ခရီးသွား ဆောင်းပါး မောင်ရင်ငတေ

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ပါရီ-ရှန်ဂန် အစုန်အဆန်)

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ပါရီ-ရှန်ဂန် အစုန်အဆန်)
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

● ပူတကေအမြည်းနိဒါန်း
 

ဆင်ပေါ်က ပူတကေတယောက် ငဇင်ကာလား ဒီဘရစ်တိုလား  (Photo Google)

မနက်ဖန် မောင်ရင်ငတေရဲ့ ခရီးတခု အစရက် ဖြစ်ပါတယ်၊ သိပ်တော့ မကြာပါဘူး၊ တပတ်ခန့်မျှပါ။

ဒီကနေ့ ဖေ့စ်ဘုတ်ခ်လောကကြီးရဲ့ မဖြစ်မနေထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားများနဲ့အညီ တင်ပြလိုက်ရပါတယ်။ မောင် ရင်ငတေထက် ပိုမိုပြီးတော့ နာမည်ကျော်ကြား လူသိများ လူချစ်များကြပါတဲ့ ဆယ်လီဘရယ်တီတွေလို မောင်ရင်ငတေလည်း လူသိပိုများလာအောင် လုပ်တာတော့ မဟုတ်ပါရဘူးလေ။ တော်ကြာ လူသိများပြီး ထင်ရှားလာလို့ ငယ်ကျိုးငယ်နာတွေ ပေါ်ရုံတင်သာမက ဆပ်စရာ ကျန်ရှိနေသေးတဲ့ အကြွေးရှင်တွေလည်း မောင်ရင်ငတေ့နောက် လိုက်လာမှာ ကြောက်ရသေး ရဲ့။

မောင်ရင်ငတေသွားမယ့်ခရီးက ဥရောပ အနောက်တောင်စွန်း အတ္တလန်တစ် သမုဒ္ဒရာကမ်းခြေမှာတည်ရှိတဲ့ ငဇင်ကာခေါ် ဒီဘရစ်တို မွေးဖွားခဲ့ရာ တိုင်းပြည်က မြို့ပေါ်တိုနဲ့ မြို့တော်လိစ်ဘိုဝါဆီသို့ ဖြစ်ပါတယ်၊ နတ်ရှင်နောင်နဲ့အတူ ဗမာ့သမိုင်းမှာ ထင်ပေါ်ကျော်ကြားခဲ့သူ ငဇင်ကာနဲ့ ဒီဘရစ်တိုက တယောက်တည်းလား နှစ်ယောက်လားဆိုတာကတော့ ဗမာ့သမိုင်းရေးခဲ့ သူများနဲ့ ရှေးဗမာတွေက *ပူတကေ* လို့  ခေါ်ကြပါတဲ့ ပေါ်တူဂီသမိုင်းရေးခဲ့သူများကြားမှာ ကွာဟမှုတွေ ရှိနေပါသေးတယ်။

ဝီကီပီဒီယာအဆိုအရ ပြင်သစ်လူမျိုး ဖခင်ဖြစ်သူမှ မွေးဖွားလာတဲ့ Filipe de Brito ဖိလစ်ဒီဘရစ်တို (၁၅၆၆-၁၆၁၃) ဆို သူကို Lisboa လိစ်ဘိုဝါမြို့မှာမွေးဖွားပြီး Sirião ခေါ် တညင်မြို့နယ်မှာ သေဆုံးခဲ့ပါတယ်လို့ ဖတ်ရပါတယ်။ တချို့သော ပူတကေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း သမိုင်းတွေမှာ ရေးကြတာတော့ ဒီနာမည်နှစ်ခုဟာ တယောက်ချင်းစီပါ။ ဘာမှ မဆိုင်ပါဘူးလို့လည်း ဆိုပါတယ်။

နာမည်ကျော် Vasco da Gama ဗာစကိုဒဂါးမား (၁၄၆၀/၆၉-၁၅၂၄) အိန္ဒိယကုန်းမြေကြီးကို စတင်ခြေချနင်းခဲ့တာက ၁၄၉၇ ခုနှစ်လွန်ဖြစ်တာမို့ ဒီဘရစ်တို ရောက်ရှိလာတာက အနှစ်တရာလောက် နောက်ကျခဲ့ပါတယ်။ ၁၆၀၀ ပြည့်နှစ်ပိုင်းကနေ ဆယ့်သုံးနှစ်လောက် သန်လျှင်မြေပေါ်မှာ ဒီဘရစ်တိုတယောက် လူတွင်ကျယ်လုပ်သွားနိုင်ခဲ့တယ် ဆိုနိုင်ပါတယ်။ အ ကယ်၍များ ငဇင်ကာလို ခပ်သေးသေးတကောင်ရောက်မလာဘဲ ခပ်ကြီးကြီး လက်တန်ရှည်တဲ့ ပူတကေတကောင် ရောက် လာခဲ့ရင် ဘယ်လိုများနေမလဲ  . . … … ဆိုပြီး မောင်ရင်ငတေ မရဲတရဲ တွေးကြည့်မိရပါသေးတယ်။

Bayingyi, The Hidden Face of Burma (Photo Google)

မည်သို့ပင်ဖြစ်စေကာမူ ဒီဘရစ်တိုခေတ်လက်ကျန် ပူတကေမျိုးနွယ်ဖွား ဘုရင်ဂျီဘာသာဝင်တွေကို အခုထက်ထိတိုင် အထက်ဗမာပြည် မူးမြစ်ဝှမ်းဒေသမှာ တွေ့ရှိနိုင်သေးတယ် ဆိုပါတယ်။ ဒါပေမယ့် အဲဒီ ဒီဘရစ်တိုနဲ့ ပတ်သက်ရာပတ်သက် ကြောင်းကိုတော့ လိစ်ဘိုဝါခေါ် လစ္စဘွန်းမြိုမှာ ခြေရာခံပြီးလိုက်ချင်ပေမယ့် လိုက်ဖို့ရာကတော့ မလွယ်လှပါဘူး။ ဒီဘရစ် တိုနဲ့ ရုပ်တူသူများကို တွေ့ခဲ့ရင်တော့ မိတ်ဆက် စုံစမ်းမေးမြန်းကြည့်ဖို့ကို စိတ်ကူးထားကြောင်းပါ။

မောင်ရင်ငတေကတော့ သမိုင်းကြောင်း အဆိုးအကောင်း ဝေဖန်ပိုင်းခြားနိုင်သူ မဟုတ်လို့ ငဇင်ကာဆိုတာ အဲဒီတိုင်းပြည်က ဒီနေရာမှာ မွေးဖွားခဲ့တယ်ဆိုတာလောက်မျိုးကိုသာ ရေးသားနိုင်တာမို့လို့ The Portuguese Luso ပူတကေ လူဆိုးများအ ကြောင်း အမြည်းအဖြစ် အဲဒီလောက်သာ ရေးသားလိုက်ရပါကြောင်းခင်ဗျား။ (လူဆိုးဆိုတာက ပေါ်တူဂီစကားမှာ Luso refers to the Lusitanians, The ancestors of the Portuguese, A term that means Portuguese. လို့ အဓိပ္ပါယ်ရပါတယ်။

ဘရင်ဂျီအကြောင်းများ တစေ့တစောင်း သိချင်ကြပါတယ်ဆိုရင်တော့ . . ….. ……

Bayingyi,The Hidden Face of Burma
https://www.youtube.com/watch?v=6HWMj-7DPhg

ပူတကေ ခေါ် ပေါ်တူဂီအကြောင်း သောင်းပြောင်းထွေလာ အတိုအစများ မကြာမီလာပါမည်။

မောင်ရင်ငတေ ၀၉၁၂၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts