သားကြီးမောင်ဇေယျ ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

သားကြီးမောင်ဇေယျ – ရွေးကောက်ပွဲ တစ်ရက်အလွန်

ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်၊ (ရန်နောင်(ဗိုလ်တထောင်))

သားကြီးမောင်ဇေယျ – ရွေးကောက်ပွဲ တစ်ရက်အလွန်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

ရွေးကောက်ပွဲ နောက်တစ်ရက်မှာပေါ့၊  ကျနော် ကျောက်မြောင်း၊ အောင်မင်္ဂလာလမ်းက စာရေးဆရာသမဂ္ဂ ရုံးကိုသွားတယ်။ စာရေးဆရာမဂ္ဂဇင်း အတွက် ကဗျာသရုပ်ဖေါ်ပုံကလေးတွေ ဆွဲပြီးသလောက်သွားပို့ ဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကလည်း ပြီးကာစ ၊ NLD ကလည်း အပြတ်အသတ် နိုင်ပြီးကာစ မို့ ကျနော်စိတ်တွေ ပေါ့ပါး လန်းဆန်းနေပါတယ်။

ရုံးခန်းထဲရောက်တော့ မျက်မှန်ထူထူ ခေါင်းဖြူဖြူနဲ့ ကိုနိုင်မြင့် တစ်ယောက် စားပွဲရှည်မှာထိုင်ရင်း ထုံးစံအတိုင်း စာမူတွေ တကုတ်ကုတ်ဖတ်နေတာကို တွေ့ရပါတယ်။ ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်မှာတော့ ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စာအုပ်တစ်နဲ့ ကိုခင်မောင်ဇော် တွေ့ရပါတယ်။ ခပ်လှမ်းလှမ်းမှာ ဆရာထက်မြက်က ကွန်ပြူတာစာစီသူနဲ့ စာမူတွေအကြောင်းပြောလို့။

ကျနော်မမျှော်လင့်ပဲ တွေ့လိုက်တဲ့ သူကတော့ ကိုမြင့်နောင်ပါ။  နိုင်ကျဉ်းဟောင်းတစ်ယောက်ဖြစ်ပါတယ်။ သူက မန္တလေးက မနေ့တစ်နေ့ကမှ ရောက်လာတဲ့သူပါ။ သူ့ကို အားရ၀မ်းသာ နူတ်ဆက်ပြီး သာကြောင်းမာကြောင်း ပြောရင်း လက်ရှိ ရွေးကောက်ပွဲ အလွန် ကာလကလေး ကိုအကြောင်းပြုပြီး ‘တို့’ ကြည့်လိုက်ပါတယ်။

‘အခြေအနေက ကျနော်တို့မျှော်လင့်တာထက်ပိုကောင်းနေတယ်နော်’

သူက မဆိုင်းမတွပါပဲ။

‘ရွေးကောက်ပွဲ မတိုင်ခင်တုန်းကထိတော့ ဒေါ်စု ဒီလောက်မဲရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး၊ ကျနော်ကျင်လည်ခဲ့တဲ့ အသိုင်းအ၀ိုင်းကလည်း ဒေါ်စုကို ဒီလောက် ရလဒ်ကောင်း ရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။ နောက်ဆုံးရလဒ်က တော့ ဒေါ်စုကို  နိုင်ငံရေးသမားတွေ ယုံကြည်တာထက် ပြည်သူတွေက ပိုယုံကြည်တယ်ဆိုတာ အထင်အရှား ပြလိုက်တာပဲ။ ဒေါ်စုကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံးတုန့်ပြန်လိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်’

‘ဘာကြောင့် ခုလို အဖွဲ့ချုပ်က အပြတ်အသတ်နိုင်ရတာလဲ’

ကျနော်ကမေးကြည့်တော့၊ သူက …

‘ပြည်သူတွေက အစိုးရဟောင်းအပေါ် နာကျည်းခံပြင်းချက်တွေ ကြောင့် လို့ကျနော်ထင်တယ်။ အစိုးရသက်တမ်းတလျှောက် အများအားဖြင် လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီးလုပ်ခဲ့တာ များတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်အစိုးရလွှမ်းမိုးတဲ့အစိုးရကို အယုံအကြည်မရှိတာပါပဲ။

လူထုက အရပ်သားလွှမ်းမိုးတဲ့ အစိုးရကို ရစေချင်လို့ ၊ အရပ်သားဦးဆောင်တဲ့ ဒီမိုကရတစ် ပြုပြင်ပြောင်းလဲရေး ဖြစ်စေချင်လို့ အရပ်ဖက်က လူထူခေါင်းဆောင်ကို ပုံပြီး အားပေးလိုက်ကြတာလို့ကျနော်မြင်တယ်’

ဒါက လက်ရှိအခြေအချိန်မှာ သူမြင်တဲ့ အမြင်ပါ။

ရွေးကောက်ပွဲမတိုင်ခင်တုန်းကဆို အဖွဲချုပ်ဟာ စစ်အစိုးရနဲ့ ညွန့်ပေါင်းဖွဲ ရလိမ့်မယ်လို့သာ ခန့်မှန်းရဲကြတာ့ပါ။ အရေးထဲ မဲစာရင်းတွေက အမှားမှားအယွင်းယွင်း၊ သဘာဝဘေးဒါဏ်ကလည်း အလူးလူးအလိမ့်လိမ့်၊ အထက်ကချပေးတဲ့ ကိုယ်စားလှယ်ကို အောက်ခြေက ခါးခါးသီးသီး၊ အောက်ခြေက မျှော်လင့်တဲ့ ကိုယ်စားလှယ်ကို အထက်က အင်တင်တင် မို့ အခုလို ခန်းမှန်းခဲ့ကြတာဖြစ်ပါလိမ့်မယ်။

အထူးသဖြင့် နိုင်ငံရေး မိုးလေ၀သ ပညာရှင်တွေကလည်း နိုင်ငံရေးကို ချဲထီ တွက်သလို တွက်ကာ အတိတ်စိမ်း တွေ အမျိုးမျိုးပေးခဲ့ကြတာတွေလည်းရှိနေ။

ခုတော့ ဒါတွေ ဟာ တက်တက်စင်မှားသူကမှား ၊ ပွတ်ကာသီခါ လွဲသူကလွဲလို့။

ခု အဖွဲချုပ်က အပြတ်အသတ်နိုင်လိုက်ပါပြီ။

လက်ညိုး ကွေးပြရင်း ချိန်းခြောက်သူတွေ၊

လက်ညိုး ထိုး အမိန့်ပေးသူတွေ

လက်ညိုးမိုးပေါ်ထောင်ပြီး ကိုယ်လွတ်ရုံးသူတွေကို

လူထုက မှင်စွန်းတဲ့ လက်သန်းကလေးတွေ တပြပြနဲ့  အနိုင်ယူလိုက်ပါပြီ။

ကျနော်တို့ စကားဝိုင်းထဲကို ၀င်လာတဲ့ ဆရာထက်မြက်ကလည်း ခုလိုပြောပါတယ်။

“အခုလို NLD အနိုင်ရတာဟာ NLD ကို အားကိုးလွန်းလို့ ဆိုတာထက် စစ်အာဏာရှင်ကိုဖြိုချချင်လွန်းလို့ လူထုက အနိုင်ပေးလိုက်တာပါ။  NLD က တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့ အတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုတယ်။  စစ်အာဏာရှင်လို လုပ်လာရင်တော့ ပြည်သူ့တံတွေးခွက်ထဲမှာ မျောသွားလိမ့်မယ်။

ဆရာ့ မျက်လုံးမှာ စိုးရိမ်စိတ် တွေကို လှမ်းမြင်လိုက်ရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည့်ဟာ NLD ပါတီဝင်တွေကို အမတ်ရောဂါ မထဖို့ အကြိမ်ကြိမ် သတိပေးခဲ့ ရသလို၊ အနိုင်ရပြီးပြန်တော့လဲ ၀န်ကြီးရောဂါ တက်မနေဖို့ အခါခါ ပြောနေတာကို ကျနော်သတိပြုမိပါတယ်။ တကယ်တော့ လူထုဟာ သူတို့ မဲထည့်တဲ့ ကိုယ်စားလှယ်ထက် ဒေါ်စုနဲ့ ခွပ်ဒေါင်းကြယ်ဖြူကိုသာ ပိုမိုရင်းနှီးယုံကြည်တာ  ကျနော်တို့ ကောင်းကောင်းသတိပြုမိကြပါတယ်။ ဒီထက်ပိုပြီး နက်နက်ရိုင်းရိုင်း တွေးမိတာက လူထုဟာ နေ့စဉ်နဲ့အမျှခံစားနေရတဲ့ လူမှုဒုက္ခ အပေါင်းက လွတ်မြောက်လိုတဲ့ ခံစားမှုတွေမြင့်တက် နေလို့ NLD ကို ခုလို မဲပေးလိုက်တာလို့ ထင်ပါတယ်။

တုံးလုံးလှဲရင်းစာဖတ်နေတဲ့ ကိုခင်မောင်ဇော်ကလည်း

“၈၈ လူထုတိုက်ပွဲက ဒေါ်အောင်ဆန်းစုကြည်ကို မွေးပေးလိုက်တာပါ။ အားကိုရှာနေတဲ့ ပြည်သူတွေဟာ သူ့ကို ၀မ်းပမ်းသသာကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေကို စည်းရုံးနေတယ် ဆိုတာထက် ပြည်သူတွေက သူ့ကို စည်းရုံးသွားတာ ပါ။

သူရဲ့တိုက်ပွဲ နည်းဗျူဟာတွေဟာက ပထမတော့ ကျနော်တို့နဲ့ စိမ်းတယ်၊ ဗိုလ်ကလေး အဖြစ်အပျက်မှာ သူဟာ ပြည်သူတွေအတွက် အသေခံရဲတယ်ဆိုတာ ကျနော်တို့သိလိုက်တယ်။ နောက်ပိုင်း နည်းအမျိုးမျိုးနဲ့စစ်အစိုးရကိုသူရင်ဆိုင်တယ် မှားတာရှိတယ်၊ မှန်တာရှိမယ်။ ဒါပေမယ့် ပြည်သူအတွက် သူသေတဲ့ အထိ လုပ်သွားမယ်ဆိုတာ ကျနော်တွေ့ရတယ်။

၂၀၁၅ မှာ ပြည်သူတွေဟာ သီးခံနိုင်စွမ်းမရှိတော့ဘူး၊ အုပ်ချုပ်တဲ့ သူကလည်း ဆက်ပြီး အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူး၊  အဲဒီမှာ အပြောင်းအလဲတခု ဖြစ်လာတာပါ။ စစ်အာဏာရှင်အောက်က ငြိမ်းချမ်းစွာ ကူးပြောင်းတာကတော့ ကျနော်အလေးထားတယ်။

ကျနော်ရောက်ခဲ့တဲ့ ပေါင်းတည်မှာ ရွေးကောက်ပွဲနေ့ကဆိုရင် ကောက်ရိပ်တဲ့သူက ကောက်မရိပ်တော့ဘူး မဲသွားထည့်ကြတယ်။ ရွေးကောက်ပွဲပြီးလို့ အပြတ်အသတ်နိုင်တဲ့ အခါ ဒေါ်စုက ငြိမ်ငြိမ်နေပါ ဆိုတော့လည်း ငြိမ်ငြိမ်နေတယ်။ ကျနော်တို့ပြည်သူတွေကို ကမ္ဘာက မချီးကျူးပဲ မနေနိုင်ပါဘူး။ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ဟာ ဘယ်လောက်ကြီးမြတ်တယ် ဆိုတာပြလိုက်တာပါ။”

ဟုတ်ပါတယ်။ လူထုဟာ ဒေါ်စုက ငြိမ်ငြိမ်ကလေးနေဆို နေလိုက်ကြပါတယ်။

“မေမေနိုင်လို့ သောက် မယ် ၊ မေမေနိုင်လို့ သောက်မယ် …”  ဆိုပြီး ဖုန်းတဂွမ်ဂွမ် နဲ့ အောင်ပွဲခံဖို့ ပြင်ဆင်နေကြတဲ့ ကျနော်တို့ရဲ့ ‘နယ်စည်းမခြားအရက်သမားအဖွဲ့” ၀င်တွေတောင် ငြိမ်သွားပါတယ်။ အရက် အစားထိုး ရေသန့်ကိုပဲ အားပေးလိုက်ကြရတာပါ။

ရွေးကောက်ပွဲပြီး သုံးလ ဟာ သိမ်မွေ့သလောက်ခက်ခဲကြမ်းတမ်းတဲ့ အချိန်ဆိုတာ ကျနော်တို့ သတိထားမိလိုက်ကြပါတယ်။

ကျနော်တို့ DVB ရုပ်သံဋ္ဌာန Debate အစီအစဉ်က ကိုမျိုးသာထက်၊ ကိုအောင်စိုးထိုက်၊ ကိုကျော်ကျော် တို့နဲ့ လက်ဖက်ရည်ဆိုင်မှာ အလာပ သလာပ ပြောရင်း ညွန့်ပေါင်းအစိုးရ  အကြောင်း ရောက်သွားပါတယ်။

အဖွဲ့ချုပ်က အခုလိုအပြတ်အသတ်နိုင်သွားတဲ့ အတွက် အတိုက်အခံဖက်က အားနည်းမသွားဘူးလား။

လူထုထောက်ခံမဲမပါပဲ စစ်တပ်က လွတ်တော်မှာ ၂၅ ရာခိုင်နူံးနေရာကို ရယူထားတဲ့ အတွက် အလိုလို နေရာ ရနေတာကြောင့် ညွန့်ပေါင်းအစိုးရအသွင် ဖြစ်မနေဘူးလား။

၂၀၀၈ ဖွဲစည်းပုံအရ စစ်တပ်ဟာ အစိုးရနဲ့ လွတ်တော်ရဲ့ အပေါ်မှာ ရှိနေတယ်လို့ယူဆလို့ရမလား။

စတဲ့ စတဲ့ မေးခွန်းတွေကို ကျနော်တို့စကားဝိုင်းမှာ ပြောဖြစ်ကြပါတယ်။

ကျနော်တို့ ဟာ တခါတခါ ဒင်္ဂါးတချပ်ရဲ့ ခေါင်းနဲ့ပန်း အနေအထားမျိုးနဲ့ ချည်းကပ်မိသလို၊ တခါတခါ စက်လုံးတခုကို ကြည့်သလိုမျိုး ဖက်ပေါင်းစုံက တွေးမိ၊ပြောမိကြပါတယ်။

တကယ်တော့ ဒီလိုအချိန်မှာ စိတ်ဝင်တစား လူပ်ရှားရမယ့်သူတွေက အနိုင်ရ လွတ်တော်ကိုယ်စားလှယ်တွေ မဟုတ်ဘူးလား။

ဘာဖြစ်လို့များ ကျနော်တို့ အခုလိုပြောမိနေကြပါလိမ့်။ စိတ်ဝင်စားမိနေကြပါလိမ့်။

တကယ်တော့ ကျနော်တို့ဟာ အမှောင်ဆုံးကာလတွေကို နာကျင်မှုတွေနဲ့ ဖြတ်သန်းခဲ့ရလို့ထင်ပါရဲ့။

သားကြီးမောင်ဇေယျ (၂၀-၁၁-၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts