ဇင်လင်း ရသဆောင်းပါးစုံ

ဇင်လင်း – ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် တပ်မတော်၏ ကတိပြုချက်

ဇင်လင်း – ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် တပ်မတော်၏ ကတိပြုချက်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

ရွေးကောက်ပွဲပြီးတဲ့နောက် ပြည်သူလူလူထုမျှော်လင့်ထားတဲ့ နိုင်ငံရေးရလဒ် ပေါ်ထွက်လာခဲ့ပါပြီ။ လက်ရှိ ဦးသိန်းစိန် အစိုး ရနဲ့ သူ့ရှေ့က န၀တ/နအဖအစိုးရအဆက်ဆက်က ချန်ထားရစ်တဲ့ ၀န်ထုပ်ဝန်ပိုး အနန္တကို ၂၀၁၆-၂၀၂၀ NLD အစိုးရသစ်က ဆက်လက်တာဝန်ယူရမှာ ဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့ဆက်လက်တာဝန်ယူရမယ့် ကိစ္စတွေထဲမှာ အထွေထွေပြုပြင် ပြောင်းလဲရေးတာဝန် (General Reform Task) က အကြီးဆုံးစိန်ခေါ်မှုလို့ ဆိုနိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ပြီးပြီလို့ ဆိုရုံမက၊ ဘာများပြောင်းဖို့ကျန်သေးလို့လဲလို့တောင် မေးခွန်းထုတ်လိုက်ပါသေးတယ်။ ကြည့်ရတာ ထုံးစံအတိုင်း အောက်ခြေက တာဝန်ကျေတင်ပြတဲ့ အစီရင်ခံစာတွေကိုဖတ်ပြီး ပြုပြင်ပြောင်းလဲရေးအောင်မြင်ခဲ့ပြီလို့ ထင်နေပုံပါပဲ။

တကယ်တော့ ၀န်ကြီးဌာနအသီးသီးမှာ ပြဿနာအများအပြားနဲ့အကြွေးအများအပြား ကျန်ရှိနေတယ်လို့ ပြည်သူအများ က သိနေကြပါတယ်။ အဲဒီပြဿနာအများအပြားထဲမှာ ပြည်တွင်စစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလည်း ပါဝင်ပါ တယ်။ ဦးသိန်းစိန်အစိုးရ ၂၀၁၅ ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းကို သုံးသပ်ရင် သူ့အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကိစ္စဟာ အဓိကပါပဲ။ စစ်ရေးပဋိပက္ခကို မဖြေရှင်းနိုင်ရင် စစ်သုံးစရိတ်  လျှော့မချနိုင်တဲ့ အတွက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး မလုပ်နိုင်တော့ပါ။ အကျိုးဆက်က အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ဖို့လည်း မလွယ်နိုင် တော့။ တဆက်ထဲမှာ တရားဥပဒေစိုးမိုးရေး ဆုတ်ယုတ်ကျဆင်းပြီး ဆိုးသွမ်းသံသရာလည်နေမှာ ဖြစ်ပါတယ်။ အကျိုးဆက် အဖြစ် လူထုထောက်ခံမှုကျဆင်းပြီး ရွေးကောက်ပွဲမှာ အရှုံးနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။

ငြိမ်းချမ်းရေးကိစ္စကို ရိုးရိုးဖြောင့်ဖြောင့်လုပ်ရင် ပြီးပြတ်နိုင်ပါလျှက် မလိုလားအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အကန့် အ သတ်တွေကြောင့် ယခုတိုင် နိဂုံးမသတ် နိုင်ဖြစ်နေပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့နဲ့ တပ်မတော်ခေါင်းဆောင်တွေ စဉ်းစားပုံ ကွဲလွဲနေတာကလည်း ပြဿနာတစ်ခုပါပဲ။ တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုရှိရေးအတွက် နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ ငြိမ်းချမ်းရေး ရရှိရေးတာဝန်တို့ကို ထမ်းဆောင်သွားမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောခဲ့ဖူးတယ်။ ဒီ့အပြင် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဘယ်ပါတီကိုမဆို တပ်မတော်က လက်ခံမှာ ဖြစ်တယ်လို့လည်း ၂၀၁၅ ရွေးကောက်ပွဲများကျင်းပခြင်း မပြုမီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ဖူးတယ်။

ဘယ်လို အစိုးရပဲ တက်တက်၊ ဘယ်လိုနိုင်ငံရေးစနစ်ပဲဖြစ်ဖြစ်၊ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ် ရေး တာဝန်ကို ထမ်းဆောင်ရမှာပဲဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားတဲ့စကား ရှိပါတယ်။ သူ ဘယ်လိုရည်ရွယ်ချက်နဲ့ပြောသလဲ မသိနိုင်ပေမယ့်၊ နိုင်ငံရေးအကဲခတ်တွေကတော့ အပြောင်းအလဲကို ထောက်ခံတဲ့သဘောလို့ သုံးသပ်ကြပါတယ်။

အမှန်တော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုရခြင်းဟာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုး အတွက်ဖြစ်သလို တပ်မတော်ရဲ့ ဂုဏ်သက္ခာအတွက်လည်း ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို  တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အခွင့်ကောင်းတစ်ရပ်အဖြစ် ရှုမြင်ပြီး လက်ခံ ကြိုဆိုသင့်ပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ဖြစ်ပေါ်လာရေးကိုလည်း ရှေးရှုသင့်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဒီဇင်ဘာ ၂ ရက်နေ့က လေးလေးစားစားလက်ခံတွေ့ဆုံခဲ့တာဟာ အမြော်အမြင်ရှိရာ ရောက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Tateshi Higuchi နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ရာမှာ “ရွေးကောက်ပွဲရလဒ်အပါအ၀င် မည်သည့်အကြောင်းကြောင့်ဖြစ်စေ တပ် မတော်အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန်မရှိဘဲ ပေါ်ပေါက်လာမည့် အစိုးရသစ်နဲ့လက်တွဲပြီး တိုင်းပြည်အတွက် အ ကောင်းဆုံးလုပ်ဆောင်မယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း တပ်မတော်ပိုင် မြ၀တီသတင်း ဌာနက ဖေါ်ပြခဲ့ပါတယ်။ ဒီစကားသာ စိတ်ရင်းအမှန်ဆိုရင် ငြိမ်းချမ်းရေးရရှိရေးအတွက်လည်း အလားအလာကောင်း တစ်ခု ဖြစ်လာဖွယ်ရှိပါတယ်။  ဒီကနေ့ တိုင်းပြည်အခြေအနေက ပြုပြင်ပြောင်းလဲမှု မလုပ်ရင် မရဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုက အာဃာတမထားရေး၊ လက်စားမချေရေး၊ အမျိုးသားရင်ကြားစေ့ရေးကို အလေး အနက်ကိုင်စွဲပြီး တိုင်းပြည်ကောင်းကျိုးရှေးရှုဆောင်ရွက်နေတာ မြင်တွေ့နေရပါတယ်။ ဥပမာပြောရရင် ဒီဇင်ဘာ (၄)ရက် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဒါကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို မျက်နှာမူပြီး  ဦးသန်းရွှေအပေါ် အာဃာတမထားပဲ ကောင်းကောင်းမွန်မွန်တွေ့ဆုံစကားပြောခဲ့တာတွေ့ရပါတယ်။ အဲဒီလိုတွေ့ဆုံစဉ် ဦးသန်းရွှေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်အမြစ်တွယ်ရေးကို အားပေးထောက်ခံကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့တယ်လို့ အန် အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများကို အတည်ပြုပြောကြားပါ တယ်။

ဒီအတောအတွင်း  ဒီဇင်ဘာ ၁၅ ရက်နေ့မှာ သူရဦးရွှေမန်းက သူ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ရွေးကောက်ပွဲ အလွန် ယနေ့ကာလတွင် တစ်ဘက်နှင့် တစ်ဘက်ယုံကြည်မှုရရှိရေး အရေးကြီးကြောင်း ရေးသားခဲ့ပုံကလည်း ထူးခြားပါ တယ်။

“ယနေ့အတွက် အကြီးမားဆုံးသောစိန်ခေါ်မှုမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှုရရှိရေး ဖြစ်သည့် ရိုး သားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လေးစားမှု၊ နားလည်ပေးမှုများ အပြန်အလှန် ရရှိရေးတို့အတွက် တွေ့ ဆုံဆွေးနွေး အဖြေရှာရေးပင်ဖြစ်သည်။” လို့ ဦးရွှေမန်းက သူ့သဘောထားအမြင်ကို တင်ပြထားတာ တွေ့ရပါတယ်။

ဦးရွှေမန်းက ရွေးကောက်ပွဲလွန်ကာလအတွင်းတွေ့ဆုံဆွေးနွေးမှုက အလွန်အရေးကြီးကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲတွေက တဆင့်သာ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို မျှော်လင့်နိုင်ကြောင်း၊ ဖေါ်ပြရေးသားထားပါတယ်။ သူ့အမြင်သဘောထားက ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ယုံကြည် ထောက်ခံနေတာ ပေါ်လွင်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့လွှတ်တော်နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြတာ (၈) ကြိမ်ထက်မနည်းရှိပြီး လွှတ်တော် ၂ ရပ်စလုံးက ဥက္ကဋ္ဌတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မီဒီယာသတင်းအရ သိရပါ တယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရပြီးနောက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နှစ်ဦး နိုဝင်ဘာ ၁၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ လွှတ်တော်တွေ ဖွဲ့စည်းတဲ့အခါ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးအနက်ထားဆောင်ရွက်ရန်၊ ဒုတိယ အ ကြိမ် လွှတ်တော်ခေါ်ယူတဲ့အခါ ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေး ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် စတဲ့ အချက် တွေ  ပါဝင်ပါတယ်။

နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ အနိုင်ရပြီး အသစ်ဝင်ရောက်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ရှိ လွှတ် တော်သက်တမ်းမကုန်ဆုံးမီ ခေါ်ယူရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေရဲ့ လုံခြုံရေး သွားလာရေး တည်းခိုရေး စားသောက်ရေး ကိစ္စအ၀၀ကို ပြည့်ပြည့်စုံစုံ စီမံပေးဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းက ဒေါ်စုနဲ့တွေ့အပြီး ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

အမှန်တော့ မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခွင့်အလမ်းကို အမြော်အမြင်ရှိရှိယူတတ်သူက သူရဦးရွှေမန်းလို့ တောင်ဆိုနိုင်ပါတယ်။ သူက ရွေးကောက်ပွဲအဖြေထွက်လာမှ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သူတော့ မဟုတ်ပါဘူး။  ဒေါ်စု လွှတ်တော်ထဲစတင်ရောက်ရှိလာခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက အရှည်ကို မြင်တတ်သူဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးအရွေ့အပြောင်းဖြစ်စဉ်ကို အဓိကမောင်းနှင်မယ့်သူဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်ဆိုတာ အစော ဆုံးမြင်ခဲ့တဲ့ စစ်အုပ်စုဝင်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိ စစ်ယူနီဖေါင်းမချွတ်သေးတဲ့ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ သူရဦးရွှေမန်းလို အရှည်ကိုမြင်တတ်ရင် မြန်မာ့နိုင်ငံရေး အရွေ့ဟာ အခုထက်ပိုပြီး လျှင်မြန် ထိရောက်ဖွယ်ရှိပါတယ်။ ဒီနေ့တပ်မတော်ဟာ လူထုရဲ့ချစ်ခင်လေးစားမှုနဲ့ကင်းကွာနေတာ ဆယ်စုနှစ် ၅ ခုရှိခဲ့ပါပြီ။ လက်ရှိအချိန်မှာ တပ်မတော်ရဲ့ ဦးစီးပဲ့ကိုင်နေရာရရှိနေသူတို့အနေနဲ့ လူထုခေါင်းဆောင်နဲ့ ပူးပေါင်းလက်တွဲပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ကြရမယ့် အချိန်ဖြစ် ပါတယ်။ ဒီအခွင့်အရေးကို လက်မလွတ်စတမ်း ဖမ်းဆုပ်ပြီး တပ်မတော် ဂုဏ်သိက္ခာနဲ့ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။

ဒီကနေ့လူထုဆန္ဒမဲ အများစုနဲ့ တိုင်းပြည်ရဲ့ တရားဝင်ခေါင်းဆောင်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဖခင် တည် ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ စစ်တပ်အမျိုးအစား ဖြစ်စေ ချင်မှာ အမှန်ပါပဲ။ ရှေးရှေ့က စစ်ခေါင်းဆောင်တွေလို တပ်မတော်ကို ခါးပိုက်ဆောင်အဆင့် လျှော့ချမယ့် ခေါင်းဆောင်မျိုး မ ဟုတ် တာ သေချာပါတယ်။ လက်ရှိ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး နိုင်ငံရေးအလှည့်အပြောင်းကို အကောင်းဘက်ဆီ ရွေ့လျားအောင် ပြိုင်တူတွန်းပေးမယ်ဆိုရင် နိုင်ငံ အလျင်အမြန် တိုး တက်ဖွံ့ဖြိုးရုံသာမက၊ တပ်မတော်ရဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကိုလည်း တပြိုင်နက် ဆယ်တင်နိုင်မှာ ဖြစ်ပါတယ်။

တကယ့် ပကတိအခြေအနေကို လက်တွေ့ကျကျ သုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ (၂) ဦးရဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဟာ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားရာမှာ အထူး အရေး ပါမှာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် နိုင်ငံရေးအင်အားစုတွေနဲ့ စစ်ဖက်ဆိုင်ရာ အင်အားစုတို့အကြား တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု မတည်ဆောက်နိုင်သမျှ မြန်မာ့နိုင်ငံ ခေတ်မှီတိုးတက်ဖွံ့ဖြိုးရေးခရီးဟာ “သွားကားသွား၏ မရောက်” ဖြစ်နေဦးမှာ ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်မှသာ၊ ပဋိပက္ခတွေကို လက်ညီတက်ညီ ပူးပေါင်းဖြေရှင်းနိုင်မှာ ဖြစ်တယ်။ သူတို့ထိပ်သီးနှစ်ဦးရဲ့ ခေါင်းဆောင်မှုနောက်မှာ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး ရင်းနှီး နွေးထွေးမှု ပေါ်ထွန်းလာဖို့လည်း အလားအလာကောင်းမှာ ဖြစ်တယ်။ အဲဒီလို အရပ်ဖက်-စစ်ဖက် ယုံကြည်နားလည်မှု အခြေခံအင်အားနဲ့ ပြဿနာတွေကို  ဖြေရှင်းနိုင်မှသာ အဖြေကောင်းရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိပ်သီးချင်းတွေ့ဆုံပြီး အဖြေရှာ နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က နည်းမျိုးစုံနဲ့ကြိမ်ဖန်များစွာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အမြော်အမြင်နည်းပါးတဲ့ စစ်ခေါင်းဆောင်တွေကြောင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ၂၅ နှစ်မက နောက်ကျခဲ့ရပါတယ်။

အတိတ်က အမှားကို သင်္ခန်းစာယူဖို့ အကောင်းဆုံးအချိန်ဟာ ဒီနေ့ဒီအချိန်ပါပဲ။ NLD ပါတီ ဦးဆောင်တဲ့ အစိုးရက တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ယူချိန်မှာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးအခြေအနေ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင် မယ့် အခွင့်အလမ်းတွေ အများကြီး ပေါ်လာဖွယ်ရှိပါတယ်။ တပ်မတော်ဟာ ဒီမိုကရေစီနိုင်ငံများက စစ်တပ်များကို စံနမူနာ ယူဖို့ လိုပါတယ်။ မိမိတိုင်းပြည်ကို အမှန်တကယ်ချစ်ရင် ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ နိုင်ငံရေး ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို ခံယူဖို့လည်း လိုပါတယ်။

“အမုန်း၊ အညှိးအတေး၊ အာဃာတများကို ဖြစ်ပေါ်စေခဲ့သည့် အတိတ်ကသင်ခန်းစာများကိုရယူကာ မိမိတို့သည်လည်း ပြည်သူ့အကျိုးပြုနိုင်ငံရေးကို မည်သည့်နေရာကမဆို ပြည်သူများနှင့်အတူ ပါဝင်လုပ်ဆောင် ကြရမည်ဖြစ်သည်”  ဆိုတဲ့ သူရဦးရွှေမန်းရဲ့ Facebook စာမျက်နှာပေါ်က နှိုးဆော်ချက်ကို လက်ရှိစစ်ဖက်ခေါင်းဆောင်တို့အနေနဲ့ လေ့လာမှတ်သား သင့်ပါတယ်။ စစ်တပ် တစ်ဖွဲ့တည်း တဖက်သတ်ခေါင်းဆောင်မှုနဲ့တိုင်းပြည်ကို အုပ်ချုပ်ခဲ့ဖူးပါပြီ။ Least Developed Country ဖြစ်ခဲ့ရတာကို ပြည်သူကမမေ့ပါ။ ယခု ပြည်သူ့ Mandate ဖြင့် ပြည်သူ့အကျိုးဆောင်မယ့် ပြည်သူ့အစိုးရ အုပ် ချုပ်ရေးကို  စစ်ဖက်က ယုံကြည်နားလည်းမှုရှိရှိ လက်ခံပေးရမယ့် အလှည့်ဖြစ်ပါတယ်။ “အစိုးရသစ်နဲ့လက်တွဲပြီး တိုင်းပြည် အတွက် အကောင်းဆုံးလုပ်ဆောင်မယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်နိုင်ငံ သံအမတ်ကြီးကို ပြောကြားခဲ့တဲ့ ကတိစကားကို ပြည်သူအများက ယုံကြည်မှတ်သားထားပါတယ်။ ဒီကတိစကားအရ ပြည်သူလူထုက အနာဂတ်နိုင်ငံ တော်သစ်ဆီ ရည်မျှော်ကာ အားတက်နေကြကြောင်းပါ။။။။။။။

photo source : Telegraph.uk.co


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts