သရော်စာ မောင်လူရေး

မောင်လူရေး – လုပဒေကြမ်း

မောင်လူရေး – လုပဒေကြမ်း
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၅

နိုင်ငံ့ကျက်သရေဟူသည်ကို စဉ်းစားကြည့်သည်။ နိုင်ငံ့မင်္ဂလာဟူသည် အဘယ်လိုဟာနည်းပေါ့။

အရှိအဖြစ်ကို စိစစ်သောအခါ နိုင်ငံဟူသည် နိုင်ငံသားတို့ကို ကိုယ်စားပြုသော ဝေါဟာရသာ။ ထို့ကြောင့်ရကား နိုင်ငံ့ကျက် သရေဟူသည် နိုင်ငံသားတို့သာလျှင်ဖြစ်၍ နိုင်ငံ့မင်္ဂလာကား နိုင်ငံသားတို့၏သဘောထားသာဟု သဘောပေါက်မိရသည်။

ထိုရောအခါ နိုင်ငံသားတို့၏သဘောထားသည် အရေးကြီးလာပြန်သဖြင့် တိုး၍ စေ့ငုသောအခါ မျှတမှုကို တွေ့ရှုရသည်။ မျှတမှုကို ဆက်လက်ရှုပြန်သော် ယင်းတွင် ဒီမိုကရေစီရာခိုင်နှုံး ၉၉.၉ ပါဝင်နေသည်ကို အထင်အလင်း ရှင်းရှင်းကြီး သိ ရပြန်ချေသည်။

အော် နိုင်ငံ့မင်္ဂလာဆိုတာ နိုင်ငံသားများရဲ့သဘောထားမျှတမှုပါကလား။

နိုင်ငံ့ကျက်သရေဆိုတာ သဘောထားမျှတသော နိုင်ငံသားများပါကလားဟု ဝမ်းမြောက်ရွှင်ရွှင် ဆင်ခြင်မိရချေလေတော့ သည်တကား။

ဆက်လက်ဆင်ခြင်လေသောအခါ ရွှင်မြောက်သမျှသည် ချွင်တောက်မည်ကာ ပျောက်ရတော့မည်ဘေးကြီးနှင့် အရေးတော် ပုံဆိုက်နေဘိချေသည်ကို တွေ့ရပြန်လေသည်။

ယခုရက်တွင်း ချက်ချင်းပေါ်ပေါက်လာသော သမတကို အကာအကွယ်ပေးရေးဥပဒေသည် နိုင်ငံသားတို့၏ မလုံခြုံမှုကို ဖြစ်စေရကား မမျှတတော့။ နိုင်ငံကျက်သရေသည် အက်လေပြီတည်း။

ထို့ထက်ဆိုးသည်ကား ကာချုပ်အတွက်ရေးဆွဲထားသည့် ကာလုံဥပဒေ။ ငွေတကျပ်ကို ကာချုပ်တဦးတည်း ပြားခြောက် ဆယ်သုံးစေပြီး ကျန်ပြားလေးဆယ်ကို ကျန်နိုင်ငံသားသန်းငါးဆယ် မျှသုံးနေရသည့် ရှိရင်းစွဲအခြေအနေထဲကနေ ကာလုံ ဆန္ဒရှိလျှင် ပြားလေးဆယ်ထဲမှ ထပ်မံနှုတ်ယူခွင့်ပြုအုံးမည့်ဥပဒေ။

ယင်းကာလုံဥပဒေသည် မမျှတဆိုသည့်ဝေါဟာရပင်လျှင် မသုံးသင့်လွန်းလောက်အောင်ကို မမျှတသည့်အခြေဆိုက်နေ သည်။ ဥပဒေဟုလည်း မသုံးအပ် မသုံးကောင်းသည့် ဒီမိုကရေစီစနစ်တွင်းက ဘုရားစူးဥပဒေ။ ထို့ကြောင့် ယင်းဥပဒေ အတည်ဖြစ်ခဲ့လျှင် သီးခြားဝေါဟာရတခု ကြံဆအပ်ပေသည်။ မိမိအနေဖြင့် ကာလုံလုပဒေ ဟုအဆိုပြုလိုက်လေပြီ။

ကာလုံတယောက်တည်းက အများပြည်သူ၏ဆန္ဒမရှိပါဘဲ အုပ်ချုပ်ရေးယန္တယားတခုလုံးချုပ်ကိုင်ခွင့်ရထားသည့် အခြေခံ ဥပဒေ၊ လွှတ်တော်တွင်းဝင်၍ ဥပဒေပြုခွင့် ကန့်ကွက်ခွင့်ရထားသည့်အခြေခံဥပဒေ၊ သီးခြားတရားစီရင်ခွင့်အချို့ပါရထားသည့်အခြေခံဥပဒေအပြင် နောက်ထပ် တတိုင်းပြည်လုံးကို သွန်လိုသွန် မှောက်လိုမှောက်လုပ်ခွင့်ပြုရမည့် ကာလုံဥပဒေ ထပ်လာမည်ဆိုပါက နိုင်ငံသားတို့အကြားတွင် ယင်းမျှလောက် ၎င်းမျှလောက် အနှီမျှလောက် ဤမျှလောက် ထိုမျှလောက် မမျှတလွန်းမှုကြောင့် နိုင်ငံ့ကျက်သရေသည် တက်နေမလား အခက်တွေပွားရတော့မည်။ နိုင်ငံ့မင်္ဂလာသည် မစင်ပမာ ဟင် စရာဖြစ်ချေတော့မည်သာတကား။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts