ဗိုလ်ထက်မင်း သတင်းဆောင်းပါး ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း (၅) နိဂုံး

ဗိုလ်ထက်မင်း – ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း (၅) နိဂုံး
(မိုးမခ) ဇွန် ၄၊ ၂၀၁၅

၂၅။    ကိုးကန့်တိုက်ပွဲသတင်းတွေ နံမည်ကြီး ပြန့်နှံနေတာ နိုင်ငံတကာသာမက နေပြည်တော်ရှိ စာဖတ်နေသူကြီးဆီ သတင်းတွေ ရောက်သွားပုံကို အိမ်တော်ကြီးနဲ့ နီးစပ်သူက ပြောပါတယ်။  မြေးဖြစ်သူက ဖေ့ဘုတ်အရူးမူးဆိုတော့ (ရမခ) နေတြာတံဆိပ်နဲ့ ဖေ့ဘုတ်တွေတက်လာလို့ ဝင်ကြည့်ရာမှ သိလာရပြီး ဘဘကြီးဆီ ပြေးသတင်းပို့တော့တာဘဲလို့ သူကဆိုပါတယ်။ဘဘကြီးရွှေက တပ်အထိနာလာလို့ တပ်ချုပ်ကို ကြည့်လည်း လုပ်ကြအုံးလို့ပြောပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့  ပြောတာကတော့ အသေးစိတ်ပြောမသွားပါ။

ဒီနေ့ရေပန်းစားနေတဲ့ မီဒီယာအချို့မှာ တပ်ချုပ်က ဒုသမ္မတအဖြစ် နိုင်ငံရေးလောကထဲ ဝင်မည်ဆိုတာဟာ အရင်တုံးက Line –up အဖြစ် ရှိကောင်းရှိနိုင်သော်လည်း တပ်ချုပ်ရဲ့ကံကြမ္မာဟာ ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးပြန်လည်လွဲပြောင်းနိုင်ကာ ဒေသတည်ငြိမ်မှူရှိမရှိနဲ့ငြိမ်းချမ်းရေးအပစ်ရပ် စာချုပ်ချုပ် ဆိုနိုင်စွမ်း ရှိမရှိ စတာတွေ အပေါ်အများကြီးမူတည်ပါတယ်။ တပ်မှာ ထင်ရှားလာပြီ၊ ရုပ်မြင်သံကြားမှာပေါ်လာပြီဆိုရင် သတိထားရပါမယ်။ တပ်အစဉ်အလာအရ ဒီလို ပေါ်ပြူလာ ဖြစ်လာတဲ့သူတိုင်း မြောင်းထဲရောက်သွားတာများပါတယ်၊ အသံကြောင့် ဖါး သေတယ်ခေါ်မလား၊ သူရဦးရွှေမန်းတယောက် တပ်ချုပ်ဖြစ်မလိုနဲ့မဖြစ်၊ သမ္မတလည်းမဖြစ်၊ ရင်ခံနေရတယ်၊ ဗိုလ်ချုပ်ဥာဏ်လင်း၊ ဗိုလ်ချုပ်စစ်မောင်၊ ဒုဗိုလ်ချုပ်ကြီးမြင့်အောင် တို့လည်း တပ်ချုပ်ရေပန်းစားပြီး တန်းစီးဇယားလျာပြီးမှ သူ့အကြောင်းသူ့ဇာတ်သိမ်းသွားကြတယ်။ အနီးစပ်ဆုံး နောင် ဒုတပ်ချုပ်ဖြစ်မယ်လို့ ဦးအောင်မင်း နမိတ်ဖတ်လိုက်တဲ့ ကိုမြတ်ထွန်းဦးတယောက် စရဖချုပ်ကို ဗြုန်းကနဲ ပြောင်းခံလိုက်ကာမှ ထိုင်ခုံလည်း လှူပ်တုပ်တုပ်ဖြစ်နေပါတယ်။ သူနဲ့မတည့်တဲံ့ ကိုကျော်ဆွေက ကြိတ်ဝမ်းသာနေပြီး စရဖမှပြောင်းပေးလိုက်တဲ့ တပ်ချုပ်ကို ကျေးဇူးတင်နေတယ်။

ဒုတပ်ချုပ်အဖြစ် စိတ်ကူးတွေ ယဉ်နေကြတဲ့ ကိုထွန်းထွန်းနောင်၊ ကိုလူအေး၊ ကိုမောင်မောင်အေးတို့ကတော့ ဘုရားထံ ဆုတွေ တောင်းလွန်းလို့နတ်တွေကတောင် နားညီးနိုင်တယ်လို့စစ်ဖက်နီးစပ်သူများကဆိုပါတယ်။ စစ်တပ်ထိပ်ပိုင်း တပ်ချုပ်နဲ့သမ္မတရာထူးတွေဟာအရေးပါဆုံးဖြစ်နေတာကြောင့် ပါတီအမှူဆောင်များနဲ့နာယကကြီးတွေက ရွေးချယ်လို့မှမရရင် ဦးသန်းရွှေထံ အဆုံးအဖြတ်ယူဖို့ရှိသလို အချိန်ကာလအနည်းငယ်လည်းကျန်နေသေးရာ ပြည်တွင်းမှာလည်း နိုင်ငံရေး၊စစ်ရေး ရေချိန် အတက်အကျဖြစ်နေတာမို့ အောက်တိုဘာလကျမှ အဖြေထွက် နိုင်တယ်။

၂၆။    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်တွန်းချင်တာက ပုံရိပ်တကာ ပုံရိပ်ထဲမှာ ငြိမ်းချမ်းရေးပုံရိပ်ဟာ အလှအပဆုံး ပုံရိပ်၊ အခိုင်မြဲဆုံးပုံရိပ်ဘဲ ဖြစ်ပါတယ်။ မိမိက UPPER HAND ရနေချိန်မှာ ကိုးကန့်အဖွဲ့ အား ငြိမ်းချမ်းရေးစားပွဲပေါ်သို့ စတင် ဖိတ်ခေါ်သင့်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က တပ်မတော်ဟာ လက်နက်အားကိုး အနိုင်ကျင့် တတ်တယ် ဆိုတဲ့ စိုးရိမ်စိတ် ရှိတတ်ရာ ဒီအချိန်မှာ ဖြေဖျောက်ဖို့သက်သေပြဖို့အခါကောင်းအချိန်ဖြစ်ပါတယ်။ လက်နက်ကြီးကိုင်တဲ့ သူက လက်နက်ငယ်ကိုင်တဲ့ သူကို လက်ကမ်းလို့ကြိုဆိုနေချိန်မှာလက်နက်ငယ်ကိုင်တဲ့သူက စတင် ပစ်ရင်တော့ ပြည်သူက ဒဏ်ခတ်ပါမယ်၊  သူတို့ဆီက အပစ်ရပ်ဖို့တော့လိုပြီး အသံမကြားရင်တော့ တဘက်သတ် အပစ်ရပ်ကြောင်း ကြေညာသင့်ပါတယ်။ မေတ္တာလက်နက်ဟာ လက်နက်ကြီးကျည်ထက် အစွမ်းထက်ပြီး သူတို့သေနတ်ပြောင်းဝတွေကို အလိုလို အောက်စိုက်လာအောင် လုပ်နိုင်စွမ်းရှိပါတယ်။

၂၇။    ဒီနေရာမှာဆက်စပ်ပြီး တပ်ချုပ်အနေနဲ့ မိမိတပ်အထိနာနေတဲ့အတွက် စိတ်မထိန်းနိုင်တဲ့ ဖြစ်စဉ် တခု သိရပါတယ်။ ပါကစ္စတန်သွားခါနီး ကိုးကန့်သတင်းတွေ မဖေါ်ပြရန် ပြည်တွင်းမီဒီယာတွေအား ကက(ပြည်)ကို     စာထုတ်ခိုင်းခဲု့ပါတယ်။ ရှေ့တန်းကိုလည်း တပ်အခေါ် မ-၇၀ ဆက်သွယ်ရေးစက်ပေါ် တက်ကာ စစ်အုပ်ချုပ်ရေးကာလပြည့်ကာနီး ဖြစ်လို့သူနိုင်ငံခြားကပြန်လာရင် စခန်းတွေရတဲ့ မင်္ဂလာသတင်းဘဲ ကြားချင်တယ် ဆိုပြီး တပ်ချုပ်က မူလီကြပ်သွားရာ ကံကောင်းချင်တော့ လေယာဉ်မှ ဆင်းလာချိန် ပင်မကုန်းကိုရသွားတာဖြစ်လို့ လက်အောက်က သက်မချခဲ့ရတယ် လို့သိရပါတယ်။ မီဒီယာလွတ်လပ်ခွင့်အခမ်းအနားတခု လုပ်နေတာနဲ့ တိုက်ဆိုင်ကာ ကက(ပြည်)က မီဒီယာသတိပေးစာ အရောက်ဖြစ်သွားရာ ပွက်လောရိုက် ကုန်ကြပါတယ်။ တပ်ချုပ် လုပ်လိုက်တဲ့ ပုံစံက တနိုင်လုံး စစ်အုပ်ချုပ်ရေးလုပ်ခဲ့တုန်းကလို ဆိုရင် မှန်နိုင်ပေမဲ့ လက်ရှိမှာမဟုတ်တော့ အစိုးရကို ကျော်သွားသလို လုပ်ထုံးလုပ်နည်းလွဲပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနက တဆင့် ညှိရင်ဖြစ်ဖြစ်၊စာနယ်ဇင်းကောင်စီကို ရှင်းပြရင်လည်းရပါတယ်။ မိမိလုပ်ပိုင်ခွင့် အသုံးချပြီး မီဒီယာကို တန်ပြန်မီဒီယာနဲ့လုပ်ရဲရင် တချက်တည်းနဲ့ပစ်မှတ်၂ခုတောင်ထိတဲ့ စိတ်ဓါတ်စစ်ဆင်ရေးနည်းဗျုဟာရှိပါတယ်။ သိမ်းထားပြီးတောင်ကုန်းပေါ်က သံခြေချင်းခတ်ထားတဲ့ ရန်သူအလောင်းကို မီဒီယာတွေကို ခေါ်ပြလိုက်ယုံနဲံ့ တရုတ်၊မြန်မာနှစ်ဘက်ပြည်သူတွေ စုတ်သတ်ကာ ပွဲပြီးသွားနိုင်တယ်။  နောင် တရုတ်ကြေးစားဆိုရင် မလိုက်ရဲတော့ဘူးဖြစ်သွားပါလိမ့်မယ်။ယနေ့မီဒီယာတွေကြောင့် တပ်မတော်ကို ပြည်သူတွေက ထောက်ခံလာတယ်ဆိုတာသတိပြုရပါမယ်။

၂၈။    မြွေဟာခေါင်းပြတ်ပြီဆိုရင် မှီရာလူရဲ့လက်ဖြစ်ဖြစ် တဆုံးကိုက်ကာအဆိပ်တွေ ဒလဟောထုတ် သွားပါတယ်။ ထွက်ပေါက်ပေးသင့်ပါတယ်။ စစ်ပွဲကြီးမပြီးဆုံးသေးပါ၊ ဦးဖုန်ကြားရှင်က တပ်မဟာတခုထပ် တိုက်ဖို့ပြင်ခိုင်းနေပါတယ်။ ကုန်ရှမ်းတောင်ကြောရှိ ခံစစ်စခန်းတွေထိုင်ထားတဲ့ ကိုးကန့် တပ်မဟာ(၃၁၁)ဟာ  ပွိုင့်(၂၂၀၂) ပင်မကုန်းခံစစ်စခန်းထိုင်ထားတဲ့ တပ်မဟာ(၂၁၁) လို အနာခံပြီး ခံစစ်မဆင်ဘဲ အသာတကြည်နောက် ဆုတ်ပေးလိုက်တာမို့ အင်အားစုကျန်ရှိပါသေးတယ်။ ဆောင်းပါးပြန်စစ်ဆေးနေမှာစဉ် သတင်းဝင်လာရာ ကိုးကန့်ဒေသရှိ မူလတန်းကျောင်းတကျောင်းမှာ ကိုးကန့်တပ်ဖွဲ့တွေစုစည်းကာ စစ်ရေးပြအခမ်းအနားလုပ်ပြီး ပြောက်ကျားစစ်ဆင်ရေးနဲ့ တန်ပြန်စစ်ဆင်ရေး မေလ၂၂ရက်နေ့တွင် စတင်ပြီလို့သိရပါတယ်။

၂၉။။    မည်သို့ပင်ဖြစ်စေ အပြစ်မဲ့ မြေဇာပင် ဒုက္ခသည်(၈,၀၀၀၀) ကို ပြန်လည်လက်ခံသင့်ပြီး ကြာရင် ကလေးစစ်သားအဖြစ် စုဆောင်းသွားနိုင်တာမို့ အမြန်ခေါ်ဖို့ လိုပါတယ်။ ဒုက္ခသည်စခန်းဟာ ကိုးကန့်တွေ နားခိုရာလည်းဖြစ်သွားနိုင်ပါတယ်။ဒုက္ခသည်တွေကိုရှင်းပြရာမှာ ငါတို့ဟာ အချင်းချင်းတိုက်ချင်လို့ တိုက်နေတာ မဟုတ်ကြောင်း၊ ဥပဒေချိုးဖေါက်လို့ဒို့တာဝန်အရေးထိပါးလာလို့ တိုက်ရတာဖြစ်ကြောင်း၊ အရင်ကလည်း ဦးဖုန်ကြားရှင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ထားပြီးဖြစ်ပေမဲ့၊ သစ္စာမဲ့လို့ ပြန်တိုက်ရကြောင်း၊ကြက်ခြေနီယာဉ်တန်းကိုတောင် မရှောင်ပစ်ခဲ့ကြောင်း၊ဒါပေမဲံ့ ငါတို့က ခွင့်လွတ်ပြီး သူတို့မတိုက်ရင်တော့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်မယ်ဆိုတာ စတာတွေ ပြောသင့်ပါတယ်။ နယ်စပ်မှာ သွေးထိုးခဲ့တောင်မှ သူတို့ထင်သလို မဟုတ်ပါလားလို့ မေတ္တာအပြန်အလှန်ရသွားရင် အောင်ပြီ ဆိုတဲံ့အဆင့်ရောက်ပါလိမ့်မယ်။

လက်နက်ချမှ ဆွေးနွေးမယ်ဆိုတဲ့မူ ကိုတရားသေ မဆွဲကိုင်သင့်ဘဲ ကြားခံတိုင်းရင်းသားတဖွဲဖွဲ့က စေ့စပ် ညှိနှိုင်းပေးမှူ၊တာဝန်အထိုက်အလျောက်ယူမှူ ရှိလာရင် ဆွေးနွေးပွဲ စတင်သင့်ပါတယ်။

၃၀။    ဒီနေရာမှာစာဖတ်သူတချို့က ဆွေးနွေးပွဲကိစ္စကို အစိုးရက လုပ်နေတာဖြစ်လို့ တပ်ချုပ်နဲ့ဆိုင်လို့လား မေးစရာရှိပါတယ်။ သမ္မတက လုပ်ချင်တိုင်းလုပ်လို့မ ရဘဲ လက်တွေ့လုပ်နေတဲ့သူရဲ့ သဘောထား တပ်ချုပ်ကို ဆန္ဒတောင်းရပါတယ်။ ကချင်ပြည်နယ်မှာ စစ်ပွဲတွေမှာ တဖက်သတ် သမ္မတက ရပ်ခိုင်းတဲ့ ကိစ္စမှာ တပ်ချုပ်၊ ဒုတပ်ချုပ်တို့နှစ်ဦးစလုံး ဖိုင်ကိုင်ကာ  ဝင်သွားတဲ့ ဖြစ်စဉ်ရှိဘူးပါတယ်။ ဒါကြောင့် တပ်မတော်က ငြိမ်းချမ်းရေး စကားလေသံပစ်ကာ ထိုးစစ်တဖက်သတ်ရပ်ပြီး ငြိမ်းချမ်းရေးအပိုင်းဆွေးနွေးပွဲကြမှ အစိုးရကဆက်လုပ်တာ သဘာဝကျပါတယ်။ ကိုးကန့်အဖွဲ့က လက်နက်ဆက်ကိုင်ပါက ဖြစ်ပေါ်လာနိုင်မဲ့ ဆိုးကျိုးကို အကြောင်းအချက်နဲ့ထောက်ပြနိုင်ရပါမယ်။ ဒါမှမဟုတ် ယုံကြည်မှူတည်ဆောက်ပေးတဲံ့အနေနဲ့ နယ်ခြားစောင့်တပ် အဆင့်တန်း မသင့်တော်တော့ပေမဲ့ ဒေသခံလူငယ်အချို့ကို ပြည်သူစစ်ဖွဲ့ခွင့်ပြုပြီး ယခင်လို တောမခိုနိုင်အောင် တပ်က တိုက်ရိုက်ကွပ်ကဲမှုအောက် ထားရေး အဆိုပြုသင့်ပါတယ်။ သူတို့ကို စပြီး သေနတ် ပေးကိုင်ခိုင်းလိုက်ခြင်းဖြင့် သူတို့ရဲ့လုံခြုံမှူ၊ယုံကြည်မှူပေးဆပ်စေချင်တယ်။ လက်နက်ငယ်ကိုင်တဲ့သူကို အမြောက်ကိုင်တဲ့သူက ချေမှူန်းနိုင်စွမ်းရှိတာကို လက်တွေ့သိပြီးဖြစ်ပါတယ်။ ဦးဖုန်ကြားရှင်ကိုတော့ ပြည်သူလူထုက ဆုံးဖြတ်ပေးရမှာ ဖြစ်တယ်။ ပြည်သူလူထုကိုယ်စား ပြည်ထောင်စုလွတ်တော်က  ဆွေးနွေးပြီး၊ ဥပဒေကြောင်းအရ သင့် မသင့် ဆုံးဖြတ်သင့်ပါတယ်။

လိပ်ခဲတည်းတည်း ဖြစ်နေတဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် အချောလက်မှတ်ထိုးဖို့ရှိနေရာ တပ်မတော်ရဲ့ စစ်ဆင်ရေးကြီးကို တိုင်းရင်းသားများက စိုးရိမ်ကြီးစွာနဲ့စောင့်ကြည့်နေတာကြောင့် စိုးရိမ်စိတ် ပြေပျောက်စေဖို့ တပ်ချုပ်ရဲ့အပြုသဘောဆောင်မှူ၊ သဘောထားကြီးမှူ၊ မေတ္တာတရား မျှဝေ ထင်ဟတ်စေတဲ့ ငြိမ်းချမ်းရေးမြတ်နိုးမှူ သင်္ကေတအဖြစ် တုံ့ပြန် ပစ်ခတ်မှူအသံမရှိတော့ရင် တဖက်သတ်အပစ်ရပ်ကြောင်း ကြေညာလိုက်ပါက အပစ်ရပ်လက်မှတ်ထိုးရေး မီးရှူးတန်ဆောင်သူဟာ သမ္မတမဟုတ်ဘဲ တပ်ချုပ်သာ ဧကန်ဖြစ်ပါတယ်။

ဗေဒင်ကိန်းခန်း ယတြာအစီအမံအရ တပ်ချုပ်လှူုထားတဲ့ ထားဝယ်ရှိ ကြေးသွန်းခေါင်လောင်းကြီး ပြီးစီးပါက ထုံးစံအရခေါင်းလောင်းကြီး ထုထုပြီး  မိမိလိုရာ ဆုတောင်းတဲ့ အစဉ်အလာရှိရာ တပ်ချုပ်အနေနဲ့ မိမိအဓိဌာန် ဖြစ်ချင်တာဆုတောင်းပြီးရင် အပိုဆုအဖြစ်  ငြိမ်းချမ်းရေး ရပါစေလို့ ခေါင်းလောင်းကြီးအား တပ်ချုပ် ကိုယ်တိုင် ပိုထုရင်း ဆုမွန်တောင်းနိင်ပါရန် တိုက်တွန်းလိုက်ရပါတယ်။

(Photo – 7days Daily News, တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေးပိဿာချိန် သုံးထောင် ပါဝင်လှူဒါန်းထားပြီး စုစုပေါင်း ကြေးပိဿာချိန် တစ် သောင်းကျော်ရှိသည့်    ခေါင်း လောင်းကြီးသွန်းလောင်းပြီးစီး၊ မေ ၂၄၊ ၂၀၁၅။ ဓာတ်ပုံ မောင်တာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဗိုလ်ထက်မင်း – ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း (၅) နိဂုံး
  1. thank you. Please write more like this. we learn so much from your writings. Good forthe country and for the Tatmadaw.

  2. very good well-presented long article.

    Well done , Bo Htet Min .

    Well done.

Comments are closed.