မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ

ဘကြီးမှုံ – ကရင်- ဗမာအဓိကရုန်း ဘာကြောင့်ဖြစ်ရသလဲ

ဘကြီးမှုံ – ကရင်- ဗမာအဓိကရုန်း ဘာကြောင့်ဖြစ်ရသလဲ

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

ကရင်-ဗမာအဓိကရုန်း ဖြစ်ခဲ့ရခြင်းအကြောင်းရင်းကို ဗိုလ်ချုပ်အောင်ဆန်းလည်း  သိမသွားရ။ ဦးနုလည်း သိမသွားရခြင်းကြောင့် အဖြစ်အမှန်ကို တင်ပြမည်ဖြစ်ပါသည်။

၁၉၉၄ ခုနှစ်လောက်တွင် ကျွန်တော်သည် ဝါးခယ်မ သခင်သိန်းဖေ၏နေအိမ် ချော်တွင်းကုန်း တွင် နံနက် ၈နာရီလောက် ရောက်သွားခဲ့ပါသည်။ ထိုအချိန်က ဝါရင့်နိုင်ငံရေးသမားကြီး တနင်္ဂနွေနှင့် ဗုဒ္ဓ္ဓ္ဓဟူး နေ့များတွင် နံနက်ပိုင်း၌ သခင်သိန်းဖေအိမ်တွင် စုဝေးကြပြီး ဒို့ဗမာအစည်းအရုံးသမိုင်း ကြောင်းနှင့် ဒို့ဗမာ အစည်းအရုံးနာယကများ၊ ဥက္ကဌ အပါအဝင် သခင်အောင်ဆန်း၏ အတ္ထုပတ္တိကိုဆွေးနွေး ရေးသားသော ကာလဖြစ်ပါသည်။ တက္ကသိုလ်စိန်တင်ကို ဘေးနားတွင်ထားပြီး မိမိတို့သိသလောက် ဆွေးနွေးခဲ့ကြ ပါသည်။ တက္ကသိုလ်စိန်တင်သည် စတင်ရေးသားစဉ်က တစ်သိန်း ချီးမြှင့်ရန် တောင်းဆိုသဘော တူခဲ့သော် လည်း နာယကများနှင့် ဥက္ကဌများပါ ရေးသားကြမည် ဆိုသောအခါ နောက်ထပ် (၂)သိန်း ထပ်မံ တောင်းသည် ဟု ကျွန်တော်ကြားမိပါသည်။

ကျွန်တော်သည် ဝါရင့်နိုင်ငံရေးသမားစာရင်းတွင် မပါပါ။ သခင်သိန်းဖေ၏ ကျိုက်လတ်တဖက်ကမ်း အုန်းဆံကြိုးစက်တွင် မန်နေဂျာအဖြစ်တာဝန်ယူလုပ်ကိုင်နေသောကာလဖြစ်၍ သွားချည်လာလှည့်ဖြင့် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓ္ဓ္ဓဟူးနေ့တွင် ရန်ကုန်အရောက်ပြန်ပြီး သခင်ချစ်၊ သခင်ချစ်မောင်၊ သခင်ခင်အောင်၊ ဗိုလ်မှူးထွန်းတင်တို့ကို သခင်သိန်းဖေကားဖြင့် သွားရောက်ကြိုဆိုခေါ်ယူခဲ့ရပါသည်။  ဗိုလ်မှူးအောင်ကတော့ သူ့ကားနှင့်သူလာပါသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများစာရင်းတွင် (၂၂) ယောက်ပါသည်ဟု ကျွန်တော်မှတ်မိပါသည်။ စာရင်းတွင် ကျွန်တော် မပါသော်လည်း အစည်းအဝေးအခန်းတွင် သခင်ချစ်၊ သခင်ခင်အောင်၊ သခင်ချစ်မောင်၊ ဗိုလ်မှူး အောင်စသော သက်ကြီးဝါကြီးများအတွက် အပေါ့အပါးသွားရာတွင် တွဲပို့ရသဖြင့် အစည်းအဝေးခန်းမအတွင်း၌ ထိုင်၍ နားထောင်ခွင့်ရခဲ့ပါသည်။

မမျှော်လင့်ပဲ တနင်္ဂနွေနေ့ နံနက် ၈နာရီလောက်တွင် လေထီးဗိုလ်အုန်းမောင်သည် သခင်သိန်းဖေ၏ ဧည့်ခန်းကို ရောက်ရှိလာပါသည်။ အကျိုးအကြောင်းကိုမေးရာ၌ ‘မိုး’ ဂျာနယ်မဂ္ဂဇင်းကို မြောင်းမြ သခင်အောင်ဖေက ပိတ်လိုက်သည့်အတွက် ထိုဂျာနယ်၏ ထုတ်ဝေခွင့်ကို အငှားရယူလိုကြောင်း သခင်သိန်းဖေ နှင့် စာရေး ဆရာမ ဒေါ်ခင်နှင်းယုတို့မှ ကူညီပြောပေးပါရန် လာရောက် အကူအညီတောင်းခံကြောင်း ပြောကြားခဲ့ ပါသည်။

နောက်ထပ်ဆက်လက်ပြောကြားရာတွင် ဂျပန်ခေတ်က မြောင်းမြရှိ စောဖေသာ သေဆုံးခဲ့ရသည့် အကြောင်းကို မသေခင်ထုတ်ဖော်ပြောကြား၍ တိုင်းပြည်ကိုအသိပေးလိုသဖြင့် စာရေးတင်ပြလိုခြင်းက အဓိကပါဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ထိုအချိန်တွင် သခင်သိန်းဖေလည်း အထူးအံ့သြသွားသလို ကျွန်တော်ကလည်း အဖြစ်အပျက်ကို ကြားလိုသဖြင့် ဆက်ပြောစမ်းပါအုံးဟု ဆိုခဲ့ရပါသည်။ ထိုအခါလေထီးဗိုလ်အုံးမောင်မှ ကျွန်တော်တို့ ဘီအိုင်အေတပ်ကို ကာနယ်ဆူဇူကီး(ခ)ဗိုလ်မိုးကြိုးထံမှ အမိန့်တစ်ခုရပါတယ်။ မြောင်းမြမြို့ပေါ်ရှိ ကရင်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် စောဖေသာကို မိသားစုပါ ရှင်းပစ်ရန်နှင့် သခင်သိန်းဖေနှင့် ဗိုလ်ကျော်ဇောတို့ မသိရှိရန် အထူးအရေးကြီးကြောင်း ညွှန်ကြားချက်တွင် ပါဝင်သည်ဟု ပြောကြားခဲ့ပါသည်။ သခင်သိန်းဖေ၊ ဗိုလ်ကျော်ဇောနှင့် စောဖေသာတို့သည် ငြိမ်းချမ်းရေးယူပြီး နယ်မြေကို စုပေါင်းကာကွယ်စောင့် ရှောက်ထားကြသည့် ကာလဖြစ်ပါသည်။

သခင်သိန်းဖေက ဘာကြောင့် စောဖေသာကို ရှင်းပစ်ဖို့ညွှန်ကြားတာလဲ အထူးအကြောင်းရှိသလား ဟု မေးပါသည်။ ထိုအခါ လေထီးဗိုလ်အုံးမောင်က ရှင်းပြသည်မှာ ဂျပန်တပ်မတော် မြန်မာပြည် ဝင်ခဲ့စဉ်က ဖားအံတွင် ကရင်လက်နက်ကိုင်တပ်များက ခုခံတိုက်ခိုက်သဖြင့် ဂျပန်ဗိုလ်တစ်ယောက်နှင့် စစ်သား(၃)ယောက် ကျဆုံးခဲ့ရသည်။ ဂျပန်စစ်ဦးစီးချုပ်ထံ အစီရင်ခံရာမှ စစ်ဦးစီးချုပ်မှ ကရင်လက်နက်ကိုင်အဖွဲ့များရှိရာအရပ်တွင် ရှင်းလင်းပစ်ရန် ကာနယ်ဆူဇူကီးထံအကြောင်း ကြားသဖြင့် စောဖေသာသည် ထိုညွှန်ကြားချက်များကြောင့် မိသားစုပါ ရှင်းလင်းခံခဲ့ရကြောင်း၊ ထိုပြဿနာကြောင့် မြစ်ဝကျွန်းပေါ်တွင် ကရင်-ဗမာအဓိကရုန်း ဖြစ်ခဲ့ရ သည်ကို တိုင်းသူပြည်သားများ သိစေလိုသဖြင့် ကျွန်တော် ‘ မိုး’ ဂျာနယ်တွင်ရေးသားလိုပါ၍  ‘မိုး’ဂျာနယ် ထုတ်ဝေခွင့်ရရှိစေရန် တစ်လကို နှစ်သောင်း သခင်အောင်ဖေကို ပေးမည်ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်ကို ကိုယ်တိုင်ကြားသိခဲ့ရပါသည်။

သခင်သိန်းဖေ အထူးအံသြသွားသည်မှာ တခြားမဟုတ်ပါ။ ထိုသို့ဂျပန်တပ်များ မြောင်းမြမြို့ပေါ်ကို ရောက်လာသည့်အချိန်တွင် အကျိုးအကြောင်းသိလို၍ စုံစမ်းရန် လျှောက်လာခဲ့ရာတွင် စာတိုက်ရုံးရှေ့ အရောက်၌ စာတိုက်ဗိုလ်က လှမ်းခေါ်ခဲ့ပါသည်။ ဘာအကြောင်းနှင့် ဘယ်သွားရန်ရည်ရွယ်ပါသလဲ မေးမြန်းခဲ့ရာ ဂျပန်တပ်များ မြို့ပေါ်တက်လာသည်ဟုကြား၍ သတင်းသိလိုသဖြင့် စုံစမ်းရန်ဖြစ်ကြောင်း ပြောကြားရာ စာတိုက်ဗိုလ်က ခင်များဟာ ဒီမြို့ပေါ်မှာ တာဝန်ခံအုပ်ချုပ်နေသူဖြစ်တယ်၊ ဂျပန်တပ်က အကြောင်းရှိလျှင် ခင်များ ထံ လာရမှာပါ။ ကိုယ်ကစုံစမ်းနေဖို့မလိုဘူး။ ကိုယ့်နေရာကိုယ်ပြန်ရန် ပြောသဖြင့်  ပြန်ခဲ့ရာ မကြာမီပင် စောဖေသာတို့မိသားစု ဂျပန်တပ်က ဖမ်ဆီးသွားကြောင်း သိရှိခဲ့ရသည်ဟု ပြောကြား၍ ယနေ့ထက်တိုင် သတိရသည့်အခါ စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဝမ်းနည်းစွာပြောကြားခဲ့ပါသည်။

နောက် (၃)ရက် ခွါချိန်းပြီး ဒေါ်ခင်နှင်းယုနှင့် သခင်သိန်းဖေတို့ သွားကြရာတွင် ကျွန်တော်လည်းလိုက်ပါ သွားခဲ့ပါသည်။ သခင်အောင်ဖေက မန္တလေး လူထုဒေါ်အမာဆောင်းပါးကို အပတ်စဉ်ပါနိုင်စေရန် စီစဉ်ဆောင် ရွက်ပေးဖို့ပြောပြီး  သဘောတူခွင့်ပြုချက်ရ၍ ပြန်လာခဲ့ကြပါသည်။ နောက် ‘မိုး’ ဂျာနယ်တွင်ထွက်ပြီး ဗိုလ်အုံး မောင်ရေးသားလိုသည့် အထက်ပါ ကရင်-ဗမာအဖြစ်အပျက်ကို ထည့်ဖြစ်မဖြစ် ကျွန်တော်မသိတော့ပါ။

ကျွန်တော်ကိုယ်တိုင် ထိုင်းနိုင်ငံ မဲဆောက်ရောက်သွားပြီး ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့စဉ် ထိုအဖြစ်အပျက်ကို ပြောကြားခဲ့ရာ ထိုကိစ္စသည် အလွန်အရေးကြီးပါသဖြင့် ကေအင်(န်)ယူ ဗဟို ကော်မတီသို့ အစီရင်ခံစာရေး သားတင်ပြရန် ပြောကြားခဲ့သဖြင့် ကျွန်တော်ကိုယ်တိုင်ပင် ကရင်-ဗမာ အဓိကရုန်းဖြစ်မှုကြောင့် မော်လမြိုင်ကျွန်း မြို့နယ် နှင်းဆီကုန်းကျေးရွာမှ (၆)နှစ်(၇) နှစ်သားအရွယ်တွင် မိဘနှင့်အတူ ပန်းတနော်မြို့နယ် ရွှေဖလားကျွန်း ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့်အကြောင်းမှစ၍ ကျွန်တော် ၏ပထမစာသင်ဆရာ  စောဘီလာနှင့် ခွဲခွာရသည့် အကြောင်းစုံပါ တင်ပြပြီး သခင်သိန်းဖေသည် ဘုမသိဘမ သိဖြင့် ကရင်-ဗမာအဓိကရုန်း၏ တရားခံအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သံသယဝင်သဖြင့် ဖဆပလ အဖွဲ့မှ ထုတ်ပယ် ခံခဲ့ရကြောင်း။ နိုင်ငံရေးမလုပ်ရန် တားမြစ်ခဲ့သောကြောင့် ၁၉၈၈ ခုနှစ်အထိ စီးပွားရေးသာလုပ် ခဲ့ရပြီး အရေးအခင်းအပြီးတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့တွင် တွဲဘက်အတွင်းရေှးမှူးအဖြစ် တာဝန်ယူ၍ ဦးနုနှင့် ပြန်လည်လက်တွဲခဲ့ရကြောင်း တို့အပါအဝင် ရေးသားတင်ပြခဲ့ရသည့် အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ ကရင်အမျိုးသားများအပေါ် သဘောထားရေးသားထားသည့် စာအုပ်နှင့် ဦးနု၏ ကရင်အမျိုးသားများအပေါ် သဘောထားများပါဝင်သည့် စာအုပ်များကိုပါ ရှာကြဝယ်ယူ၍ ကေအင်(န်)ယူပါတီ ဗဟိုသို့ မန်းငြိမ်းမောင်မှ တဆင့် ပေးပို့ခဲ့ရပါသည်။

ထိုအချိန်က KNU ပါတီအတွင်း     ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်ခင်ကြည်ချက်သည့် ထမင်းကို မယုံ၍ မစားကြောင်း သတင်းပြန့်နှံ့လျက်ရှိပါသည်။ သို့ဖြစ်၍ ကျွန်တော်၏ ကြည်ရေ…..ပဲပြုပ်နဲ့နံပြား ရရင်စားချင် တယ် ဆိုသည့်စာအရ ကြင်နာမှုရှိကြောင်း ရေးသားခဲ့ပါသည်။ အစီရင်ခံစာတင်ပြီး နောက်ပိုင်း  ဗိုလ်ချုပ်မြ၏ သဘောထား ပြောင်းလဲခဲ့ကြောင်း သိရပါသည်။ ယခင်က ဗမာဆန့်ကျင်ရေးမှ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးနှင့် ဖက်ဒရယ်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် သဘောထားပြောင်လဲသွားခဲ့သည်ဟု ကြားသိရပါသည်။

ကျွန်တော် အစီရင်ခံစာတင်ရာတွင် ဖားအံ  ဂျပန်စစ်တပ်ကို  ခုခံတိုက်ခိုက်ဖို့ အုပ်ချုပ်သူအင်္ဂလိပ်အစိုး ရ၏ ညွှန်ကြားခိုင်းစေမှုကြောင့် အုပ်ချုပ်ခံရသူ ကရင်လူမျိုးလက်နက်ကိုင်တပ်မှ ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့ရသလို မြောင်းမြတွင်လည်း အုပ်ချုပ်သူ ဂျပန်စစ်တပ်ကအုပ်ချုပ်ခံရသူ ဘီအိုင်အေ တပ်မတော်ကို စောဖေသာအား ဖမ်းဆီးရှင်းလင်းပစ်ရန် ညွှန်ကြားစေခိုင်းချက်အရ ပြုလုပ်ခဲ့ရသဖြင့် ကရင်-ဗမာအဓိကရုန်း စတင်ပေါ်ပေါက်ခဲ့ရ သည်။ တိုင်းရင်းသားအချင်းချင်း သွေးကွဲ၍ စည်းလုံးညီညွှတ်မှုပြိုကွဲခဲ့ရသည်။

အလားတူပဲ တိုင်းရင်းသားများအတွင်း ထိုကဲ့သို့သော ဖြစ်ရပ်များ မတိမ်းမယိမ်းပေါ်ပေါက်မှုများလည်း နည်းမျိုးစုံဖြင့် ဖြစ်နိုင်ပါ၍  အထူးသတိထားပြီး သင်ခန်းစာယူရမည်ဖြစ်ကြောင်း ရေးသား၍ တင်ပြခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်ဗမာအဓိကရုန်းဖြစ်ရခြင်းမှာ သခင်သိန်းဖေကိုယ်တိုင် စီစဉ်မှု ကြောင့်ဖြစ်သည်ဟု သံသယဝင်၍ အကြီးအကျယ်ဒေါသဖြစ်ပြီး သခင်သိန်းဖေကို ဖ.ဆ.ပ.လ အဖွဲ့မှ ထုတ်ပယ်ခဲ့သည့်အပြင် ဘယ်နိုင်ငံရေးမှ ခင်များမလုပ်ပါနဲ့ဟုပင် ပြောခဲ့ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း ထိုကဲ့သို့ဒေါသတကြီးဖြစ်ရသည်မှာ စောဖေသာကို ဖမ်းဆီးခံရခြင်း မပြုမီ တပတ်လောက်အလိုတွင် မြောင်းမြရှိ သခင်သိန်းဖေထံသို့ စောဖေသာကို ဝန်ကြီးတာဝန်ယူရန်အတွက် အစိုးရအဖွဲ့မှ ဆုံးဖြတ်ထားပြီး ဖြစ်၍ ယခုလွှတ်လိုက်သော ယူဘီသင်္ဘောဖြင့် တခါတည်း ရန်ကုန်သို့ ပြောင်းရွှေ့ဖို့စီစဉ်မှုပြုပါရန် အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။

သခင်သိန်းဖေသည် ထိုစာကိုရလျှင်ရခြင်း စာပြ၍ စောဖေသာကို ရန်ကုန်လိုက်ဖို့စီစဉ်ပါရန် သွားရောက်ပြောကြားခဲ့ပါသည်။ ထိုအခါ စောဖေသာ “ ဝန်ကြီးတာဝန်ကိုယူလို့မဖြစ်ဖူး  ကိုသိန်းဖေရယ်၊ ကျွန်တော့သားမယားကလည်း ဥရောပသူဖြစ်နေ၍ သားသမီးများကလည်း ကပြားတွေဖြစ်နေတယ်။ ဂျပန်နဲ့ အစည်းကိုက်မယ် မထင်ဘူး။ မကြာခင်ကျွန်တော်တို့ ဒုက္ခရောက်နိုင်သဖြင့် ထိုတာဝန်ကို ငြင်းပယ်ပါကြောင်း ဗိုလ်ချုပ်အောင်ဆန်းကို သတင်းပို့ပေးရန် ပြောကြားခဲ့ပါသည်။

သခင်သိန်းဖေက ကိုစောဖေသာ ခင်ဗျားယုံကြည်ရတဲ့သူတစ်ယောက်နဲ့ ခင်ဗျားကိုယ်တိုင်စာရေးပြီး ဗိုလ်ချုပ်အောင်ဆန်းထံ သင်္ဘောနှင့် လွှတ်ရလျှင် အကောင်းဆုံးဖြစ်မည် ဟု ပြောကြားခဲ့သဖြင့် စောဖေသာက သူ့ညီကို စာနှင့်အတူ သင်္ဘောဖြင့် ပို့လွှတ်ရန်စီစဉ်ခဲ့ကြပါသည်။ ထိုသင်္ဘောဖြင့်ပင် ဒေါ်ခင်ကြီးနှင့် ဒေါ်ခင်ကြည်ကို ရန်ကုန်သို့ တပါတည်း ထည့်လိုက်ပါရန် ဒေါက်တာဘသန်း၏စာနှင့် ဗိုလ်လက်ျာ၏ မပျက်မကွက်လိုက်ပါရန် ထပ်ဆင့်လက်မှတ်ကြောင့် သူတို့ ညီအစ်မနှစ်ယောက်နှင့် စောဖေသာ၏ညီကို သင်္ဘောဖြင့် ထည့်လွှတ်ခဲ့ရသည်ဟု ဆိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၄င်း၏အစိုးရအဖွဲ့မှ စီစဉ်ထားချက်ဖြစ်သည့် စောဖေသာ ဝန်ကြီးတာဝန်ပေးအပ်ရေးပျက်ပြယ်သွားပြီး သေဆုံးကြောင်း ကြားသိရသဖြင့် သခင်သိန်းဖေကို ရန်ကုန်ခေါ်ပြီး အကြီးအကျယ်ဒေါပွ၍ ခင်ဗျားယနေ့မှစ၍ ဖ.ဆ.ပ.လ မှ ထုတ်ပယ်ပြီး ဘယ်နိုင်ငံရေးမှ ဝင်မလုပ်ဖို့ တားမြစ်ခဲ့သည့်အတွက် ၁၉၈၈ ခုနှစ်အရေးအခင်းကာလအထိ စီးပွားရေးကိုသာလုပ်ဆောင်ခဲ့ ရခြင်းမှာ ကရင်မဟာအဓိကရုန်းတရားခံအဖြစ် အသားလွတ်သတ်မှတ်ခံခဲ့ရသဖြင့် ဘဝတစ်လျှောက်လုံးအကြီးအကျယ် နစ်နာခဲ့ရပါသည်။ ဝန်ကြီးချုပ်ဦးနုနှင့် ကျန်လုပ်ဖော်ကိုင်ဘက်သခင်များကပါ အဖြစ်အမှန်ကို သေဆုံးသည်အထိ မသိခဲ့သူအများအပြားဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျန်ရှိသည့် မြန်မာပြည်သူပြည်သားများ ထိုအဖြစ်အပျက်ကြောင့် ကရင်ဗမာ လည်ပင်းဖက်လာသည့် သူငယ်ချင်းများ စိတ်မချမ်းမသာဖြစ်၍ ခွဲခွာခဲ့ရသည်ကို ပြန်လည် သင့်မြတ်ညီညွှတ်စေလိုသဖြင့် သတိတရ ရေးသားတင်ပြရပါကြောင်း။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts