိုးကန့်အဖွဲ့ကမူ သူတို့လက်ချက်မဟုတ်ဟုဆိုခဲ့သည်။ ၂၀၁၅ဒီဇင်ဘာ ၁၉ ရက်နေ့က ကိုးကန့်မြောက်ပိုင်း မော် ထိုက်အနီးရှိ ကိုးကန့်စခန်းတခုအား မြန်မာစစ်ဖက်က တိုက်ခိုက်ခဲ့ရာ အထိခိုက်အကျဆုံးများရှိသည်ဟု ဒေသ သတင်းများ ကဆိုသည်။ ဒီဇင်ဘာ ၂၆ ရက်နေ့တွင်လည်း လောက်ကိုင်ယာဉ်ရပ်နားစခန်းတွင် ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့ရာ အရပ်သား ၃ ဦးသေ ၃ ဦး ဒဏ်ရာရကာ ကုန်တင်ကား ၆ စီးခန့် ပျက်စီးခဲ့သည်ဟုဆိုသည်။ အသေးစိတ်သတင်းများမသိရသေးသော် လည်း ကိုးကန့်စစ်မီးပွားသည် အကင်းမသေသေးဘဲ အချိန်မရွေး ပြန်လည်တောက်လောင်နိုင်သည်ကိုတော့ သတိပြုရန်လို ပေသည်။

မည်သို့ဆိုစေ ကိုးကန့်အဖွဲသည် တရုတ်နယ်စပ်တလျောက်ရှိ အခြားအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားသကဲ့သို့ ရှည်ကြာရင်း နှီးသော ဆက်ဆံမှုရှိသည်။ ယခုနှစ်ဦးပိုင် တရုတ်နယ်တွင်းဗုံးကျပြီးနောက် တရုတ်နယ်စပ်တွင် ကျည်အစစ်ဖြင့် အကန့်သတ် မရှိ စစ်လေ့ကျင့်ရေးရုပ်သိမ်းသည်ဟု သတင်းထုတ်ပြန်ခြင်း မရှိသေးခြင်းတို့သည် မလွှဲမရှောင်သာ ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ မိမိအစောပိုင်းက ဖေါ်ပြခဲ့သည့်အချက်ကို ပြန်လည်ဖေါ်ပြရလျှင် ကိုးကန့်ပြဿနာသည် မြန်မာစစ်ဖက် အတွက် ဂုဏ်သိက္ခာပြဿနာကိုးကန့်အဖွဲ့အတွက် ရပ်တည်မှုပြဿနာ တရုတ်အစိုးရအတွက် ဆွေးမျိုးသားချင်းတို့၏ပြဿ နာဖြစ်ပေရာ အလွန်သိမ်မွေ့စွာကိုင်တွယ်ရမည့် အကဲဆတ်သည့်ပြဿနာ ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် အားလုံး ပါဝင်လက်မှတ်ထိုးနိုင် ရေးပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ရေးသည် ခက်ခဲသိမ်မွေ့၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရ မည်ဖြစ်သော်လည်း မဖြစ်မနေကျော်လွှားရမည့် ညီလာခံအတွက် အခြေခံလိုအပ်ချက် ဖြစ်ပေသည်။ သို့မှသာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ပေလိမ့်မည်။

NSCN (K) နာဂအဖွဲ့မှာမူ ၎င်းတို့၏ မြန်မာပြည်တွင်းလှုပ်ရှားမှုများက အဓိကမကျဘဲ ၎င်းတို့ဦးတည်ချက်မှာ အိန္ဒိယတွင်း၌ ဖြစ်ပြီး အိန္ဒိယအစိုးရနှင့် အဓိကပဋိပက္ခဖြစ်ပွားနေရာနယ်စပ်ဒေသ ရှိထူးခြားသည့်ပြသနာအဖြစ် ကိုင်တွယ်ဖြေရှင်းရနိုင်သည်။ နာဂအဖွဲ့မတက်ခြင်းမှာမူ ညီလာခံကို ထိခိုက်ခြင်း မရှိနိုင်ဟုယူဆရသည်။

● ညီလာခံအလားအလာ
ထွက်ပေါ်နေသောသတင်းများအရ ၂၀၁၆ ဇန္နဝါရီ ၁၂ ရက်နေ့ တွင် စတင်မည့် ညီလာခံသည် NCA သဘောတူညီချက်များနှင့် ယင်းမှတဆင့်ရရှိလာသည့် နိုင်ငံရေးမူဘောင်များကို ယေဘုယျအတည်ပြုမည်ဟုယူဆရသည်။ ထို့ပြင် NCA သဘောတူညီ ချက်နှင့်အတူ ထွက်ပေါ်လာသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေးပူးတွဲကော်မတီ Union Peace Dialouge Joint Committee UPDJC နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ပူးတွဲစောင့်ကြည့်ကော်မတီ Joint Monitoring Committee JMC တို့၏လုပ်ငန်းဆောင်တာများကို ညီလာခံတွင်အတည်ပြုပေးမည့် အလားအလာရှိသည်။ ယခုညီလာခံနှင့် နောက်တကြိမ် ညီလာခံကြား ဆက်စပ်ညှိနှိုင်းအလုပ်လုပ်ကြမည့်ကော်မတီများ ဖြစ်ပုံရသည်။

အထူးသဖြင့် UPDJC သည် နောက်တကြိမ်ညီလာခံအတွက် ကြိုတင်၍ နိုင်ငံရေးပြဿနာများကို စုစည်းပေးရာ ညှိနှိုင်းပေးရာ သဘောတူညီချက်ရယူပေးရာ အရေးပါသည့်အခန်းက ပါဝင်ဖွယ်ရှိသည်။ ညီလာခံကြားကာလများတွင် အရေးပါသည့် အ ခန်းမှ ပါဝင်ဖွယ်ရှိပြီး ညီလာခံ၏ဦးတည်ချက်ကို ရှေ့ဆောင်ဖွယ်ရှိသည်။

● နိဂုံး
လက်ရှိညီလာခံသည် အစဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးအတွက်အစဖြစ်သည်။ ထိုညီလာခံတွင် ပြဿနာ ၂ ခုဖြေရှင်းရပေလိမ့်မည်။

ပထမပြဿနာမှာ နိုင်ငံရေးပြဿနာဖြစ်သည်။ တိုင်းရင်းသားတို့၏ တန်းတူရေးပြဿနာ ပြည်နယ်များအခွင့်အရေးပြသနာ များဖြစ်သည်။ ဖက်ဒရယ်နှင့်ပတ်သက်၍ မတူညီသော အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် မတူညီသောနားလည်မှုများကို ညှိနှိုင်း သဘော တူညီချက်ရယူနိုင်ရေးဖြစ်သည်။ ၎င်းနိုင်ငံရေးပြဿနာသည် အခြေခံဥပဒေပြင်ဆင် ရေးအထိရောက်သွားနိုင်သည်။ ခက်ခဲရှုပ်ထွေးစွာ ညှိနှိုင်းကြရပေဦးမည်။

ဒုတိယပြသနာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပြဿနာဖြစ်သည်။ မြန်မာစစ်ဖက်မှတင်ပြထားသည့် DDR Disarmament Demobilization Reintegration ဆိုသည့် လက်နက်ဖြုတ်သိမ်းရေး စစ်မှုထမ်းအဖြစ်နှုတ်ထွက်ခွင့်ပြုခြင်း နှင့် အရပ်သားများအဖြစ်ပြန်လည်ပေါင်းစည်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတင်ပြသည့် SSR Security Sector Reform လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းမှုတို့အကြား ညှိနှိုင်းအဖြေရှာကြဖို့လိုပေလိမ့်မည်။

အဓိကပြသနာကတော့ နိုင်ငံရေးပြဿနာဖြစ်ပေရာ နိုင်ငံရေးပြသနာကို ကျော်လွှားနိုင်ပါက ကျန်လက်နက်ကိုင်တပ်ပြဿ နာကို လိမ္မာပါးနပ်စွာ အဆင်ပြေပြေညှိနှိုင်းကာ ကျော်လွှားနိုင်မည်ဟု ယူဆရပေသည်။

မြန်မာတို့ဆိုလေ့ရှိသည့်အတိုင်း အစကောင်းလျှင်တော့ အနှောင်းသေချာနိုင်ပါသည်။

ပြီးပါပြီ

ပထမပိုင်း

photo source : unartforpeace.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts