အတွေးအမြင် မောင်ရစ်

မောင်ရစ် – Weather မကောင်းတိုင်းဖြုတ်လဲရမှာတဲ့လား



မောင်ရစ် – Weather မကောင်းတိုင်းဖြုတ်လဲရမှာတဲ့လာ

(အတွေးအမြင် မဂ္ဂဇင်း၊ ဇန်န၀ါရီ ၂၀၁၆ ထုတ်) မိုးမခ၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၅

ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက စစ်အစိုးရရဲ့ဗို်လ်ချုပ်ကြီးတဦးက ပညာရှင်တွေကို လမ်းညွှန်ချက်များ ပေးတဲ့အခါ weather မကောင်းရင် ဖြုတ်လဲလိုက်လို့ ပြောခဲ့တယ်ဆိုတဲ့ ဂန္ထ၀င်ပြက်လုံး ရှိပါတယ်။အခုအချိန်မှာ လက်ရှိအာဏာရှင်တွေဟာ weather မကောင်းတာကို ဖြုတ်မလဲတော့ဘဲ weather မျိုးစုံကို ရင်ဆိုင် ကျော်လွှားနိုင်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်နေပြီလို့ ပြောရမလိုပါပဲ။

အဲသည်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ကိုယ်တိုင်ကလည်း မကောင်းတဲ့ ရာသီဥတုကို ဖြုတ်လဲပစ်မလား၊ဘယ်လိုမျိုး ကိုယ်တိုင်က အပြောင်းအလဲတွေ လုပ်ပြီး ရာသီဥတုကို ရင်ဆိုင်မည်လဲဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာဖြစ်လာတယ်။

ဘာကြောင့် ဒါကို ပြောဖြစ်သလဲဆိုတော့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ကကျောင်းသားများ လုပ်ကြံသတ်ဖြတ်ခံရမှုကြီး သတင်းတွေ၊ ခံစားချက်တွေသတင်းစာမျက်နှာများမှာ တက်ရောက်လာခဲ့တဲ့အခါ စာဖတ်သူတွေထဲက တချို့က မတရားမှုကိုဖော်ထုတ်ရမယ်၊ အပြစ်ကျူးလွန်သူတွေကို အရေးယူကြရမယ်လို့ တဖက်က ပြောကြသလို၊တဖက်ကကလည်း ကျောင်းသားတပ်မတော်ကြီးတခုလုံးရဲ့ အခမ်းကဏ္ဍကို တခါတည်းဖျက်သိမ်းလိုက်ဖို့ နံမယ်ပျက်စာရင်း သွင်းလိုက်ဖို့ အဆိုတွေ တင်သွင်းဖြန့်ချိလာကြတာကို တွေ့ရပါတယ်။

သည်နေရာမှာ weather ကို ဖြုတ်လဲလိုက်ရမှာလားဆိုတဲ့သဘောမျိုးနဲ့ ဆင်ခြေပေးချင်မိတာကတော့ …

မြန်မာ့လွတ်လပ်ရေးမှာ အခမ်းကဏ္ဍတနေရာက ပါဝင်ခဲ့တဲ့တပ်မတော်ကြီးကို လက်ရှိမှာ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ ကြီးစိုးနေလို့တပ်မတော်ကြီးတခုလုံး ဖြုတ်လဲပစ်လိုက်ဖို့ မလွယ်ဘူးလို့တော့ ထင်မိပါတယ်။

အင်န်အယ်ဒီပါတီဟာ ၉၀ ရွေးကောက်ပွဲမှာတခဲနက်အနိုင်ရခဲ့တယ်။ ပြည်သူတွေ မဲနဲ့ ရွေးချယ်ခဲ့တဲ့ အမတ်ပေါင်း ၃၉၀ ကျော်ရခဲ့တယ်။ အဲသည် ရွေးကောက်ပွဲနဲ့ အဲသည်အမတ်တွေနဲ့ ပြည်သူတွေအတွက် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းသည်အထိတော့ ဖြစ်မလာခဲ့ဘူး။ အဲသည်အချိန်ကာလတလျောက်မှာ အင်န်အယ်ဒီပါတီခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုတွေကို အမျိုးမျိုး အဖုံဖုံပြောဆို သုံးသပ်ခဲ့ကြသော်လည်း အင်န်အယ်ဒီပါတီကြီး တခုလုံး ဖျက်သိမ်းလိုက်စရာအခြေအနေအထိတော့ မရောက်ခဲ့တာ သေချာပါတယ်။ ဒါကြောင့်လဲ အခုသမိုင်းအလှည့်အပြောင်းမှာ အင်န်အယ်ဒီပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုက်ရိုက်ခေါင်းဆောင်မှုနဲ့ ဗဟိုအလုပ်အဖွဲ့အသစ် ၊ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးလက် စတဲ့ အဆင့်ဆင့်တွေနဲ့ ပြန်လည်လှုပ်ရှား နိုင်ခဲ့တယ်။ ၂၀၁၂ ကြားဖြတ်သာမက ၂၀၁၅ ရွေးကောက်ပွဲကြီးကိုပါ အပြတ်အသတ် အနိုင်ရလိုက်တယ် မဟုတ်ပါလား။

တွေးမိတဲ့ အတွေးကတော့ ခေါင်းဆောင်တွေ၊နောက်လိုက်တွေရဲ့ အခမ်းကဏ္ဍတွေ၊ ပဋိပက္ခတွေ ရှိမယ်၊ မေးခွန်းထုတ်စရာ မူဝါဒတွေ၊လမ်းစဉ်တွေ ရှိမယ်။ သို့သော်လည်း သမိုင်းမှာ Institution လို့ ခေါ်တဲ့အဖွဲ့အစည်းတွေ၊ အုတ်မြစ်တွေဟာ အမြစ်ကနေ ဖြုတ်ထုတ် ဖျက်ဆီး ဖျက်သိမ်းလိုက်စရာမလိုဘူး ထင်တာပဲ။ အဲသည် အဖွဲ့အစည်း၊ အုတ်မြစ်၊ ရပ်တည်ချက်တွေကိုပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆက်လက်တည်ဆောက် ဖော်ဆောင်သွားရမယ်ဆိုရင် ပြင်ဆင်ပြောင်းလဲမှုတွေနဲ့ ဆက်လက် ထိန်းသိမ်း ရှင်သန်ခွင့် ရှိကြလိမ့်မယ် ယူဆပါတယ်။

ဥပမာ ဗကသဆိုတဲ့ ကျောင်းသားသမဂ္ဂ ဆိုတာဟာခေတ်အဆက်ဆက်မှာ လိုအပ်တဲ့ Institution ဖြစ်တယ်။ ဒါကို သမိုင်းမှာအမြစ်ကမကျန်အောင် ဖျက်ဆီး ချေမွ ပိတ်ပင်ထားဖို့ မလိုအပ်ဘူး။ ဒါကိုခေတ်အဆက်ဆက်မှာ တော်လှန်တဲ့အမြင်ရှိသူတွေက အသက်စွန့်ပြီး ထိန်းသိမ်းထူထောင်ခဲ့ကြလို့ လက်ရှိအခြေအနေမှာ မျိုးဆက်သစ် ဗကသတွေကို ကျနော်တို့ဂုဏ်ယူစရာ လက်ဆင့်ကမ်း လက်တွဲစရာအဖြစ် တွေ့ကြရတယ် မဟုတ်ပါလား။

၈၈ မျိုးဆက်တွေ၊ ဗကသ စတဲ့ သမဂ္ဂတွေ၊ သံဃသာမဂ္ဂီတွေ၊တော်လှန်သော အစဉ်အလာရှိသော အစည်းအရုံးတွေဟာ သမိုင်းအဆက်ဆက်မှာ တည်ရှိနေတဲ့foundation တွေ၊ Institution တွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ဒါတွေကို ပုဆိန်ရိုးတွေ၊ ကွန်မြူနစ် (ဗကပ)တွေရဲ့ လက်ပါးစေတွေလို့ အမျိုးမျိုးနာမည်ဖျက်ပြီး ဖျက်သိမ်းဖို့ ကြိုးစားခဲ့တာ သမိုင်းနဲ့ ချီခဲ့ပြီ ဖြစ်ပါတယ်။

ဒါနဲ့ စကားစပ်မိလို့ ဗမာပြည်ကွန်မြူနစ်ပါတီ(ကွန်မြူနစ်ပါတီ ဗမာပြည်) ဆိုတာကလည်း တိုင်းပြည်ကို ဖျက်ဆီးသူ၊ ဖြိုကွဲသူ၊ပြည်သူတွေနဲ့ ရဲဘော်အချင်းချင်းကို လုပ်ကြံသတ်ဖြတ်သူတွေလို့ စစ်အစိုးရအဆက်ဆက်မှာ နံမည်ဆိုး၊ တံဆိပ်ဆိုးတွေ တတ်နေခဲ့တာပါပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲထဲမှာ အခမ်းကဏ္ဍတခုက ပါဝင်ခဲ့တာ ၀န်ခံရပါမယ်။ ဗကပတွေဟာ သူတို့ခေါင်းဆောင်၊ နောက်လိုက်၊ မူဝါဒ၊ လမ်းစဉ် အဆက်ဆက်၊ အဆင့်ဆင့်မှာ ပြောင်းလဲမှုတွေ ၊ဖြစ်တာ ပျက်တာတွေ၊ မှားတာ မှန်တာတွေကို ရင်ဆိုင်ပြီး ရပ်တည်ခဲ့တဲ့ political institution အနေနဲ့လက်ခံရပါမယ်။

အမှားတွေ၊ မတရားမှုတွေ၊ လူသတ်မှုတွေ၊လုပ်ကြံမှုတွေကို လက်ညိုးထိုးပြီး အဖွဲ့အစည်းတခုလုံးကို ဖျက်သိမ်းရမယ်ဆိုရင် အဲသည်အချိန်အခါတုန်းက ဦးဆောင်မှုပေးပြီး အမိန့်ပေး စေခိုင်းသူကို တရားသေလွှတ်ပြီးတော့ အဖွဲ့အစည်းနဲ့ နောက်လိုက်တွေအားလုံးကို တရားခံတွေ၊ ဒါးစာခံတွေလို စီရင်လိုက်သလို ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။

၈၈ အရေးတော်ပုံက ပေါ်ထွန်းလာတဲ့ ဒီမိုကရေစီရေးအတွက် တော်လှန်တဲ့အဖွဲ့အစည်း Institution တွေ ခုချိန်မှာ ရှိနေပါပြီ။ အဲသည်မှာ မျိုးဆက်အဆင့်ဆင့် ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ မူဝါဒတွေ၊ လမ်းစဉ်တွေအမျိုးမျိုး အပြောင်အလဲများစွာနဲ့ ရပ်တည်ရှင်သန်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်ရဲ့ တော်လှန်တဲ့သမိုင်းဟာ ခေါင်းဆောင်တချို့၊ လူတချို့ရဲ့ မတရားမှု၊ လုပ်ကြံမှုတွေကြောင့် သူတို့တွေနဲ့ တပါတည်း နိဂုံးချုပ်သင့်တယ်လို့တော့ ကောက်ချက်မချသင့်ဘူးလို့ ပြောချင်တာပါပဲ။

ကျနော်တို့ သမိုင်း အဆက်ဆက်မှာ တော်လှန်ရေးကတောင်းဆိုလို့ ပေါ်ထွန်းလာတဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ အဖွဲ့အစည်းတွေရှိတယ်။ သူတို့တွေနဲ့အတူ ပြည်သူလူထုဟာ အတူတကွ လက်တွဲ လိုက်ပါကြတယ်။ ရပ်တည်ချက်တွေလုပ်ရပ်တွေ မှားယွင်းချွတ်ချော်လို့ရှိရင် သမိုင်းနဲ့ ပြည်သူဟာ မျက်နှာမလိုက်ပါဘူး။အဲသည်လို လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပြည်သူတွေကို်ယ်တိုင်၊ နောက်လိုက်တွေ ကိုယ်တိုင်က လက်တွဲဖြုတ်ကြတာပါပဲ။ အဲသည်အပြောင်းအလဲမှာ ခေတ်ရဲ့ တောင်းဆိုချက်အရပဲအစဉ်အလာရှိတဲ့ Institution တွေရဲ့ တော်လှန်သော အလံတော်ကို ကျဆုံးခြင်းမခံပဲ မျိုးဆက်သစ်တွေ၊ ခေါင်းဆောင်သစ်တွေဟာ လက်ဆင့်ကမ်း ဆက်လက် ချီတက်သယ်ဆောင်ကြတာလဲ အမှန်တရားတခုဖြစ်ပါတယ်။

 

အဲသည်လိုသာ ဆိုရင်ဖြင့် ကျနော်တို့တတွေ ဟိုတုန်းကဗိုလ်ချုပ်ကြီး stupid ပြောခဲ့သလို weather မကောင်းရင် ဖြုတ်လဲလိုက် ဆိုတဲ့သံသရာကနေ ရုန်းထွက်နိုင်လိမ့်မယ် ထင်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts