တူမောင်ညို သူတို့အာဘော်

တူမောင်ညို – “ကာချုပ်မူဝါဒ ၆ ရပ်” (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအတွက် ကြိုးကွင်း

“ကာချုပ်မူဝါဒ ၆ ရပ်” (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအတွက် ကြိုးကွင်း
တူမောင်ညို 
ဧပြီလ ၁၃၊ ၂၀၁၄

Photo © RFA

ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့သဘောထားက ငြိမ်းချမ်းရေးရရှိလိုတဲ့ သဘောထားမဟုတ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အင်အား စုများနဲ့ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာလိုတဲ့ သဘောထားလည်း မဟုတ်ဘူး။ တစ်ဖက်သတ်အပေါ်စီးယူပြီး ဒူးထောက် အညံ့ခံခိုင်းတာဖြစ်တယ်။

“ကာချုပ်မူဝါဒ ၆ ရပ်” ဆိုတာမှာ ဒီလိုသဘောထားတွေကို အတိအလင်းဖော်ပြနေတယ်။  “ကာချုပ်မူဝါဒ ၆ ရပ် ”အပေါ် တပ်မတော်နဲ့အတူ ကြံ့ဖွံ့အစိုးရနဲ့ ကြံ့ဖွံ့လွှတ်တော်တို့ကလည်း “တစ်စိတ်တစ်ဝမ်းတည်း” ရှိကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် အခုလိုကောက်ချက်ချနိုင်ပါတယ်။  “ကာချုပ်မူဝါဒ ၆ ရပ်” ဆိုတာကို ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ စစ်တပ်တို့က တစ်စိတ် တည်းတစ်ဝမ်းတည်း၊ အေးတူပူအမျှ ကိုင်စွဲထားနေသမျှကာလပတ်လုံး “ထာဝရငြိမ်းချမ်းရေး” ရရှိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။

တကယ်တော့ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး”ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား (ယာယီ) အခြေအနေတစ်ရပ် ဖန်တီးခြင်းသာဖြစ်ပါတယ်။

သူ့နယ်၊ကိုယ့်နယ်သတ်မှတ်ထားပြီး၊ နှစ်ဖက်တပ်တွေ မျက်နှာချင်းဆိုင်ထားတဲ့နေရာဒေသတွေမှာ အပြန်အလှန်ထိတွေ့ တိုက်ခိုက်မှုတွေ မဖြစ်ပွားရအောင် လှုပ်ရှားမှုတွေလုပ်တဲ့အခါ ကြိုတင်ဆက်သွယ်မှုတွေ၊ အပြန်အလှန်နားလည်မှုတွေ ရယူထားကြဖို့သာ အဓိက ကျပါ တယ်။

ယခုတော့ “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်” ဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက် မလှုပ်နိုင်အောင် အပြန်အလှန် ချုပ်ငင်ထားနိုင်ဖို့ ကြိုးစားနေကြတာမျိုး ဖြစ်နေပါတယ်။  တပြည်လုံး အပစ်အခတ်ရပ်သွားပြီး ရေရှည်ခံမယ့်ငြိမ်းချမ်းရေးရရှိသွားနိုင်ဖို့ဆိုသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲက ထွက်ပေါ်မယ့်ရလဒ်အပေါ်မှာ အဓိကမူတည်နေတာပါ။

နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဖက်နဲ့တစ်ဖက် အပေးအယူတည့်ကြမယ်ဆိုရင် သေနတ်သံနောက်ထပ် ပေါ်ထွက်လာစရာ အကြောင်းရှိမှာ မဟုတ်ပေမယ့်၊ တစ်ဖက်နှင့်တစ်ဖက် အပေးအယူမတည့်ကြဘူးဆိုရင်တော့ ဘာစာချုပ်ကြီးပဲချုပ်ထားထား၊ ဘယ်သူကပဲ အာမခံထားထား သေနတ်သံပြန်ထွက်လာမှာပဲဖြစ်ပါတယ်။ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ  (KIO) နဲ့ အချိန်တန်ကြာ တစ်ဖက်နဲ့ တစ်ဖက်အပစ် အခတ်ရပ်နေခဲ့ကြပြီး၊ ကြံ့ဖွံ့အစိုးရလက်ထက်မှာတိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာ မဟုတ်ပါလား။ (ယခုအချိန်မှာလည်း တိုက် ခိုက်နေကြဆဲပဲ မဟုတ်လား)  အခြားနိုင်ငံတွေမှာလည်း ဤနည်းနှင်နှင် ဖြစ်ပျက်နေခဲ့တာတွေ မဟုတ်ပါလား။

ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပြဿနာတွေကို အပြန်အလှန်တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးအဖြေရှာသွားနိုင်ကြဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မောက်မာလှတဲ “ကာချုပ်မူဝါဒ ၆ ရပ်”ကို ကြေညာပြောဆိုနေမယ့်အစား တစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြောင်း၊ ကြံ့ဖွံ့အစိုးရ (သို့မဟုတ်) စစ်တပ်ဖက်မှ တစ်ဖက်သတ်ကြေညာဖို့လိုပါတယ်။

သို့ပါ၍ ကြံ့ဖွံ့အစိုးရ (သို့မဟုတ်) တပ်မတော်အနေနဲ့ သဘောထားကြီးပြီး၊ “ထာဝရငြိမ်းချမ်းရေး” အမှန်တကယ်ရရှိလိုတဲ့ စိတ်ကောင်း စေတနာရှိမှုကို ပြသတဲ့အနေနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့ လိုပါတယ်။ ဒါဆိုရင် အခုလို စာချုပ်တွေ (single text) တွေအတွက် အလုပ်ရှုပ်နေစရာ အကြောင်းမရှိတော့ပါဘူး။ (MPC အတွက်တော့ စားဂွင်ပျောက်သွားမှာပေါ့)  ယခုလက်တွေ့ကြုံနေရတဲ့ ဖြစ်ရပ်တွေမှာပဲကြည့်ပါ။

တစ်ခုတည်းသောသဘောတူညီချက် (single text) ရရှိဖို့ အလွန်တရာ ခက်ခဲနေပါတယ်။ အဲဒီ အခက်အခဲတွေအနက် အဓိက အကျအဆုံး အတားအဆီးက “ကာချုပ်မူဝါဒ ၆ ရပ်” ပဲဖြစ်ပါတယ်။

(single text) ရရှိဖို့ ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ (ဧပြီ ၅ မှ ၈ ရက်ထိ) မှာ ကာချုပ်ကိုယ်စားလှယ်ရဲ့ဆွေးနွေးချက်များဟာ တင်းမာပြင်း ထန်လွန်း၊ မောက်မောလွန်းလှပါတယ်။ “ပြည်တွင်းစစ်၊ တော်လှန်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်” စတဲ့ စကားလုံးတွေ မသုံးစွဲရ၊ ဖြုတ်ပယ်ပေးရမယ်တဲ့။

“ကာချုပ်မူဝါဒ ၆ ရပ်” အပေါ် အသေကိုင်စွဲရပ်တည်ထားနေသမျှ၊ မစွန့်လွှတ်သမျှ ဒီလိုတစ်ဖတ်သတ်ကျပြီး မောက်မာတဲ့၊ အပေါ်စီးယူတဲ့ပြောဆိုဆွေးနွေးချက်တွေပဲကြားနေ၊ ကြုံနေရပါလိမ့်မယ်။ ဒါကြောင့် ပြေလည်မှုအဖြေဟာလည်း ဝေးကွာသည်ထက် ဝေးကွာနေပါ လိမ့်မယ်။

“ကာချုပ်မူဝါဒ ၆ ရပ်” ကို ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်တို့က ထာဝရစွန့်လွှတ်မှသာ “ထာဝရငြိမ်းချမ်းရေး” ရနိုင်ပါလိမ့်မယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနေဖြင့် “ကာချုပ်မူဝါဒ ၆ ရပ်”ကို လက်ခံလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေတာမျိုး၊ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းကို ကိုယ်ကိုယ်တိုင်သတ်ပစ်တာမျိုးသာလျှင် ဖြစ်ပါလိမ့်မယ်။

“ကာချုပ်မူဝါဒ ၆ ရပ်”ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က“ လက်မခံနိုင်ဘူး/ တစ်ဖက်သတ်ဖြစ်နေတယ် ” လို့ တုန့်ပြန် သွားကြောင်း ကြားသိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – “ကာချုပ်မူဝါဒ ၆ ရပ်” (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအတွက် ကြိုးကွင်း
  1. ကျနော်လည်း ဒီလိုပဲမြင်တယ်။ ကာချု ပ်ကသူ့နေရာကနေ သရုပ်ဆောင်နေရတော့ ဒီလိုလေသံနဲ့ ပြောနေတာပါ။ သမ္မတ ဒါမှမဟုတ် လွှတ်တော်ဥက္ကဌဆိုရင် ပျော့ပြောင်းတဲ့လေသံနဲ့ ဒီအဓ္ဓိပါယ်ဆောင်တဲ့ စကားကိုပဲ ပြောမှာပဲ။ သူတို့အားလုံး အတူတူပဲ။ သူတို့ ကုလားထိုင်ကို အလှုပ်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါကိုပဲ သူတို့က အချု ပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ စကားလုံးနဲ့ မဟာတံတိုင်းကြီးလို အကာအကွယ်ယူပြီး လူတွေကို ပြောင်လိမ်နေတာ။ လက်ရှိ သွေးစွန်းနေတဲ့ စစ်အုပ်စုတွေ သက်ရှိထင်ရှားရှိနေသရွေ့တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဟန်ပြပဲပြင်လိမ့်မယ်။ မြန်ချင်ရင်တော့ ဆရာဦးဝင်းတင်ပြောသလို တတိယတော်လှန်ရေးကို သတိကြီးကြီး ဥာဏ်ကြီးကြီးနဲ့ အကောင်အထည်ဖေါ်မှ ရလိမ့်မယ်။ ကျနော်တို့တတွေ နည်းလမ်းရှာကြစို့ဗျာ။

Comments are closed.