မှတ်စုမှတ်တမ်း

ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၎

88-1990

ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၎

(မိုးမခပြန်လည်ဆန်းသစ်ခြင်း၊ ၈၈ အရေးတော်ပုံ ၂၆နှစ် အထိမ်းအမှတ်)

ဒီဇင်ဘာ ၁၊ ၂၀၀၉

မေးခွန်းများ မေးလာတဲ့ အခန်းဆက်ဆောင်းပါးက ယခု ၂၀၀၆ – ၂၀၁၀ မှာ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ တကယ်တမ်းကတော့ ၂၀၀၆ က ၂၀၀၉ အထိပဲ ဉာဏ်စမ်းမေးခွန်းတွေကို မေးရမှာ ဖြစ်ပါတယ်။ ၂၀၀၆ နှောင်းပိုင်းမှာ ပူပူနွေးနွေး အကျည်းတန်တဲ့ သွေးစွန်းတဲ့ ဖြစ်ရပ်တွေ လုပ်ကြံမှုကြီးတွေ နှစ်စဉ် ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် စစ်အာဏာသိမ်းပြီး စတုတ္ထ ၅ နှစ်ပိုင်းဟာ မြန်မာများအဖို့ မေ့ပစ်ဖို့ ခဲယဉ်းမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့လို့ သိပ်ပြီး အသေးစိတ်တဲ့ မေးခွန်းတွေ မေးနေစရာမလိုဘဲ ထင်ရှားတဲ့ အဖြစ်တွေကို ခေါင်းစဉ်လုပ်ပြီး မေးခွန်းတွေအဖြစ် စီစဉ်ထားလို့ရပါတယ်။

၂၀၀၆ နောက်ပိုင်းမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုရေချိန်ဟာ အင်တာနက်နဲ့အတူ တက်ကြွလာပါတယ်။ အင်တာနက်နည်းပညာတွေကို လက်လှမ်းမီလာတာအပြင် အချင်းချင်း ဝေမျှကြတာကြောင့် လူငယ်တွေလက်ထဲမှာ နည်းပညာနဲ့ ပတ်သက်လို့ ကိရိယာတွေ အစုံအလင်ဖြစ်လာပြီး ပြည်ပက လူငယ်တွေ အဖွဲ့တွေနဲ့လည်း ရင်းနှီးမှု ထိတွေ့မှုတွေ ရလာတဲ့ အချိန် ဖြစ်နေပါတယ်။
ထင်ရှားတဲ့အမည်တွေကတော့ မင်းကိုနိုင်တို့ရဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဇာဂနာ နဲ့ လက်တွဲဝန်းရံလာတဲ့ အနုပညာရှင်များ၊ လူငယ်များ၊ အင်န်အယ်ဒီလူငယ်အစုအဖွဲ့များနဲ့ ဖြူဖြူသင်း၊ စုစုနွေး၊ နော်အုံးလှ စသည့် အမျိုးသမီးအတိုက်အခံများ၊ တသီးပုဂ္ဂလ အတိုက်ခံများဖြစ်တဲ့ ကိုထင်ကျော်၊ ဦးအေးမြင့်၊ ဦးအုံးသန်း၊ ဦးမြင့်အေး အစရှိသည့် အမျိုးသားအတိုက်အခံများကို ညွှန်းဆိုပြလို့ ရမယ် ထင်ပါတယ်။ ထို့အတူ စစ်အုပ်စုကို ထောက်ခံတဲ့ အင်န်အယ်ဒီလူထွက်များ၊ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အရေးတော်ပုံအသီးသီးက လွင့်စင်လာတဲ့ “လူထွက်” များကလည်း နေရာအသီးသီးက ထွက်လာပါတယ်။ ပညာတတ်အသိုင်းအ၀ိုင်းနဲ့ စာနယ်ဇင်းမျက်နှာစာတန်းက စစ်အုပ်စုကို ထောက်ခံတဲ့ တတိယအုပ်စု၊ တတိယအင်အားစုတွေလည်း နေရာယူလာကြတာကို တွေ့နိုင်ပါတယ်။

 

        ၂၀၁၀ မတိုင်ခင် ၂၀၀၆ မှ ၂၀၀၉ အတွက် မေးခွန်းခေါင်းစဉ်များ

 

(၁) ၂၀၀၆ အတွင်း ထင်ရှားသော အမျိုးသားရေးလှုပ်ရှားသူများအကြောင်း ရေးပြပါ။ ၂၀၀၆ တွင် ဒေါ်စုကို နေအိမ်အကျယ်ချုပ်ကို သက်တမ်းတိုးခဲ့ပါသလား။ ထိုနှစ်အတွင်း စစ်အာဏာပိုင်များက ရှမ်း-ဒီမိုကရေစီအဖွဲ့ချုပ်၊ အက်စ်အက်စ်အေစသည့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များကို မည်သို့ ဖမ်းဆီး နှိမ်နင်းခဲ့ပါသနည်း။ ထိုနှစ်တွင် စစ်အုပ်စုက အမျိုးသားညီလာခံမှ တဆင့် အခြေခံဥပဒေ အဆင်သင့်ဖြစ်ပြီဟု ကြေငြာခဲ့ပါသလား။

 

(၂) ၈၈ အရေးတော်ပုံ ၁၉ နှစ် ပြည့် အခမ်းအနားကို ၈၈ မျိုးဆက်တို့ မည်သို့ ကျင်းပခဲ့ပါသနည်း၊ မည်သည့် ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ပါသနည်း။ ထိုအခမ်းအနားသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ အထင်ကရပွဲတခုဟု ထင်ပါသလား။

 

(၃) ၂၀၀၇ လောင်စာဆီအရေးအခင်းကို ပြောပြပါ။ ငြိမ်းချမ်းစွာ လမ်းလျောက်ဆန္ဒပြသူများကို စစ်အုပ်စုနှင့် လက်ပါးစေ အကြမ်းဖက်သမားများက မည်သို့ တရားလက်မဲ့ ကျုးလွန်ခဲ့ကြပါသနည်း။

 

(၄) ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံကို ပြောပြပါ။ သံဃာတော်များ၏ သပိတ်မှောက်ကံဆောင်မှုကို ပြောပါ။ စစ်အုပ်စုက ဘုန်းကြီးကျောင်းများ၊ ဘုရားဝင်းများနှင့် သံဃာတော်များကို မည်သို့ အကြမ်းဖက်စော်ကားခဲ့ကြပါသနည်း။ ထိုအကြောင်းများကို ပြောပြပါ။

 

(၅) ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံ၏ ရိုက်ခတ်မှုများကြောင့် ပြောင်းလဲသွားသော နယ်စပ်ဒေသ၊ အာရှနှင့် အနောက်အုပ်စုတို့၏ အနေအထား၊ အခင်းအကျင်းများအကြောင်း ပြောပြနိုင်ပါသလား။ ထိုစဉ်က ဒေါ်စုနှင့် ကြားဝင်စေ့စပ်သူ နိုင်ငံတကာနှင့် ယူအန်ကို ဒေါ်စုက မည်သို့သော စကားပြောခဲ့သနည်း။

 

(၆) ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းကို ပြောပါ။ စစ်အုပ်စု၊ ဒုက္ခသည်ပြည်သူ၊ ၀ိုင်းဝန်းကူညီမည့် လူများ၊ အုပ်စုများနှင့် အဖွဲ့များ၏ ပဋိပက္ခတို့ကို ပြောပြပါ။ ၂၀၀၈ တွင် စစ်အုပ်စုက ၎င်းတို့ အခြေခံဥပဒေကို မည်သို့ အောင်မြင်စွာ မဲပေးပြီး အတည်ပြုနိုင်ခဲ့ပါသနည်း။ ၂၀၀၈ အတွင်း စစ်အုပ်စုက အတိုက်အခံများကို မည်သို့ ဖမ်းဆီးအရေးယူခဲ့သနည်း၊ ၎င်းတို့ကို ချမှတ်သော ထောင်ဒဏ်များထဲမှ အချို့ကို ပြောပြပါ။

 

(၇) အကျဉ်းထောင်မှ လွတ်မြောက်လာသော ဦးဝင်းတင်အကြောင်း ပြောပြပါ။
(၈) ၂၀၀၉ ခုနှစ် အင်န်အယ်ဒီ၏ ရပ်တည်ချက်များ လှုပ်ရှားမှုများကို ပြောပါ။ ယက်တောအရေးအခင်းကို ပြောပါ။ ဒေါ်စုကို စစ်အုပ်စု၏ မတရားအမှုဆင် ဖမ်းဆီး အကျဉ်းချခြင်း၊ တရားစီရင်ခြင်းကို ပြောပါ။

 

(၉) မည်သည့်အချိန်တွင် စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့ပါသနည်း။ ထိုရွေးကောက်ပွဲအတွက် စစ်အုပ်စု၏ ပြင်ဆင်မှုများနှင့် အင်န်အယ်ဒီ၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များနှင့် အခြားအင်အားစုများ၏ တုန့်ပြန်ချက်၊ အရေးယူဆောင်ရွက်မှုများ အကြောင်းကို ပြောပြပါ။ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် မည်သည့်အဖွဲ့တို့က လက်ခံခဲ့သနည်း။

 

(၁၀) ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး၊ ၂၀၀၈ အခြေခံဥပဒေပြန်လည် ပြင်ဆင်ရေး၊ အနောက်အုပ်စု၏ စစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုများ လျော့ချရေး (ရုတ်သိမ်းရေး)၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး စသည့် မီဒီယာများအကြား ရေပန်းစားသော ခေါင်းစဉ်များကို ချရေးပြပါ။ ၎င်းတို့အထဲမှ ၁ ခု ၂ ခု ခန့်ကို အနည်းငယ်စီ ရေးပြပါ။

 

(၁၁) ၂၀၀၉ အတွင်း ဒေါ်စု၏ ရပ်တည်ချက်သဘောထား ထုတ်ပြန်မှုများအကြောင်း မှတ်မိသလောက် ရေးပြပါ။

 

မေးခွန်းတွေကတော့ သည်မျှပဲ ဖြစ်ပါတယ်။ အဲသည်က အချက်အလက်တွေကို စုစည်းပြင်ဆင်ထားနိုင်ပြီဆိုရင် ၂၀၀၆ – ၂၀၀၉ မြန်မာ့အရေး ဉာဏ်စမ်းမေးခွန်းတွေကို ဖြေနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီမှာ ဉာဏ်စမ်းမေးခွန်း မထုတ်နိုင်သေးတာကတော့ ၂၀၁၀ အတွက် ဖြစ်ပါတယ်။ ဒီဆောင်းပါးက ၂၀၀၉ ဒီဇင်ဘာလဆန်းမှာ ဆုံးတဲ့အတွက် သူကိုယ်တိုင်လည်း မေးခွန်း ဘယ်လိုထုတ်ရမှန်း မသိသေးတာလဲ အကြောင်းတခု ဖြစ်ပါတယ်။

 

ဉာဏ်စမ်းမေးခွန်းအနေနဲ့ မေးရင်တော့ ၂၀၁၀ အတွက် မေးခွန်းက ဒီလို ဖြစ်မယ် ထင်ပါတယ်။

မြန်မာနိုင်ငံသားတဦးရဲ့ အသက် အိုးအိမ် စည်းစိမ်နဲ့ ဆန္ဒမဲ တခု ဆိုတာ စစ်အာဏာပိုင်တွေလက်အောက်မှာ တန်ဖိုးမည်မျှ တန်သည်ဟု သင်ထင်ပါသလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts