စာအုပ်စင်

ညွန့်ထွေး – ပအို့ဝ်တွေက လက်နက်ကိုင်တုန်း၊ လူကြီးလူကောင်းတွေ မှောင်ရိပ်ခိုကောင်းတုန်းက ဆည်တွေကိုဆန်းစစ်ထားတဲ့ မော်ကွန်း (စာအုပ်မိတ်ဆက်)

ညွန့်ထွေး – ပအို့ဝ်တွေက လက်နက်ကိုင်တုန်း၊ လူကြီးလူကောင်းတွေ မှောင်ရိပ်ခိုကောင်းတုန်းက ဆည်တွေကိုဆန်းစစ်ထားတဲ့ မော်ကွန်း (စာအုပ်မိတ်ဆက်)
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅ 

● ပအို့ဝ် လက်နက်ကိုင်တော်လှန်ရေး
နိုင်ဦး

ပအို့ဝ်တွေဟာ သံလွင်မြစ်တစ်လျှောက်နဲ့ ထိုင်းမြန်မာနယ်စပ်ဒေသရဲ့ နှစ်ဘက်စလုံးမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ တ ခြားတိုင်းရင်းသားအများအပြားလိုပဲ ပအို့ဝ်တွေလည်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲခဲ့ကြသူတွေပါ။

ပအို့ဝ်လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓိက ရန်ဘက်ဟာ အစိုးရတပ်တစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းမြန်မာနယ်စပ် အခြေစိုက် တပ်ဖွဲ့မျိုးစုံနဲ့ ရင်ဆိုင်ရတာရှိသလို အချင်းချင်းလည်း အပြင်းအထန် တိုက်ခိုက်ကြပါတယ်။ စစ်မျက်နှာများပြားပြီး အဆက်မ ပြတ် တိုက်ခိုက်ရတဲ့အနေအထားကို ဘာကြောင့်ရောက်သွားရသလဲဆိုတဲ့အကြောင်း ဒီစာအုပ်မှာ ဖတ်ရပါမယ်။ လက်နက် ကိုင်အဖွဲ့များ ပေါ်ပေါက်လာပုံ၊ ရှင်သန်ရေး ကြိုးပမ်းချက်၊ အဆုံးသတ်သွားပုံတွေကိုလည်း မှတ်တမ်း တင်ထားပါတယ်။ အထင်ကရ ပအို့ဝ်ခေါင်းဆောင်တချို့အကြောင်း စာအုပ်အစပိုင်းမှာတွေ့ရသလို စစ်ဘေးဒဏ်သင့် ပအို့ဝ်တိုင်းရင်းသား တချို့ရဲ့ ပြောဆိုချက်တွေကိုလည်း စာအုပ်နောက်ဆုံးမှာ သီးသန့်ဖော်ပြထားပါတယ်။

Russ Christensen ဆိုတဲ့ အမေရိကန်တစ်ယောက်နဲ့၊ စန်းကျော်ဆိုတဲ့ ပအို့ဝ်တိုင်းရင်းသားတစ်ယောက်တို့ရဲ့ စာအုပ်ကို နိုင်ဦး ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ မူရင်းအမည်က The Pa-O Rebels and Refugees ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ် ကျော်က ရေးသားခဲ့တဲ့စာအုပ်လို့ ယူဆရပါတယ်။

မြန်မာတွေသိတဲ့ ပအို့ဝ်ဆိုတဲ့ ပထမဆုံးအခန်းမှာတော့ ပုဂံခေတ်ကာလ ပအို့ဝ်တွေကို ခြေရာခံထားပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ပအို့ဝ်တွေ စစ်လမ်းကြောင်းပေါ် ကျရောက်သွားပုံကအစ ပအို့ဝ်လက်နက်ကိုင်တော်လှန်ရေးအဆုံး လေ့လာမှတ် တမ်းတင်ထားတဲ့စာအုပ် ဖြစ်ပါတယ်။

၉၇ မျက်နှာ၊ ကျပ် ၁,၂ဝဝ၊ ယဉ်မျိုးစာပေ

—————————————————
● လူကြီးလူကောင်းတွေ မှောင်ရိပ်ခိုကြတုန်းက
မောင်သာချို

လူသုံးများတဲ့ စကားလုံးတွေထဲက ဆင်ခြင်စရာတချို့ အပါအဝင်  အမြင်မတော်တာတွေ များပြားလာတဲ့ ဒီနေ့ခေတ်မှာ သတိထားသင့်တဲ့ အကြာင်းအရာတွေကို ပေါ့ပေါ့ပါးပါး ပြောပြ၊ ရေးသားထားပါတယ်။ လူတွေအကြောင်း သုံးသပ်၊ ထောက် ပြ ထားတာတွေ ဖြစ်တဲ့အတွက် သဘောတူကြမှာ ဖြစ်ပေမယ့်လည်း လူတချို့ကတော့ လက်မခံ၊  အငြင်းပွားဖွယ် ရှိပါတယ်။

အမြင်မတော်ဘူးလို့ သူယူဆတာတွေကို ဝေဖန် ထောက်ပြ ရေးသားထားတာ ဖြစ်ပါတယ်။ စိတ်နေမြင့်သူ၊ တစ်ပါးသူအပေါ် စာနာသူ၊ အပေါ်စီးက မနေသူတွေကို အတုယူသင့်ကြောင်း၊ သူလည်း အတုယူဖို့ ကြိုးစားကြောင်း တိုက်တွန်းထားတဲ့ စာတွေပါ။ သို့သော်လည်း ဘာလုပ်သင့်တယ်၊ ဘာကိုတော့ မလုပ်သင့်ဘူးဆိုပြီး တိုက်ရိုက်တိုက်တွန်းရေးထားတာတော့ မဟုတ်ပါဘူး။ တစ်ထိုင်တည်းဖတ်လို့ကောင်းသလို တစ်ကြိမ်ကို လေးငါးပုဒ်ဖတ်ရင်လည်းကောင်းတဲ့ စာအုပ်မျိုးပါ။ လူအ များအပြားဟာ သူ့လိုမျိုးပတ်ဝန်းကျင်မှာ နေထိုင်ကြသူတွေဖြစ်ပေမယ့် ဆရာမောင်သာချိုကတော့ တပါးသူ သတိမထား မိတာတွေကို မြင်တတ်၊ ပြောတတ်လွန်းတဲ့ စာရေးဆရာလို့ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Flower News ဂျာနယ်မှာ ဖော်ပြထားတဲ့ သူ့လက်ရာ ၂၇ ပုဒ်ကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သမီးဖြစ်သူကို ပြန်ပြောပြဟန်မျိုးနဲ့ ရေးသားထားတာတွေ ဖြစ်ပါတယ်။

၁၁၃ မျက်နှာ၊ ကျပ် ၁,၂ဝဝ၊ ဆန်းစသော်တာစာပေ
—————————————————
● မော်ကွန်းမဂ္ဂဇင်း

ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးတွေထဲမှာ မြန်မာပြည်ငလျင်ကြောတွေနားက ဆည်ပေါင်းများစွာ ရဲ့ အနေအထားကို ဆန်းစစ်ထားတဲ့ ဆောင်းပါးရှည်တစ်ပုဒ် ပါပါတယ်။ မျက်နှာဖုံးဆောင်းပါးတစ်ပုဒ်မှာတော့ အရာရှိတချို့ ကိုးကွယ်ဆည်းကပ်တဲ့၊ အဆဲကြမ်းတဲ့၊ ကိုယ့်ကိုယ်ကိုယ် ရသေ့လို့ ခံယူထားတဲ့ ဦးအောင်ဓမ္မသုခအကြောင်း ခပ်ပါးပါးလေး ရေးထားပါတယ်။ အငြင်းပွားဖွယ်ရာသူ့လုပ်ရပ်တွေကို သာသနာရေးဆိုင်ရာအဖွဲ့တွေက ဘာကြောင့် အရေးမယူနိုင်ရတာလဲ ဆိုတဲ့အချက်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်ကို ဆောင်းပါးအဆုံးသတ်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်-နေပြည်တော် အမြန်လမ်း ယက္ကန်းစင်တောင်ကိုသွားရောက်ပြီး စုံစမ်းရေးသားထားတဲ့ ဒီဆောင်းပါးမှာ ရသေ့ ဆိုတာ ဘာလဲ၊ ရသေ့ ဘယ်နှမျိုးရှိသလဲဆိုတာတွေကိုလည်း ဖတ်ရမှာပါ။ “မော်ကွန်း”က အများပြည်သူနဲ့ သက်ဆိုင်တာ တွေကို စုံစမ်းဖော်ထုတ်ရေးသားတင်ဆက်နေတဲ့  ရန်ကုန်အခြေစိုက် လစဉ်ထုတ်မဂ္ဂဇင်းဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဆက်ပြီး ရှိသင့် မရှိသင့်၊  အပစ်ရပ်စာချုပ်အလွန်ဆိုတာတွေက  ဒီဇင်ဘာလထုတ်မျက်နှာဖုံးမှာ ညွှန်းထားတဲ့ ဆောင်းပါး၊ အင်တာဗျူးတွေ ဖြစ်ပါတယ်။

စာမျက်နှာ ၁၂ဝ၊ ကျပ် ၁,၈ဝဝ၊ Myanmar Observer Media Group


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts