ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

Sea Game 2013 သုံးသပ်ချက် (Zaw Aung (Mon Ywa))

Sea Game 2013 သုံးသပ်ချက်

ဇော်အောင် (မုံရွာ)

ဒီဇင်ဘာ ၂၂၊ ၂၀၁၃

 

 

 

 

ဆီးဂိမ်း ၂၀၁၃ ပြီးတော့မဲ့အချိန်မှာ မြန်မာများအတွက် အလွန်ကြီးမားတဲ့နိုင်ငံတကာအဆင့် သင်ခန်းစာများစွာ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့အဆင့်ကို တက်လှမ်းဖို့ထက် အရှေ့တောင်အာရှအဆင့်ကို ဘယ်လိုနည်းနဲ့ကျော်ဖြတ်ရမယ်ဆိုတာာ လေ့လာသုံးသပ်ပါမယ်။

 

● အားသားသော အချက်ကောင်းများ

ချီးမွမ်းခြင်းနဲ့ပဲ စတင်ရရင် ဖွင့်ပွဲအခမ်းအနားကို တစ်ခါမှမမြင်ခဲ့ဖူးတဲ့ လူပဒေသာ၊ ကွန်ပြူတာနည်းပညာများနဲ့ အခြားနိုင်ငံများနဲ့တန်းတူပြုလုပ်နိုင်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ရာဇဝင်ကိုလည်း ကမ္ဘာကိုတင်ပြနိုင်ခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ မရှိမဖြစ်တဲ့ ခေတ်မီအားကစားကွင်းကြီးများကို နေပြည်တော်မှာ ဒေါ်လာသန်းပေါင်း၄၀၀ အကုန်ခံတည်ဆောက်ခြင်းကလည်း အလွန်ကောင်းပါတယ်။ အားကစားအသင်းနဲ့၊ အားကစားသမားများကို နိုင်ငံတော်က ပံ့ပိုးမှုများစွာ ပြုလုပ်ပေးသလို၊ ပုဂ္ဂလိက စပွန်စာများစွာလည်း ရရှိအောင် ပံ့ပိုးနိုင်ပါတယ်။ ရွှေ၊ငွေ၊ကြေးရသူများကိုလည်း ဆုကြေးသင့်တင့်လျောက်ပတ်စွာ ပေးခဲ့ပါတယ်။

 

နိုင်ငံအတွက် ယခု အားကစားပွဲပြီးခါနီး ၂ရက်အလိုမှာ အဆင့်(၂)ကို ရောက်ရှိနေခြင်းကလည်း ထူးခြားလှပါတယ်။ စုစုပေါင်းရွှေ၊ငွေ၊ကြေး အရေအတွက်မှာ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့က သာလွန်ပါတယ်။ မြန်မာအားကစားအဖွဲ့ရဲ့ ရွှေ၁၀၀ခု မှန်းထားချက်မရောက်ပေမဲ့ ၈၀%လောက်တော့ အောင်မြင်နိုင်ပါတယ်။ မြန်မာများ ရွှေများများရအောင် မြန်မာ့ခြင်း၊ မြန်မာ့လှေလှော်၊ မြန်မာ့စစ်တုရင်၊ မြန်မာ့လက်ဝှေ့ စတဲ့အားကစားနည်းတွေမှာ ကြိုးစားပေမဲ့ အခြားနိုင်ငံများကလည်း ခေသူမဟုတ်တော့၊ အဲဒီ မြန်မာအားသာတဲ့ ပြိုင်ပွဲတွေမှာ ပြိုင်သမျှ ရွှေတံဆိပ်မရဘူး ဖြစ်ရပါတယ်။

 

အထူးသဖြင့် အားကစားအဖွဲ့ချုပ်များ မိမိတို့ကြိုက်နှစ်သက်သလို ငွေသုံးနိုင်ခြင်း၊ စပွန်စာရှာနိုင်ခြင်း၊ အားကစာသမား ရွေးချယ်လေ့ကျင့်ပေးနိုင်ခြင်း  ..စတဲ့ ဒီမိုကရေစီအခွင့်အရေးများ ပေးထားတာဟာ အလွန်အားရစရာကောင်းပါတယ်။ အစိုးရက အရာရာဝင်ချုပ်ချယ်ခဲ့တဲ့ စစ်အာဏာရှင်အကျင့်များ ပျောက်ကွယ်သွားခြင်းပါ။ လူငယ်အားကစားသမားများကို တကယ်အလားအလာ ရှိသူများပဲ ရွေးချယ်ယှဉ်ပြိုင်စေခြင်းဟာ မြန်မာ့အားကစားအဆင့်ကို တိုးတက်စေပါတယ်။ အထူးသဖြင့် အုပ်ချုပ်သူများ အရည်အချင်းအလွန်တိုးတက်လာပါတယ်။ အုပ်ချုပ်သူကောင်းမှ အားကစားသမားများ အရည်အချင်းတိုးတက်လာမယ်။ ခြုံကြည့်လိုက်ရင် အုပ်ချုပ်သူနဲ့ကစားသမား ပဋိပက္ခဆိုတာ ရှိမြဲဖြစ်ပေမဲ့ မြင့်မြတ်စိတ်ထားရှိသူ အုပ်ချုပ်သူများက အရာရာကို ပြောင်းလဲစေနိုင်ပါတယ်။ မြန်မာ့ဂုဏ်ဆောင် အားကစားသမားကြီးများ ၇၀ကျော်ကို ဖွင့်ပွဲအလံကိုင်ခွင့်ပေးပြီး ဂုဏ်ပြု၊အသိအမှတ်ပြု၊ နေရာပေးခဲ့ပါတယ်။

 

လူ့တွေကို လုပ်ကိုင်ချင်လာအောင် အားပေးတဲ့ Motivation လုပ်နည်းများစွာရှိပါတယ်။ ဆုငွေများပေးခြင်းဟာ အရေးကြီးသော်လည်း၊ အမျိုးသားစိတ်ဓါတ်မြှင့်တင်ပေးခြင်းဟာ ပိုပြီးအရေးကြီးပါတယ်။ အထူးသဖြင့် လူငယ်များကို အုပ်ချုပ်သူဟာ စံပြ Role Model ဖြစ်ရပါမယ်။

 

● အားနည်းသောအချက်အချို့

အင်တာနက်အချက်အလက်များ တင်ပြမှုဖြစ်ပါတယ်။ ဝက်ဆိုဒ် http://www.27seagames2013.com/  ရှိပါတယ်။ ဖေ့စ်ဘုတ်မှာလည် အဆက်မပြက် တင်ပြထားတာကို တွေ့ရပါတယ်။ သို့သော် ပြင်ပအဖွဲ့အစည်း Frontiir ရဲ့  http://seagamesmm.com/ ဝက်ဆိုဒ်ကပဲ အချက်အလက်တွေကိုရပါတယ်။  မြန်မာအစိုးရဟာ ဒီပွဲကိုငွေအကုန်ခံပြီး မြန်မာသန်း၆၀သော လူထုကြီးကို စိတ်ဓါတ်တက်ကြွလာအောင် လုပ်ပါတယ်။ ပြီးတော့ မြန်မာကိုကမ္ဘာသိလာအောင် လုပ်ပါတယ်။ ပြည်တွင်းအားသည် အဓိကဖြစ်ပါတယ်။ ဒါကြောင့် ရွှေတံဆိပ်များနိုင်သမျှ များများရဖို့ အားသွန်ခွန်စိုက် လုပ်ခဲ့ပါတယ်။ အောင်မြင်ပါတယ်။ ယခင်တုံးက နိုင်ငံအလိုက် ရွှေ၊ငွေ၊ကြေးတဆိပ်ရရှိမှုမှာ အဆင့်(၇)၊ အဆင့်(၈)လောက်ပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ဆီးဂိမ်းမှာ ရွှေ ၁၆ခုပဲ ရပါတယ်။ အခုတော့ ရွှေ ၇၀ခု ရရှိပြီး၊ နိုင်ငံအလိုက်မှာလည်း ဒုတိယနေရာထိ ရောက်နေပါတယ်။ ဒါပေမဲ့ ရွှေငွေကြေး ရရှိသွားတဲ့ မြန်မာများနဲ့ အားကစားသမားများအကြောင်းကို အင်တာနက် ဝက်ဆိုဒ်မှာ မနည်းရှာရပါတယ်။ သူတို့စွမ်းဆောင်မှု အချက်အလက်များကို ရှာလို့မတွေ့နိုင်တာ စိတ်မကောင်းပါ။ အင်တာနက် အချက်အလက်များ တင်ပြ၊စုဆောင်းမှုမှာ အခြားဆီးဂိမ်းများရဲ့ ဝက်ဆိုဒ်များထက် အလွန်နိုမ့်ကျတဲ့ Data Procession ဖြစ်ပါတယ်။ ကမ္ဘာ့အိုလံပစ်ပွဲ၊ အရှေ့တောင်အာရှကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မဲ့ အားကစာသမားများရဲ့၊ ဓါတ်ပုံ၊ အသက်၊ ပြိုင်မဲ့ပွဲစဉ်များ၊ သူတို့ရရှိတဲ့ ဆုတံဆိပ်နဲ့စံချိန်များကို ရှာလို့မရတဲ့ ဝက်ဆိုဒ်ဖြစ်နေပါတယ်။ Wikipedia လုပ်အားပေးများကပဲ ပြိုင်ပွဲရလဒ်များကို စုဆောင်းတင်ပြပါတယ်။ ဥပမာ – ပြေးခုန်ပစ် ထိုင်း(ရွှေ၁၇ခု)၊ ဗီယက်နမ်-ရွှေ၁၀ခု ဒုတိယ၊ မြန်မာ-ရွှေ၂ခု ဆဌမ…။ ပြေးခုန်ပစ် ရွှေတံဆိပ်ရရင် သိန်း၃၀၀ဆုချမယ်လို့ သူဌေးဦးတေဇက ကျေငြာခဲ့ပေမဲ့ အမျိုးသမီး မီတာ၅၀၀၀ မဖြူဝါသက်၊ အမျိုးသမီ ၂၀ကီလိုမီတာလမ်းလျှောက် မစောမာလာနွဲ့ တို့ပဲ ရွှေတံဆိပ်ရခဲ့ပါတယ်။ အမျိုးသားတစ်ဦးတည်း သူရဲကောင်းကတော့ သောင်းဦး-မာရသွန်ပြေးပွဲ ငွေတံဆိပ်ဖြစ်ပါတယ်။  https://en.wikipedia.org/wiki/Athletics_at_the_2013_Southeast_Asian_Games

 

နောက်တစ်ချက်ကတော့ ဒိုင်လူကြီးရွေးချယ်မှုနဲ့၊ ဒိုင်လူကြီးများကိုအသိအမှတ်ပြုဖို့ ..အထူးသဖြင့် မြန်မာများ အသဲစွဲဘော်လုံးပွဲဒိုင်လူကြီးများကို အပြစ်တင်နေကြတာများပါတယ်။ ဒိုင်လူကြီးများအဆုံးအဖြတ်ဟာ ခြေရည်တူတဲ့ အသင်း(၂)သင်း ပြိုင်တဲ့နေရာမှာ အလွန်အရေးပါလှပါတယ်။ ဥပမာ မြန်မာနဲ့ထိုင်း၊ မြန်မာနဲ့အင်ဒိုနီးရှား အရေးကြီးတဲ့အုပ်စုပွဲမှာ ဒိုင်လူကြီးအဆုံးအဖြတ်မှားတယ်။ ဝင်သွားတဲ့ဂိုးမပေးဖူး၊ ပင်နယ်တီအပေးခံရတယ် ..စသဖြင့် ပြောကြပါတယ်။ ဒိုင်လူကြီးဟာ အရင်ကလို ကွင်းလယ်ဒိုင်တစ်ခုတည်း ဆုံးဖြတ်တဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒိုင်လူကြီးအဖွဲ့တစ်ခုလုံးက ဆုံးဖြတ်ရပါတယ်။ ဒါကြောင့် မြန်မာများ ဘော်လုံးဒိုင်လူကြီးများကို စား၊ဝတ်၊နေထိုင်ရေး၊ သူတို့လူမှုရေးလိုအပ်ချက်များကို အခက်ခဲမရှိအောင် လုပ်ပေးနိုင်ရဲ့လား ဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ လာဘ်ပေး၊လာဘ်ယူ ထူပြောလှတဲ့ မြန်မာနိုင်ငံမှာ ဒိုင်လူကြီးများကို လက်ဆောင်၊ ငွေ လာဘ်ထိုးခြင်းကို လုံးဝဆန့်ကျင်ပါတယ်။ ဘော်လုံးဒိုင်များကို လာဘ်ပေးတာထက်၊ စားဝတ်နေရေး Service ကို မလုပ်ပေးနိုင်ရင် ဒီဒိုင်အဖွဲ့က အိမ်ရှင်မြန်မာကို ဆွဲချသွားနိုင်ပါတယ်။ အမျိုးသားဘော်လုံးဒိုင်လူကြီးများဟာ လက်တွေ့မြင်လိုက်ရပါတယ်။ အိမ်ရှင်ဖြစ်ပြီး၊ အချောက်တိုက်ကြီးကျယ်တဲ့ အိမ်ရှင်ပရိတ်သတ်၊ အိမ်ရှင်အုပ်ချုပ်သူ၊ အိမ်ရှင်ဘော်လုံးသမားများရဲ့ အပြုအမူတွေကလည်း ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်မှာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒိုင်လူကြီးနဲ့အိမ်ရှင်အသင်း အကြောင်းရေးရရင် မကုန်နိုင်အောင် များပြားလှပါတယ်။

 

● နိဂုံးသုံးသပ်၊ ကောက်နုတ်ချက်

မိမိဘဝကို တိုးတက်ဖို့ ကမ္ဘာ့အဆင့်ကို တက်လှမ်းဖို့ မိမိကိုယ်တိုင်ကြိုးစားနေရုံနဲ့ မရပါဘူး။ ပံပိုးမှုများ၊ စစ်မှန်တဲ့အားပေးများ လိုအပ်ပါတယ်။ မိမိအပေါ် လွှမ်းမိုးနိုင်သူများ (အုပ်ချုပ်သူ) အရေးပါမှုဟာ နံပါတ်(၁)အချက်ပဲဖြစ်ပါတယ်။ မိမိကို ထိန်းချုပ်နေသူ (အုပ်ချုပ်သူ) ဟာ ငွေ၊ အာဏာ မဖြစ်ဖို့ အရေးကြီးပါတယ်။ အားကစားစိတ်ဓါတ်နဲ့ အုပ်ချုပ်သူများကြောင့် မြန်မာ့အားကစား အဆင့်တန်းအနည်းငယ် မြင့်လာပါတယ်။ နောက်က ပံ့ပိုးမှုပေးတဲ့ အချက်အလက်များ၊ ဒိုင်လူကြီးများ ..များစွာရှိပါသေးတယ်။ ပြီးတော့အိမ်ရှင်ဖြစ်သူဟာ တပွဲထိုး၊ တနပ်စားနည်းလမ်းနဲ့ အဆင့်(၁)ကို ရအောင်လုပ်နိုင်ကြောင်း ၂၀၀၅ မနီလာ၊ အရှေ့တောင်အာရှပွဲမှာ အိမ်ရှင်ဖိလစ်ပိုင် လုပ်ပြသွားပါတယ်။ နောက်ပိုင်းမှာ ကောက်ရိုးမီး၊ တစ်ပွဲတိုး ဖိလစ်ပိုင်ဟာ အဆင့်(၅)၊ (၆) ဖြစ်သွားပါတယ်။ ဒီနှစ်ဆီးဂိမ်းမှာ အဆင့်(၇)ထိ ကျဆင်းသွားပါတယ်။ အောင်မြင်မှုကို မထိမ်းနိုင်ပါဘူး။ စံနမူနာယူရမဲ့ နိုင်ငံတွေမှာ ဖိလစ်ပိုင်လူမျိုးက သိပ်မဟုတ်ပါဘူး။  မြန်မာများ ဘယ်အဆင့်မှာရှိနေသလဲဆိုတာ ယခုအားကစားပွဲ အိမ်ရှင်အတွေ့အကြုံများကို ရေရှည်အသုံးချဖို့၊ အနိုင်ရသွားတဲ့ ထိုင်းနိုင်ငံအသင်းဟာ စံပြနမူနာဖြစ်ကြောင်းကိုလည်း လက်ခံရပါမယ်။ ထိုင်းကို အရာရာတပည့်ခံဖို့မဟုတ်ပဲ သူတို့ရဲ့ ကောင်းသောနည်းလမ်းများကိုတော့ လိုက်နာရပါမယ်။ ထိုင်းအသင်းဟာ နိုင်ငံအလိုက်ပြိုင်ပွဲတွေမှာ အဆင့်(၁)၊ အဆင့်(၂) နေရာတွေမှာ အမြဲရှိနေပါတယ်။  မြန်မာ့ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရာမှာ ကျယ်လောင်စွာပြောနေကြတဲ့ “အိမ်ကွင်း၊အဝေးကွင်း” ဆိုတာရှိပါတယ်။ ဒီအားကစားပွဲကို လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ မြန်မာ့ဝန်ကြီးဌာန၃၆ခုက ဝန်ကြီးများနဲ့ ၊ မိမိတစ်ဦးချင်းအိမ်ထောင်များမှာ  “အိမ်ကွင်း၊အဝေးကွင်း”က သင်ခန်းစားများနဲ့ မိမိဘဝတိုးတက်ဖို့ နားရှိသောသူသည်ကြားပါစေ လို့ကောက်နုတ်ချက်ရေးလိုက်ပါတယ်။  ဇော်အောင်(မုံရွာ)

 

 

Dec 21 14:43    ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသော မြန်မာအသင်းအား သမ္မတဦးသိန်းစိန် ဆုချီးမြှင့်

 

 

နေပြည်တော် ငလိုက်ဆည်တွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသော မြန်မာအသင်းအား သမ္မတဦးသိန်းစိန် ဆုချီးမြှင့်နေစဉ်။ (ဓါတ်ပုံ-ဟိန်းထက်) http://seagamesmm.com/news


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts