သူတို့အာဘော်

လင်းထင် – သူယုတ်လက္ခဏာ

လင်းထင် – သူယုတ်လက္ခဏာ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅

သူယုတ်လက္ခဏာဆို… … အစဉ်အလာညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘ၀င်မကျချင်ဘူး။

■ ပထမ – ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာ ကပ်လိုက်တဲ့ဟာမျိုးတွေ
(ဥပမာ – ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲက စူဇကာပုဏ္ဏား အဖွဲ့)

ရှေးစာထဲပါပြီး၊ နှောင်းလူတို့ ပြဋ္ဌာန်းစာသဖွယ် အသင်ခံရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့ အရေးအသားကို လေ့လာရမယ့် အဖြစ်နဲ့ ဆောင်သင့် ရှောင်သင့်သော စာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ ရောထွေး ကုန်ကြတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့ စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့ အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင် ဂျာတွေကို ပင်လယ်ထဲ ပြန်လွှတ်တဲ့ နောက်ဆက်တွဲ ဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝင်ရဲ့ ရိုဟင်ဂျာဆိုတာ အသားမည်းတယ်၊ ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ်ဆိုတဲ့ နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့ အစည်းမှာ အသားအရောင်အပေါ် အခြေခံ နှိမ်ချ ခွဲခြားမှု (Racism) စွဲဝင်မှန်းမသိ စွဲဝင်နေတဲ့အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။

ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော၊ ဌာနေဖြစ်မှုရော၊ မျိုးနွယ်စုဖြစ်မှုရော အပေါ်မှာပါ အများနဲ့ အသားရောင်၊ ဘာသာ စကား၊ ဘာသာတရား တူညီ/မညီ စမ်းစစ်လိုတဲ့ အခြေခံကလွဲတဲ့ တင်ကြိုပြဋ္ဌာန်းနှင့်ပြီး သဘောထားတို့ စမ်းပေါက်ရာပဲ။

■  ဒုတိယ – လောကနီတိလို့ အဖိုးထားတဲ့ စာထဲက သူယုတ်လက္ခဏာအဖြစ် ညွှန်းဆိုတဲ့ လူ့အမူအကျင့်တွေ
သူမခေါ်ဘဲ သူ့အိမ်သို့သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများ ပြောတက်သူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သော သူတဲ့။

ဒါတွေတချက်ခြင်းဆီဟာ အပေါင်းသဘောရော၊ အနှုတ်သဘောရော အခြေအနေ အချိန်အခါလိုက် ကောက်ယူချည်းကပ် နိုင်တဲ့ ‘ဒွိ’ သဘောဆောင်တယ်။

သာသနာပြုလိုသူ၊ ကုန်ပစ္စည်း ကြော်ငြာရောင်းချလိုသူ၊ အများဆန္ဒ အများသဘောတူမှု လိုက်လံကောက်ခံသူတို့ဟာ မခေါ်လည်းသွား၊ မမေးလည်းပြော၊ ကိုယ့်ဂုဏ်ရည်ကို ကိုယ်အမွှမ်းတင်ရမှာပဲ။

အခု ကျနော်လည်း မမေးဘဲပြော မတီးဘဲ မြည်နေတဲ့ သူယုတ်ပဲ။

ပါတီမဲဆွယ်တဲ့ နိုင်ငံရေးသမားကစလို့ မြို့ပတ်ရထားပေါ်က ကြွက်နို့သတ်ဆေးသည် အထိ ဒီသဘော ပြေးမလွတ်။

လောကနီတိ ဖြစ်စေချင်တာ “မလုပ်၊ မရှုပ်၊ မပြုတ်” “ခပ်ရို့ရို့နေ” “ကိုယ့်အသံ ကျယ်ကျယ်မထုတ်နဲ့” လို့ ပဒေသရာဇ်ခေတ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေ အသက်ရှည်နည်းကား ဆုံးမတာပဲ။

■  တတိယ- ဘာသာရေးကပြောတဲ့ သူယုတ်လက္ခဏာ
မက္ခနဲ့ ပဠာသ၊ အဘိဓမ္မာအရ သရုပ်ခွဲရင် ဒေါသစိတ်ထဲ ပါသတဲ့။

မက္ခဆိုတာ ကျေးဇူးကန်းတတ်တဲ့ စိတ်သဘော၊ ပဠာသဆိုတာ ကိုယ့်ထက်သာ မနာလိုပဲ အရိုအသေမပြုနိုင် တန်းညှိယှဉ် ပြိုင်လိုတဲ့သဘော။ ဒါလည်းပဲ အပေါင်းသဘောရော အနှုတ်သဘောရော အဌကထာ ဖွင့်နိုင်တာပဲ။

ကျေးဇူးရှိတယ် ဆိုတာဘာလဲ၊ ကိုယ့်ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးခြင်းဟာ ကျေးဇူးရှိတာပဲ၊ ဆောင်ကြဉ်းပေး သူဟာ ကျေးဇူးရှင်ပဲ။

ကိုယ့်ကောင်းကျိုး ချမ်းသာဆိုတာ အများကောင်းကျိုး ချမ်းသာနဲ့ရော ယှဉ်သလား၊ ကိုယ့်ကောင်းကျိုး ချမ်းသာကို ဖြစ်စေ သူဟာ အများကောင်းကျိုး ချမ်းသာကိုရော ဖြစ်စေသလား။

ကိုယ့်အဖို့ငှာ ကျေးဇူးရှိမှုနဲ့ပဲ ကျေးဇူးရှင်ရဲ့ အပြုအမူ လျော်၏.. မလျော်၏ မဆင်ခြင် အပ်တော့ဘူးလား။

ဆင်ခြင်ခြင်း ဝေဖန်ုခြင်း ထောင်ထား ခြားနားခြင်းဟာ ကျေးစွပ်ရာရောက်သလား။

ဒီတော့ မက္ခဆိုရင် သူတထူးကျေးဇူးကို အလေးမမူ အရာမသွင်းတတ်တဲ့ ကျေးဇူးမတင် Ungrateful စိတ်သဘောလေးကိုသာ ဆိုလိုတဲ့အပေါ် ပိုင်းခြားနားလည်သင့်တယ်။

ဒီ့နှယ်ပဲ ပဠာသဆိုရာမှာလည်း ကိုယ့်ထက်သာ မနာလိုမှု ဖျက်လိုဖျက်ဆီးလုပ်လိုမှု စိတ်မနော အုံကြွဖြစ်ထွန်းတတ်တဲ့ သ ဘောလို့သာပဲ ပိုင်းခြားနားလည်ရမယ်။ နာမည်ကြီး ထင်ရှားသူကို ဝေဖန်ဆန်းစစ်ရင် သူယုတ်ဆိုတဲ့အနက် မစွန်းထင်းသင့်။

ခေတ်သစ် သူယုတ်လက္ခဏာတွေ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်က သူယုတ်လက္ခဏာတွေကို ဒီရှေးစာ နီတိ ဘာသာ ရေးလာတို့နဲ့ မဟုတ်ဘဲ ပိုင်းခြားစီစစ်ရမယ့်တာဝန် ကျနော်တို့မှာ ရှိတယ်။

ကျနော် စပြီး တချက်ကို အကြံပြုမယ်။

ကျနော်ပြောလေ့ရှိတဲ့ ကြေးတန်းတိုက်တတ်တဲ့ စိတ်ဟာ နိုင်ငံရေးသူယုတ်လက္ခဏာပဲ။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၆၇ လမ်းစဉ်ကို လက်ညှိုးထိုး ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ကျောင်းသားတပ်မတော် မကဒတ မြောက်ပိုင်းကိစ္စကို လက်ညှိုးထိုး ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ကချင် ကေအိုင်အေလည်း ဘာကောင်းသလဲလို့ ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ဘာကို ကြေးတန်းတိုက်သလဲဆို စစ်အာဏာရှင်စနစ်နဲ့ စစ်စရိုက်ကို ကောင်းပါတယ်လို့ ငြင်းခုံမှု ပြုမရတဲ့အခါ သူတို့လည်း ဘာထူးလည်းဆိုတဲ့ စစ်နောက်မြီးဆွဲတို့ အတိုက်အခံအပေါ် လက်ညှိုးတပြန်ထိုးသော ကြေးတန်းတိုက်မှုကိုဆိုလိုတယ်။

သူတို့လည်း ဘာကောင်းသလဲဆို နည်းနာအမှား လုပ်ရပ်အမှား ပုဂ္ဂိုလ်ရေးအမှားတွေ ရှိသည်ဆိုဦး စစ်အာဏာရှင်စနစ်နဲ့ စစ်စရိုက်ကို လက်သင့်မခံ ငြင်းဆန်တော်လှန်သမှုပြုခြင်း တရားကိုယ်သဘောရဲ့ အနှစ်သာရကို ခြေဖျက်လို့ မရဘူး။

ဝေ၀ါးစေခြင်း ရောချခြင်း အားနည်းသူဘက် မလိုက်ဝံ့ခြင်း မတော်ရာမှာမွေ့လျော်ခြင်း စတဲ့ နိုင်ငံရေးသူယုတ်လက္ခဏာတွေ ရှိဦးမှာပါ။ ဖော်ထုတ်ကြပါ။

လင်းထင်
(ခတ်မောင်း အွန်လိုင်း ဂျာနယ် အတွဲ၂၊ အမှတ်၁၊ ဇန်န၀ါရီ ၂၀၁၃)

±±±±±±±±

လင်းထင်ရဲ့ “သူယုတ်လက္ခဏာ” အပေါ် ဝတုတ်ရဲ့ ဆွေးနွေးချက် —

Socrates ရဲ့ အသည်းယားစရာ အထာတခုက လူမှာရှိသင့်ရှိအပ်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့အခါ သူ့ ကိုပေးတဲ့ အဖြေက မေးတဲ့အရည်အသွေး ‘ဘာ’ ဆိုတာကို မဖြေဘဲ အဲဒီအရည်အသွေးကိန်းဝင်နေပုံ ရတဲ့၊ ဒါမှမဟုတ် အဲဒီ အရည်အသွေး ကိန်းဝင်နေတယ်လို့ ယေဘုယျ လက်ခံထားကြတဲ့ ဥပမာတွေကို အဖြေအဖြစ်ပေးတာကို လက်မခံ တာဘဲ။

ဥပမာ – သူက Justice ဆိုတာ ဘာလဲ၊ သတ္တိဆိုတာ ဘာလဲလို့မေးမယ်။ အဲဒီမှာ အမေးခံရသူက သတ္တိရှိတဲ့လုပ်ရပ်၊ တရား တဲ့လုပ်ရပ်တွေကို ဥပမာအဖြစ်နဲ့ ပေးမယ်။  ဒါပေမဲ့ ဥပမာဟာ အဖြေမဟုတ်ဘူးလို့ သူက အခိုင်အမာပြောတယ်။  What is X ဆိုတဲ့ မေးခွန်းနဲ့ What is X as such ဒါမှမဟုတ် What are the examples of X ဆိုတဲ့မေးခွန်းနှစ်ခုရဲ့ အဖြေဟာ ဘာမှမဆိုင်ဘူးဆိုတဲ့အမြင်ကို သူက တောက်လျှောက်ကိုင်စွဲထားတယ်။

Socrates နဲ့ ပလေတိုက တရားမှုဆိုတာကို ဥပမာဘယ်နှစ်ခုပေး ပေး၊ ဒီဥပမာတွေဟာ တရားမှု ‘ဘာ’ ဆိုတာကို မြင် အောင်ပြနိုင်မှာ မဟုတ်ဘူးလို့ ယူဆတယ်။  တရားမှု၊ သတ္တိစတာတွေနဲ့ ပတ်သက်ပြီး ဥပမာတွေစွက်နေတဲ့၊ ဥပမာတွေ စွန်းနေတဲ့ ကျုပ်တို့အမြင်တွေ၊ ကျုပ်တို့ရဲ့ Judgments တွေကို ပဲ့ပြင်ပေးမယ့် ဥပမာကင်းမဲ့တဲ့ မူတွေ၊ သဘောတွေကို ဉာဏ်နဲY မမြင်သရွေ့ တရားမှု၊ မတရားမှုလို့ ကျုပ်တို့ထင်တဲ့၊ ဆုံးဖြတ်တဲ့အရာကို ကျုပ်တို့ ဘာ့ကြောင့် တရားတယ်၊ မတ ရားဘူးလို့ ထင်သလဲ၊ ဆုံးဖြတ်သလဲဆိုတာကို သိနိုင်မှာမဟုတ်ဘူးလို့ ပလေတိုတို့ ဆရာတပည့်က ပြောတယ်။

တရားတဲ့၊ မတရားတဲ့ လုပ်ရပ်အဖြစ် ဥပမာပြခံထားရတဲ့ လုပ်ရပ်တွေဟာ ဘာ့ကြောင့်တရားသလဲ၊ မတရားသလဲဆိုတာကို ဉာဏ်နဲ့ မြင်မှသာ တရားမှု၊ မတရားမှုကို သိမယ်။  အဲဒီအခါကျမှ တရားမှုကိုဆောင်၊ မတရားမှုကိုရှောင်ဖို့ နောက်တဆင့်ကို တက်နိုင်မယ်လို့ ပလေတိုတို့ ဆရာတပည့်က ပြောတယ်။  အဲ့သလို ဥပမာတွေကို ဉာဏ်နဲ့ ထိုးထွင်းမြင် နိုင်ဖို့ဆိုတာ၊ ဖီလော် ဆော်ဖီကို အလေ့အထလုပ်မှ၊ စဉ်းစားတွေးခေါ်တာကို အလေ့အထလုပ်မှရမယ်။ တခြားနည်းမရှိဘူးတဲ့။ တခါ တရားမှု၊ မတရားမှု၊ ကောင်းမှု၊ မကောင်းမှုကို သိမှ လူဖြစ်ရကျိုးနပ်မယ်၊ တကယ့်သုခကို ရမယ်လို့ ဆိုတယ်။ ဒါ့ကြောင့် တကယ့်သုခကို စဉ်းစားတွေးခေါ်တာကို အလေ့အထလုပ်သူတွေသာ ခံစားနိုင်မယ်လို့ သူတို့ကပြောတာ ဒီသဘောပဲ။

အခု သူယုတ်လက္ခဏာ ကိစ္စမှာ သူယုတ်လက္ခဏာဆိုတာ လက္ခဏာဆိုတဲ့အတိုင်း ယုတ်မာခြင်းဆိုတာကို မျက်စိနဲ့မြင်၊ နားနဲ့ကြားရုံကြားနိုင်တဲ့ အာရုံငါးပါးနဲ့တင် တွေ့ရတဲ့ အခြင်းအရာ လက္ခဏာ Character နဲ့တင် အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားရုံနဲ့ ယုတ်မာခြင်းရဲ့ သဘောကို ဉာဏ်နဲ့ မြင်မှာ မဟုတ်ဘူး။  ယုတ်မာခြင်း၊ ကောင်းမွန်ခြင်းကို ဉာဏ်နဲ့မြင်မှသာ ယုတ်မာခြင်း၊ ကောင်းမွန်းခြင်းရဲ့ အနှစ်သာရ ခေါ်ခေါ် သဘောအစစ်အမှန် ခေါ်ခေါ်၊ ခေါမလို Idea လို့ ခေါ်ခေါ် ဒါကို မြင်တွေ့နိုင်မယ်။  ဥပမာတွေနဲ့ ပေကျံနေတဲ့ ကျုပ်တို့ရဲ့အသိကို ဉာဏ် Reason နဲ့ ဆေးချပစ်ပြီးသကာလ ကျုပ်တို့ဟာ အစွဲတွေ၊ အလန်းတွေကို ကျော်လွန်နိုင်မယ် Transcend လုပ်နိုင်မယ်။  အရည်မရ အဖတ်မရ နားလည်ရခက်တဲ့ ဝါကျတွေနဲ့ ပြည့်နေတဲ့၊ ဘာမှ အသုံး မဝင်ဘူးလို့ထင်ရတဲ့ ဖီလော်ဆော်ဖီဟာ လူ့ဘောင်လောကကို ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ အခု ရှင်းပြခဲ့ပုံနဲ့ မြင်တန် ကောင်းပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts